ONE: King of the Jungle ပြိုင်ပွဲမှ ပရိသတ်များ သတိမပြု မိခဲ့သည့် ထူးခြားချက် ၄ ခု

yyl-003.jpg

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၈ ရက်က စင်ကာပူ နိုင်ငံမှာ ONE Championship ရဲ့ ONE: King of the jungle ပြိုင်ပွဲကြီးကို ကျင်းပပြုလုပ် ခဲ့ပြီး ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ ဒီပြိုင်ပွဲကြီးမှာ ပရိသတ်တွေ သတိမထား မိနိုင်ခဲ့တဲ့ ထူးခြားချက် တစ်ချို့ အကြောင်းကို ပြန်လည်တင်ပြ လိုက်ရပါတယ်။

(၁) အားကစားနည်း နှစ်ခု ကမ္ဘာ့ချန်ပီယံ အပြောင်းအလဲ

ယခင်က ONE အက်တမ်ဝိတ်တန်း မွေထိုင်းနဲ့ Kickboxing ချန်ပီယံ Stamp Fairtex ဟာ ONE Championship မှာ တစ်ဦး တည်းသော အားကစားနည်း နှစ်ခု ကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။ ဒါပေမယ့် Stamp ဟာ အခုပြိုင်ပွဲမှာ Janet “JT” Todd ကို ရှုံးနိမ့်ပြီး သူ့ရဲ့ Kickboxing ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လွှဲပြောင်းပေးခဲ့ရတဲ့ အတွက် အဲဒီဂုဏ်ပုဒ်ကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီအချိန်မှာ လက်ရှိ ONE စတောဝိတ်တန်း Kickboxing ကမ္ဘာ့ ချန်ပီယံ Sam-A Gaiyanghadao ဟာ Rocky Ogden ကို အနိုင်ရခဲ့တာကြောင့် စတောဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် အားကစားနည်း နှစ်ခု ကမ္ဘာ့ချန်ပီယံသစ် ဖြစ်လာခဲ့ပါတယ်။

(၂) ကိုယ်အလေးချိန် စစ်ဆေးမှု နှစ်ကြိမ်ပြန်လုပ် ခဲ့ရသူများ

ONE Championship ဟာ အခုပြိုင်ပွဲမှာ သူတို့ ကစားသမားတွေရဲ့ ကိုယ်အလေးချိန် တိုင်းတာမှုနဲ့ ရေဓာတ် စစ်ဆေးမှု ရလဒ် တွေကို ထုတ်ပြန်ကြေညာ ခဲ့ရာ နှစ်ကြိမ် ပြန်လည် စစ်ဆေးခဲ့ရတဲ့ ကစားသမား ၃ ဦးအထိ ရှိခဲ့ပါတယ်။ ONE ရဲ့ ကိုယ်အလေးချိန် စစ်ဆေးမှု ပုံစံဟာ အခြား ကိုယ်ခံပညာ သိုင်းပေါင်းစုံ ပြိုင်ပွဲတွေနဲ့ အနည်းငယ် ကွဲပြားပြီး ကစားသမားတွေ ပွဲနီးမှ ကိုယ်အလေးချိန် အမြန် လျှော့ချတာ မရှိစေဖို့အတွက် ရေဓာတ် စစ်ဆေးမှု ကိုပါ ပြုလုပ်တာ ဖြစ်ပါတယ်။ အဲဒီ စစ်ဆေးမှု အရ ဆီးနမူနာ ပါမလာတဲ့ Sherif “The Shark” Mohamed, ကိုယ်အလေးချိန် အနည်းငယ် ကျော်နေတဲ့ Honorio “The Rock” Banario နဲ့ ရေဓာတ် စစ်ဆေးမှု မအောင်မြင်တဲ့ “Miss Red” Wu Chiao Chen တို့ကို ပြန်လည် ညှိနှိုင်းမှုတွေ ပြုလုပ်စေပြီး ဒုတိယ အကြိမ် စစ်ဆေး ခဲ့ရပါတယ်။

(၃) ရှုံးပွဲမရှိ စံချိန်သစ် ထပ်တိုးနိုင်ခဲ့သူ ၄ ဦး ရှိခြင်း

အခု ပြိုင်ပွဲမှာ ထူးခြားစွာပဲ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝတစ်လျှောက် ရှုံးပွဲလုံးဝ မရှိဖူးသေးတဲ့ ကစားသမား စုစုပေါင်း ၄ ဦး အထိ ပါဝင် ယှဉ်ပြိုင် ခဲ့ကြပြီး အဲဒီ ၄ ဦးစလုံး နိုင်ပွဲရရှိကာ ရှုံးပွဲမရှိ စံချိန်သစ်တွေ ထပ်တင် နိုင်ခဲ့တာကို တွေ့ရပါတယ်။ အဲဒီ ကစားသမား တွေကတော့ ၇ ပွဲဆက်တိုက် နိုင်ပွဲရရှိသွားသူတွေ ဖြစ်တဲ့ ဖိလစ်ပိုင်သူ Denice “The Menace Fairtex” Zamboanga၊ အမေရိကန်သား Troy “Pretty Boy” Worthen နဲ့ ရုရှား ကစားသမား Murad Ramazanov တို့အပြင် နှစ်ပွဲဆက်တိုက် အနိုင်ရသွားတဲ့ အိန္ဒိယသူ Ritu “The Indian Tigress” Phogat တို့ ဖြစ်ကြပါတယ်။

(၄) ချန်ပီယံ စိန်ခေါ်ခွင့်ရသူ နှစ်ဦး ထွက်ပေါ်လာခြင်း

King of the Jungle ပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံ တွေကို စိန်ခေါ်နိုင်တဲ့ အရည်အချင်း ရှိသူတွေကို ထိပ်တိုက် တွေ့ပေးပြီး ချန်ပီယံ စိန်ခေါ်သူ ပေါ်ထွက်လာအောင် စီစဉ်ထားတဲ့ တွဲဆိုင်း ၂ တွဲ ရှိပါတယ်။ အဲဒါကတော့ စင်ကာပူ နိုင်ငံသူ Tiffany “No Chill” Teo နဲ့ ဂျပန် နပမ်းဘုရင်မ Ayaka Miura တို့ရဲ့ စတောဝိတ်တန်း တွဲဆိုင်းနဲ့ ဂျပန်သူ Mei “V.V” Yamaguchi နဲ့ ဖိလစ်ပိုင်သူ Denice Zamboanga တို့ရဲ့ အက်တမ် ဝိတ်တန်း တွဲဆိုင်းတွေ ဖြစ်ပါတယ်။ ဒီတွဲဆိုင်းတွေမှာ အနိုင်ရခဲ့တဲ့ Teo နဲ့ Zamboanga တို့ဟာ လာမယ့် ပြိုင်ပွဲတွေမှာ ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ “The Panda” Xiong Jing Nan၊ ONE အက်တမ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ Angela “Unstoppable” Lee တို့နဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top