အင်တာနက်ရဲ့ အဆိုးအနှစ်များဖြင့် မြန်မာ ကလေးငယ်

family-doing-shopping-online-FP6KGZ9.jpg

အမေရိကန်ပြည်ထောင်စုကို လည်ပတ်စဉ်က နယူးယောက်မြို့သို့ ရောက်ရှိခဲ့ပြီး အနယူးယောက်မှာ အခြေဆိုက်တဲ့ အမေရိကန်အစိုးရ လက်အောက်ရှိ အဖွဲ့အစည်းတစ်ခုနဲ့ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ သူတို့ဟာ ဘာလုပ်တာလဲဆိုရင် အမေရိကန်ပြည်ထောင်စုတစ်လွှားက အသက် ၁၈ နှစ်လောက် ကလေးများ၊ လူငယ်များကို အင်တာနက် နည်းပညာများကို အကျိုးရှိရှိ အသုံးပြုတတ်လာအောင် ပညာများကို ထပ်လောင်းပို့ချ သင်ကြားပေးတဲ့ စီမံကိန်း အဖွဲ့တစ်ခု ဖြစ်ပါတယ်။

သူတို့နဲ့တွေ့တော့ မေးခွန်းတစ်ခု မေးခဲ့မိပါတယ်။ အင်တာနက်တွေ၊ ဖုန်းတွေကို ကလေးတွေက ဒီလောက်သုံးနေတော့ ညစ်ညမ်းဗီဒီယိုတွေ၊ ဓာတ်ပုံတွေ မြင်လွယ်ပါတယ်။ သူတို့ကို ဒါတွေကို မမြင်အောင် ပိတ်ပေးတဲ့ မိဘများထိန်းချုပ်ခြင်း နည်းပညာတွေဘာတွေများ အမေရိကန်မှာ မထွန်းကားချေဘူးလားလို့ မေးခဲ့မိပါတယ်။ ဒီတော့ စီမံကိန်းခေါင်းဆောင် ပါမောက္ခမှ ပြန်ဖြေပါတယ်။

သူတို့အနေနဲ့တဲ့ ကလေးစာသင်ကျောင်းတွေကို သွားလည်တဲ့အခါမှာ အင်တာနက်ကို သုံးမယ်ဆိုရင် ဝက်ဘ်ဆိုက် တော်တော်များများကို ဝင်မရအောင် ပိတ်ထားပေးတာတွေ တွေ့ရပါတယ်တဲ့။ Firewall အဆင့်ဆင့်ခံပြီးတော့ကို ပိတ်တာပါတဲ့။ ဒါပေမယ့်ဗျာ ခဏလာလည်တဲ့ ဆရာများ အင်တာနက်ကို ကျော်ခွသုံးချင်တယ်ဆိုရင် ကျောင်းက ဆရာတွေကို သွားမေးတာ မသိပါဘူး။ နောက်တော့ ကလေးတွေကို မေးတဲ့အခါ ဖုန်းတွေ ကွန်ပြူတာတွေကို ကျော်ခွအောင် လုပ်ပေးလိုက်တာ ၂ မိနစ်တောင် မကြာပါဘူး။ အကုန်ပွင့်သွားပါတယ်။ ဒီတော့ ကလေးတွေကို ဒါမလုပ်ရ၊ ဒါမကြည့်ရလို့ ပိတ်ဆို့နေခြင်းဟာ ဘယ်နိုင်ငံမှာမှ ဘယ်ကလေးတွေဆီကိုမှ တားလို့လွယ်မှာ ရမှာမဟုတ်ပါဘူး။

အကောင်းဆုံးနည်းလမ်းကတော့ ကလေးတွေကို ဒါမလုပ်ရလို့ ပိတ်နေခြင်းထက် ဒါကို ဘယ်လိုအကျိုးရှိရှိ အသုံးပြု ဆောင်ရွက်ရမယ်ဆိုတာကို သင်ကြားပေးလိုက်ခြင်း ဖြစ်ပါတယ်လို့ ပါမောက္ခက စာရေးသူကို ရှင်းပြခဲ့ ပါတယ်။ ယနေ့လည်း မြန်မာပြည်မှာ အင်တာနက် လူတိုင်းသုံးလာချိန် မိုဘိုင်းဖုန်း လူတိုင်း သုံးလာချိန် ကလေးတွေဟာလည်း လူကြီးတွေနဲ့ တန်းတူ သုံးလာပါတယ်။ သူတို့အနေနဲ့ မိုဘိုင်းဒေတာကို ဖွင့်လိုက်တာနဲ့ ဘယ်အရာကိုမဆို ကြည့်ချင်သလို ရှာချင်သလို ဝင်လို့ရနေကြ ပါတယ်။ ၄ တန်းလောက်အထိက နည်းနည်း စိတ်ချရပေမယ့် ၅ တန်းနောက်ပိုင်း ကလေးတွေဟာ စိတ်အပြောင်းလဲတွေ ဖြစ်လာပါတယ်။ ဟော်မုန်းအပြောင်းလဲတွေ ဖြစ်လာပြီး ပတ်ဝန်းကျင်က မြင်ရကြားရတာတွေကို ပိုလို့ စူးစမ်းချင်လာပါတယ်။ စမ်းလည်းစမ်းသပ်ချင်လာပါတယ်။ ဒါကြောင့်ပဲ အင်တာနက်ကလည်း လွယ်လွယ်ကူ သုံးလို့ရနေတာကြောင့် အင်တာနက်ကနေ ကလေးများ ကြည့်ရန်မ သင့်လျော်သည်များကို ရှာလာပါတယ်။ ကြည့်လာပါတယ်။

ကြည့်ပြီးတော့ လက်တွေ့ အပြင်မှာလည်း အသုံးချတဲ့အထိ မြန်မာပြည်မှာ ကလေးငယ်များရဲ့ စာရိတ္တအပိုင်းကို ထိခိုက်တဲ့ဖြစ်ရပ်များ အတော်လေး မြင်နေရပါပြီ။ ဒီတော့ မိဘများအနေနဲ့ ထိန်းချုပ်ခြင်း လုပ်လို့ရတဲ့ အဆင့်အထိ သေချာထိန်းချုပ်ပြီး ထိန်းချုပ်လို့မရတော့တဲ့ အပိုင်းကျရင် ကလေးတွေဟာ ဒါကို အကျိုးရှိရှိ အသုံးချတတ်ဖို့ လမ်းညွန် သင်ပြပေးထားရမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာလည်း ဒါကို ကောင်းကောင်း သင်ကြားပြသပေးမယ့် စီမံကိန်းများ၊ ပညာရေး ပုံစံအသစ်များ တိုးတက်ပေါ်ပေါက်လာဖို့လည်း မျော်လင့်ပါတယ်။

မြန်မာပြည်က ကလေးငယ်များ အင်တာနက်ရဲ့ အကောင်းကို မခံစားရပဲ အဆိုးနှစ်ကို ခံစားရမှာစိုးသဖြင့် မေတ္တာဖြင့် ဆန္ဒပြု ရေးသားလိုက်ရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top