တမူထူးခြားတဲ့ မြောက်ကိုရီးယားမြို့သစ်ကို ကင်ဂျုံအန် ဖွင့်လှစ်

yyl-009-3.jpg

မျက်မှောက်ခေတ် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းရဲ့ စံပြမြို့လို့ ဖော်ပြခံရတဲ့ မြို့သစ်တစ်မြို့ကို မြောက်ကိုရီးယားနိုင်ငံက တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ အရေးအပါဆုံး ဆောက်လုပ်ရေးစီမံကိန်းလို့ ချီးကျူးခံရတဲ့ ဆမ်ဂျီယွန်မြို့ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့တာပါ။ ဆမ်ဂျီယွန်မြို့မှာ မိသားစု ၄,၀၀၀ နေထိုင်နိုင်ပြီး တိုက်ခန်းသစ်တွေ၊ နှင်းလျှောစီး တောင်ကုန်းတွေအပြင် ဘောလုံးကွင်းတစ်ကွင်းနဲ့ တခြားအဆောက်အအုံတွေလည်း ပါရှိတယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြပါတယ်။

ဒါပေမဲ့ ဆမ်ဂျီယွန်မြို့ကို တည်ဆောက်ရာမှာ အလုပ်သမားတွေကို အတင်းအကျပ် ခိုင်းစေမှုတွေ ရှိခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ မြို့ငယ်တစ်မြို့ဖြစ်တဲ့ ဆမ်ဂျီယွန်မြို့ဟာ အရပ် ၄ မျက်နှာမှာ ၂ ကီလိုမီတာကနေ ၃ ကီလိုမီတာကြားပဲ ရှည်လျားလို့ မြို့တစ်ပတ် လမ်းလျှောက်သွားနိုင်တဲ့ အရွယ်အစားလောက်ပဲ ရှိပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ဆမ်ဂျီယွန်မြို့ကို သွားရောက်ခဲ့ပြီး မြို့သစ်ပြန်လည်တည်ဆောက်ရေး စီမံကိန်း စတင်ပြီလို့ ကြေညာခဲ့တာပါ။

မြောက်ကိုရီးယားပြည်သူတွေဟာ စားနပ်ရိက္ခာ၊ လောင်စာဆီ၊ လျှပ်စစ်ဓာတ်အား၊ ရေပေးဝေမှုစနစ်နဲ့ တခြားလိုအပ်ချက်တွေ ရှိနေတယ်လို့ National Committee on North Korea NGO က ပြောပါတယ်။ အဲဒီလို အနေအထားမှာ ခမ်းနားထည်ဝါတဲ့ ဆမ်ဂျီယွန်မြို့က တမူထူးခြားနေတယ်လို့ မှတ်ချက်ပေးခံထားရပါတယ်။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top