ယူကရိန်းနယ်စပ်က စစ်သည်တွေကို ရွှေ့ပြောင်းနေပြီဆိုတဲ့ ရုရှားရဲ့ပြောကြားချက် မမှန်ကန်ဟု ဆို

17-2-2022-yyl10.jpg

ယူကရိန်းနယ်စပ်မှာရှိတဲ့ စစ်သည်တွေကို ရွှေ့ပြောင်းခိုင်းနေပြီဆိုတဲ့ ရုရှားရဲ့ ပြောကြားချက် မမှန်ကန်ဘူးလို့ အမေရိကန်ထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးသွားတဲ့နောက် ယူကရိန်းနယ်စပ်မှာရှိတဲ့ စစ်သည်တွေကို ရွှေ့ပြောင်းနေပြီလို့ ရုရှားက ဆိုခဲ့တာပါ။ စစ်သည်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အမြဲတမ်းအခြေစိုက်စခန်းဆီ ပြန်လည်ရွှေ့ပြောင်းနေပြီဆိုတဲ့ ဓာတ်ပုံတွေကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့ ရုရှားနိုင်ငံရဲ့ ပြောကြားချက်ကို သက်သေပြနိုင်တဲ့ အထောက်အထားမရှိဘူးလို့ အနောက်အုပ်စု အရာရှိတွေက ဆိုပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ယူကရိန်းနယ်စပ်ကို ရုရှားစစ်သည် ၇၀၀၀ လောက် ထပ်မံရောက်ရှိလာခဲ့တယ်လို့ အိမ်ဖြူတော်ရဲ့ ထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။

” စစ်သည်တွေ ရွှေ့ပြောင်းနေပြီဆိုတဲ့ ပြောကြားချက်အတွက် ကမ္ဘာတစ်ဝန်းက သူတို့အပေါ် တော်တော်အာရုံစိုက်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒီပြောကြားချက် မမှန်ကန်ဘူးဆိုတာ အခု ကျွန်တော်တို့ သိရပါပြီ” လို့ အိမ်ဖြူတော်ရဲ့ ထိပ်တန်းအရာရှိက ဆိုပါတယ်။ ရုရှားစစ်သည်တွေ ရွှေ့ပြောင်းနေပြီဆိုတဲ့ သတင်းကြားရပေမဲ့ စစ်သည်ရွှေ့ပြောင်းတဲ့အရိပ်အယောင်တောင် မတွေ့ရသေးဘူးလို့ ယူကရိန်းသမ္မတ ဇီလင်စကီးက ပြောပြီးနောက်မှာ အိမ်ဖြူတော်ရဲ့ ထိပ်တန်းအရာရှိက အခုလို ပြောခဲ့တာပါ။

နေတိုးအဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် စတိုတင်ဘာ့ဂ်ကလည်း ရုရှားတပ်ဖွဲ့တွေ တင်းမာမှုဖြေလျှော့တဲ့ လက္ခဏာမတွေ့ရဘူး၊ ရုရှားရဲ့ ခြိမ်းခြောက်မှုက ပုံမှန်အခြေအနေသစ် ဖြစ်လာပြီလို့ ဆိုခဲ့ပါတယ်။ ဥရောပတိုက် အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ တိုက်ပွဲဝင်တပ်စုသစ်တွေ ဖွဲ့စည်းထားဖို့ စဉ်းစားနေပြီလို့ နေတိုးအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးမှာ စတိုတင်ဘတ်က ပြောပါတယ်။ ရိုမေးနီးယားနိုင်ငံမှာ ဖွဲ့စည်းမယ့် တိုက်ပွဲဝင်တပ်စုသစ်ကို ဦးဆောင်မယ်လို့ ပြင်သစ်နိုင်ငံက ကမ်းလှမ်းထားကြောင်း စတိုတင်ဘတ်က ဆိုပါတယ်။

ဒါပေမဲ့ စတိုတင်ဘတ်ရဲ့ ထုတ်ပြန်ချက်တွေကို စိတ်မဝင်စားဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တုံ့ပြန်ထားပါတယ်။

Ref: BBC “Ukraine crisis: Russian claim of troop withdrawal false, says US”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top