ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့က V-Mall စျေးဝယ်စင်တာမှာ ၁၀ နာရီကြာ ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံတွေ ပြန်လွတ်မြောက်လာပြီး သေနတ်သမားကလည်း လက်နက်ချ အည့ံခံလိုက်ပါပြီ။ သေနတ်သမားဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီး အာချီပါရေးလို့ အမည်ရပါတယ်။ သူဟာ Safeguard Armor Security Corporation(SASCOR) ရဲ့ လုံခြုံရေးဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ SASCOR က သူ့ကို စာချုပ်ဖျက်သိမ်းဖို့ ဆွေးနွေးခဲ့ချိန်ကတည်းက ဓားစာခံတွေ ဖမ်းဆီးပြီး လက်တုံ့ပြန်ဖို့ စီစဉ်ခဲ့တာလို့ အာချီပါရေးက ပြောပါတယ်။ သူ့ကို စာချုပ်ဖျက်သိမ်းပြီး အလုပ်က ထုတ်ပယ်ခဲ့တဲ့ဖြစ်ရပ်မှာ အကျင့်ပျက်ခြစားမှုတွေရှိခဲ့တယ်လို့ အာချီပါရေးက စွပ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ သူ့ကို အလုပ်ထုတ်ခဲ့တာမဟုတ်ဘဲ တခြားရာထူးတစ်ခုကို ပြောင်းလဲနေရာချခဲ့တာလို့ SASCOR ဘက်က ပြန်တုံ့ပြန်ခဲ့ပါတယ်။
အာချီပါရေးဟာ ဒီနေ့(မတ်လ ၂ ရက်)နံနက် ၁၀ နာရီဝန်းကျင်က ဆန်ဟွမ်မြို့ Greenhills Shopping Complex ထဲမှာရှိတဲ့ V-Mall ကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ လုံခြုံရေးအစောင့်အကြပ်တစ်ယောက် ဒဏ်ရာရခဲ့ပြီး V-Mall ဝန်ထမ်း ၃၀ နီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ ဓားစာခံတွေ ပြန်လွတ်လာစေဖို့အတွက် အာချီပါရေးရဲ့ အထက်အရာရှိ ၆ ယောက်ဟာ သူ့ကို ပြန်တောင်းပန်ခဲ့ရပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။ SASCOR ရဲ့ အထွေထွေမန်နေဂျာ အော်စကာဟာနန်ဒက်ဇ်၊ ကုမ္ပဏီရဲ့ လက်ထောက်ဒါရိုက်တာ ဂရာဗာဒါ၊ SASCOR ရဲ့ လုပ်ငန်းလည်ပတ်ရေးဒါရိုက်တာ လူးဝစ်ဂျူနီယာ၊ Greenhills ရဲ့ လုံခြုံရေးညှိနှိုင်းဆောင်ရွက်ရေးမှူး ကာပါဒိုစီယာတို့လည်း အာချီပါရေးကို တောင်းပန်ခဲ့ပြီး ရာထူးကနေ နုတ်ထွက်သွားခဲ့ကြပါတယ်။ ဒေသစံတော်ချိန် ည ၈ နာရီအချိန်မှာတော့ အာချီပါရေးက ဓားစာခံတွေနဲ့အတူ လက်နက်မပါဘဲ V-Mall ထဲကနေ ပြန်ထွက်လာခဲ့တာပါ။ အာချီပါရေးက သေနတ်နဲ့ ဗုံးကို V-Mall ထဲမှာ ချန်ထားပြီး လက်နက်ချ အည့ံခံမယ်ဆိုရင် သူ့ကို ကာကွယ်ပေးမယ်လို့ အာချီပါရေး လက်နက်မချခင်မှာ ဆန်ဟွမ်မြို့တော်ဝန် ဇာမိုရာက ကတိပေးခဲ့ပါတယ်။
Nz (ရိုးရာလေး)