ဒေ့ဗ်နဲ့ ထိုးချင်တယ်လို့ရေးသားခဲ့ကြတဲ့ တူးတူးနဲ့ ထွန်းထွန်းမင်း

My-Post.jpg

WLC ခရူဇာဝိတ်တန်း ကမ္ဘာ့လက်ဝှေ့ချန်ပီယံခါးပတ် ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ဒေ့ဗ်ကို မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ တရားဝင်စိန်ခေါ်နိုင်ပြီလို့ မြန်မာလက်ခမောင်းကုမ္ပဏီဥက္ကဋ္ဌ ဦးဇေသီဟက သူ့ရဲ့လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ခရူဇာဝိတ်တန်း (၇၉-၈၄ ကီလို) ဒါမှမဟုတ် စူပါမစ်ဒယ်ဝိတ်တန်း (၇၅-၇၉ ကီလို) အစရှိတဲ့ နှစ်သက်ရာဝိတ်တန်းကို ရွေးချယ်ခွင့်ရှိပြီး အနိုင်ရသူကို သက်ဆိုင်ရာဝိတ်တန်းရဲ့ ချန်ပီယံခါးပတ်ပေးသွားမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဒေ့ဗ်နဲ့ ထိုးချင်ရင် ၁၇-၈-၂၀၁၉ ရက်မှာ နောက်ဆုံးထားပြီး တရားဝင်စိန်ခေါ်ရမှာဖြစ်သလို ပွဲဖြစ်ခဲ့ရင် တခြားဘယ်စနစ်မှမသုံးဘဲ အမှတ်ပေးပွဲအဖြစ်ကျင်းပမယ်လို့ ဦးဇေသီဟက ရေးသားထားပါတယ်။ ၁၇-၈-၂၀၁၉ ရက်နောက်ဆုံးထားပြီး တရားဝင်ဆက်သွယ်ခိုင်းရတဲ့အကြောင်းရင်းကတော့ ဒေ့ဗ်ကိုချိတ်ထားတဲ့ ပြည်ပကစားသမားတွေနဲ့ အတည်မဖြစ်ခင်ဆုံးဖြတ်ချင်တာကြောင့်လို့ ဦးဇေသီဟက ရေးသားထားပါတယ်။ အဲဒီနောက် မိနစ်ပိုင်းအကြာမှာပဲ တူးတူးနဲ့ ထွန်းထွန်းမင်းတို့က ဒေ့ဗ်နဲ့ ထိုးချင်တယ်၊ ဒေ့ဗ်ကို စိန်ခေါ်တယ်လို့ သူတို့ရဲ့ လူမှုကွန်ရက်တွေမှာ ရေးသားခဲ့ပါတယ်။

တူးတူးကတော့ ”ကိုဇေ(ဦးဇေသီဟ) ကျွန်တော်ထိုးချင်ပါတယ်။ ၈-၈-၂၀၁၉ ရက်နေ့ ပြိုင်ပွဲပြီးရင် WLC က တာဝန်ရှိသူတွေနဲ့ လာရောက်တွေ့ဆုံပါမယ်။ ဒေဝကို ထိုးချင်ပါတယ်လို့ စိန်ခေါ်မဲ့သူက ထွန်းထွန်းမင်းနဲ့ ကျွန်တော် (၂) ယောက်ပဲရှိတယ်။ စိန်ခေါ်ခွင့်ကလည်း ၁၇-၈-၂၀၁၉ နောက်ဆုံး။ ဒီနှစ်ယောက်လုံးကလည်း ၁၈-၈-၂၀၁၉ ရက်မှာ ပြိုင်ပွဲတွေရှိနေတယ်။ လာမယ့်ပြိုင်ပွဲမှာ သေချာအာရုံစိုက်အနိုင်ထိုးပါ။ ပြိုင်ပွဲပြီးရင် စိန်ခေါ်ပါလို့ ပြောရင် သိပ်ကောင်းမှာပေါ့။ မြန်မာကစားသမားတွေဘက်ကို ငဲ့ညှာစေချင်တာပါ။ မြန်မာကစားသမားတွေက ပြိုင်ပွဲစီစဉ်သူတွေရဲ့ကြားထဲက ဘူးခါးတွေဖြစ်နေပြီ”လို့ ရေးသားခဲ့ပါတယ်။

ထွန်းထွန်းမင်းကတော့ ”ကျွန်တော် ဒေဝနဲ့သုံးကြိမ်တိုင်တိုင် ထိုးခဲ့ဖူးပါတယ်။ နှစ်ပွဲက သရေဖြစ်ပြီး တစ်ပွဲမှာတော့ ကျွန်တော့်ဒူးအရွတ်ပြတ်ပြီး ရှုံးခဲ့ဖူးပါတယ်။ ကျွန်တော့်ခြေထောက်က အရင်လောက်ပြန်မရတော့ပေမဲ့ အရင်လောက်နီးနီးပြန်ရအောင်တော့ ကျွန်တော် ကြိုးစားလေ့ကျင့်ယူထားပါတယ်။ ပရိသတ်တွေအတွက် ဒီပွဲရဲ့အဖြေကို ပြတ်ပြတ်သားသားဖြစ်စေချင်တာရယ်၊ ကျွန်တော့်ရဲ့ အိပ်မက်တစ်ခုကို အကောင်ထည်ဖော်ချင်တာရယ်၊
အဲဒီအတွက်ကြောင့် ကျွန်တော် ဒေ့ဗ်(ခေါ်)ဒေဝကို နောက်ဆုံးအကြိမ်အနေနဲ့ ဘယ်သူရှုံးရှုံး၊ ဘယ်သူနိုင်နိုင် ပြတ်ပြတ်သားသားဖြစ်သွားအောင် ( ၃မိနစ် ၅ ချီထိုးပြီး အရှုံး၊ အနိုင် မပေါ်မချင်း ၅ မိနစ် ၅ ချီအထိ)ထိုးချင်ပါတယ်။ အမှတ်ပေးစနစ်မပါပဲ အရှုံး၊ အနိုင် ပေါ်တဲ့အထိ ထိုးချင်ပါတယ်”လို့ ရေးသားထားပါတယ်။

တူးတူးနဲ့ ထွန်းထွန်းမင်းဟာ လာမယ့်သြဂုတ်လ (၁၈) ရက်နေ့ကျရင် Myanmar Lethwei World Championship 4 အဖြစ် ဘရာဇီးလက်ဝှေ့သမား၊ ရုရှားလက်ဝှေ့သမားတွေနဲ့ ယှဉ်ပြိုင်ထိုးသတ်ဖို့ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top