Airbnb ကတစ်ဆင့် ယူကရိန်းမြို့တွေမှာ တည်းခိုဖို့ စာရင်းပေးသွင်းပြီး ယူကရိန်းပြည်သူတွေကို ဒေါ်လာ ၁.၉ သန်းကျော် ထောက်ပံ့ပေးခဲ့

11-2-2022-yyl04.jpg

ရုရှားက ယူကရိန်းကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့အချိန် မတ်လ ၂ ရက်နေ့ကနေ ၃ ရက်နေ့ကြားမှာ ကမ္ဘာတစ်ဝန်းက လူတွေဟာ Airbnb ကတစ်ဆင့် ယူကရိန်းမြို့တွေမှာ တည်းခိုဖို့ စာရင်းပေးသွင်းမှု အကြိမ်ရေ ၆၁,၀၀၀ အထိ လုပ်ခဲ့ကြပါတယ်။ သူတို့က အမှန်တကယ် တည်းခိုချင်လို့ စာရင်းပေးသွင်းကြတာမဟုတ်ဘဲ ဝိုင်းခံထားရတဲ့ မြို့တွေမှာ ပိတ်မိနေသူတွေအတွက် အထောက်အပံ့ဖြစ်စေဖို့ ရည်ရွယ်ခဲ့ကြတာပါ။

အထောက်အပံ့ပစ္စည်းတွေ မရောက်နိုင်တဲ့ မြို့တွေကို ငွေကြေးအထောက်အပံ့ပေးဖို့အတွက် Airbnb က လူမှုကွန်ရက်မှာ လှုပ်ရှားခဲ့တာပါ။ အဲဒီလှုပ်ရှားမှုကြောင့် မတ်လ ၂ ရက်ကနေ ၃ ရက်ကြား ၄၈ နာရီအတွင်း ယူကရိန်းပြည်သူတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁.၉ သန်းအထိ ရရှိခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့မှာနေထိုင်သူ ဘွန်ဒါရန်ကိုကတော့ တစ်ရက်တည်းမှာပဲ သူ့အခန်းမှာ တည်းခိုဖို့ စာရင်းပေးသွင်းမှု ၁၀ ကြိမ် ရရှိခဲ့ပါတယ်။ ” အံ့အားသင့်စရာပဲ။ အခုလိုအချိန်မှာ အရမ်းအထောက်အပံ့ဖြစ်ပါတယ်။ အခုရရှိလာတဲ့ ငွေကြေးကို လိုအပ်နေသူတွေအတွက် အသုံးပြုဖို့ စီစဉ်သွားမှာပါ” လို့ ဘွန်ဒါရန်ကိုက ပြောပါတယ်။

ယူကရိန်းနိုင်ငံကို စွန့်ခွာထွက်ပြေးခဲ့ရသူ ၁ သိန်းအတွက် အိမ်နီးချင်းနိုင်ငံတွေမှာ ယာယီတည်းခိုစရာတွေ ကမ်းလှမ်းပေးသွားမယ်လို့ Airbnb က ပြောပါတယ်။ Airbnb ဟာ ယူကရိန်းပြည်သူတွေ အထောက်အပံ့ ရရှိစေဖို့အတွက် ယူကရိန်းနိုင်ငံမှာ သူတို့ရဲ့တည်းခိုစရိတ်နှုန်းထားတွေကိုလည်း လျှော့ချပေးခဲ့ပါတယ်။ အိမ်နီးချင်းနိုင်ငံက လူတွေအနေနဲ့လည်း သူတို့အိမ်တွေကို Airbnb ရဲ့ တည်းခိုစရာနေရာအဖြစ် သတ်မှတ်ပြီး ယူကရိန်းဒုက္ခသည်တွေကို လက်ခံပေးခြင်းအားဖြင့် အကူအညီပေးနိုင်ပါတယ်။ Airbnb ဟာ ဒုက္ခသည်ဧည့်သည်တွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက်လည်း အကျိုးမဖက်တဲ့ အဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ပြီးခဲ့တဲ့တနင်္လာနေ့ညက အိုင်ယာလန်နိုင်ငံမှာ ယူကရိန်းဒုက္ခသည်တွေကို တည်းခိုခွင့်ပေးဖို့ အွန်လိုင်းလှုပ်ရှားမှု လုပ်ခဲ့ပြီး အချိန်တိုအတွင်းမှာပဲ တည်းခိုခွင့်ပေးမယ်လို့ ကတိပြုသူ ၄၀၀၀ ကျော် ရှိခဲ့ပါတယ်။ အိုင်ယာလန်ကြက်ခြေနီအဖွဲ့ရဲ့ ဦးဆောင်လှုပ်ရှားမှုမှာ ၆ လကနေ ၁၂ လကြား တည်းခိုခွင့်ပေးမယ့်သူတွေလည်း အများအပြားရှိခဲ့ပါတယ်။

Ref: Goodnews ” People Are Booking So Many Airbnbs in Ukraine–They Raise $2M for Hosts in Need, and Never Even Check-in”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top