ဆော်ဒီနိုင်ငံမှာ အမျိုးသမီး ရထားစက်ခေါင်းမောင်းရာထူးအတွက် လူ ၃၀ ခေါ်ရာမှာ လျှောက်ထားသူ ၂၈၀၀၀ အထိ ရှိ

17-2-2022-yyl15.jpg

ဆော်ဒီနိုင်ငံရဲ့ ရထားကုမ္ပဏီတစ်ခုက အမျိုးသမီး စက်ခေါင်းမောင်း အယောက် ၃၀ ခေါ်ရာမှာ လျှောက်လွှာတင်သူ ၂၈၀၀၀ အထိ ရှိခဲ့ပါတယ်။ ရှေးရိုးစွဲဆန်တဲ့ ဆော်ဒီနိုင်ငံမှာ အမျိုးသမီးတွေအတွက် စက်ခေါင်းမောင်းရာထူးလို အလုပ်မျိုး ခေါ်ယူတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အလုပ်ခန့်အပ်ခံရသူဟာ စက်ခေါင်းမောင်းရာထူးအတွက် တစ်နှစ်ကြာ လေ့ကျင့်သင်ကြားရမှာဖြစ်ပြီး မက္ကာ၊ မက်ဒီနာတို့လို ဘာသာရေးအထွတ်အမြတ်မြို့တွေကြား ပြေးဆွဲမယ့် မြန်နှုန်းမြင့်ရထားတွေကို မောင်းနှင်ခွင့်ရရှိမှာပါ။

ဆော်ဒီဟာ ပြီးခဲ့တဲ့ ဆယ်စုနှစ်များစွာအတွင်း ကမ္ဘာပေါ်မှာ အမျိုးသမီး အလုပ်သမားအင်အားစု အနည်းဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ရေနံကို မှီခိုနေရတဲ့ စီးပွားရေးကနေ ဖြာထွက်ချင်တဲ့ အိမ်ရှေ့မင်းသား ဘင်ဆယ်မန်ရဲ့ စီမံကိန်းတစ်စိတ်တစ်ပိုင်းအဖြစ် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာတော့ ဆော်ဒီအစိုးရက အမျိုးသမီးအလုပ်သမားအင်အား တိုးတက်အောင် ကြိုးစားခဲ့ပါတယ်။

အမျိုးသမီးတွေကို ကားမောင်းခွင့် ပိတ်ပင်ထားမှု အဆုံးသတ်လိုက်တာ၊ လွတ်လွတ်လပ်လပ် ခရီးသွားလာနိုင်ဖို့ အမျိုးသားအုပ်ထိန်းသူဥပဒေကို ဖြေလျှော့ပေးတာ အစရှိတဲ့ လူမှုပြုပြင်ပြောင်းလဲမှုတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲမှုတွေကြောင့် ပြီးခဲ့တဲ့ ၅ နှစ်အတွင်း ဆော်ဒီနိုင်ငံရဲ့ အမျိုးသမီး အလုပ်သမားအင်အားစုက ၂ ဆတိုးပြီး ၃၃ ရာခိုင်နှုန်းအထိ ရှိလာခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ပထမနှစ်ဝက်အတွင်း လုပ်ငန်းခွင်ဝင်တဲ့ အမျိုးသမီးအရေအတွက်က အမျိုးသားတွေထက် ပိုများခဲ့ပါတယ်။

ဒါပေမဲ့ အများပြည်သူဆိုင်ရာ ကဏ္ဍတွေမှာတော့ အလုပ်အကိုင်အများစုကို အမျိုးသားတွေကပဲ ရယူထားဆဲပါပဲ။ ဆော်ဒီနိုင်ငံမှာ လူမှုပြောင်းလဲမှု အများအပြား လုပ်ခဲ့ပေမဲ့ ဆော်ဒီအမျိုးသမီးတွေဟာ အိမ်ထောင်ပြုဖို့၊ ထောင်က လွတ်မြောက်ဖို့၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူဖို့ အစရှိတဲ့ကိစ္စတွေအတွက် အမျိုးသား အုပ်ထိန်းသူရဲ့ ထောက်ခံချက် လိုအပ်နေဆဲပါပဲ။ ဆော်ဒီအမျိုးသမီးတွေဟာ အိမ်ထောင်ရေး၊ မိသားစုအရေး၊ ကွာရှင်းပြတ်စဲမှု၊ သားသမီးတွေနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ ခွဲခြားဆက်ဆံခံရမှုတွေ ကြုံနေရဆဲပဲလို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

Ref: BBC ” Saudi Arabia: 28,000 women apply for 30 train driver jobs”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top