ခရီးသည်တွေကြား ရေပန်းစားတဲ့ ဘရာဇီးမြို့မှာ ရေကြီးရေလျှံပြီး မြေပြိုလို့ လူ ၁၀၀ နီးပါး သေဆုံး

17-2-2022-yyl11.jpg

ဘရာဇီးနိုင်ငံ ပက်ထရိုပိုလစ်မြို့မှာ ရေကြီးရေလျှံပြီး မြေပြိုခဲ့လို့ လူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ရီယိုဒီဂျနေးရိုးမြို့မြောက်ပိုင်း တောင်တန်းပေါ်မှာ တည်ရှိတဲ့ ပက်ထရိုပိုလစ်မြို့ဟာ မိုးသည်းထန်စွာ ရွာသွန်းမှု ကြုံခဲ့တာပါ။ လမ်းတွေပေါ်ကို ရေဖုံးလွှမ်းခဲ့ပြီး ရေစီးနဲ့အတူ ကားတွေ မျောပါခဲ့သလို တောင်စောင်းပေါ်မှာ ဆောက်ထားတဲ့နေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ရွှံ့နွံတွေထဲမှာ အသက်ရှင်ကျန်ရစ်သူတွေကို လိုက်လံရှာဖွေလျက်ရှိပါတယ်။

လက်ရှိအချိန်အထိ လူ ၉၄ ယောက် သေဆုံးခဲ့တယ်လို့ အတည်ပြုထားပြီး လူ ၂၄ ယောက်ကို အသက်ရှင်လျက် ကယ်တင်နိုင်ခဲ့တယ်လို့ ဘရာဇီးနိုင်ငံ အမျိုးသားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။ လူ ၃၅ ယောက် ပျောက်ဆုံးနေလို့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေးလုပ်ငန်းတွေ မရပ်မနား ဆောင်ရွက်နေတယ်လို့ ရီယိုဒီဂျနေးရိုးမြို့တော်ဝန် ကလော်ဒီယိုကက်စထရိုက ပြောပါတယ်။

ရီယိုဒီဂျနေးရိုးတောင်တန်းတွေပေါ်မှာရှိတဲ့ ပက်ထရိုပိုလစ်မြို့ဟာ ခရီးသည်တွေကြား ရေပန်းစားတဲ့ဒေသဖြစ်ပြီး ၁၉ ရာစုတုန်းက ဘရာဇီးတော်ဝင်မိသားစုတွေရဲ့ နွေအပူရှောင်စခန်းလည်း ဖြစ်ခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ၃ နာရီအတွင်း တစ်လစာမိုးရေချိန် ရွာသွန်းခဲ့ပြီးနောက်မှာတော့ အိမ်တွေ၊ ဆိုင်တွေ ပျက်စီးခဲ့ပြီး သာယာအေးချမ်းတဲ့ ပက်ထရိုပိုလစ်တစ်မြို့လုံး အပျက်အစီးတွေ ဖုံးလွှမ်းသွားခဲ့တာပါ။ ထိခိုက်ပျက်စီးမှု အဆိုးရွားဆုံး ဖြစ်ပွားခဲ့တဲ့ ရပ်ကွက်တစ်ခုမှာ မြေပြိုမှုကြောင့် အိမ်အလုံး ၈၀ ပြိုကျပျက်စီးခဲ့ပါတယ်။

ပက်ထရိုပိုလစ်မြို့တော်ဝန်က အရေးပေါ်အခြေအနေ ကြေညာထားပြီး ဘရာဇီးသမ္မတ ဘော်ဆိုနာရိုကလည်း ဘေးသင့်သူတွေကို ချက်ချင်းကူညီနိုင်အောင် စီစဉ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ဘရာဇီးနိုင်ငံဟာ ပြီးခဲ့တဲ့ ၃ လလုံးလုံး မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ကြုံတွေ့ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုကြောင့် ပိုဆိုးရွားခဲ့တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။ ပက်ထရိုပိုလစ်နဲ့ ပတ်ဝန်းကျင်ဒေသဟာ ၂၀၁၁ ခုနှစ် ဇန်နဝါရီလတုန်းကလည်း အင်အားပြင်းမုန်တိုင်း တိုက်ခတ်မှုတွေ ကြုံတွေ့ခဲ့ပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေကြောင့် လူ ၉၀၀ ကျော် သေဆုံးခဲ့ပါတယ်။

Ref: BBC “Petrópolis: Deadly landslides wreak havoc in Brazilian city”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top