ကျောင်းသွားတဲ့ကလေးလေးရဲ့နောက်ကို တ‌ကောက်ကောက်လိုက်တဲ့ လမ်းဘေးခွေးလေး

2-2-2021-yyl41.jpg

ခွေးတွေက လူသားတွေရဲ့အကောင်းဆုံးမိတ်ဆွေပါပဲ။ တစ်ခါတလေ အကောင်းဆုံးမိတ်ဆွေဆိုတာထက်ပိုပါတယ်။ အခုလည်း လမ်းဘေးခွေးပေါက်စလေးတစ်ကောင်က ကျောင်းသွားနေတဲ့ကလေးလေးရဲ့နောက်ကနေ တကောက်ကောက်လိုက်လာပြီး စာသင်ခန်းထဲအထိ ပါလာခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ဆရာမတစ်ဦးက မကြာသေးခင်က လူမှုကွန်ယက်ပေါ်မှာ မျှဝေခဲ့တာပါ။

Sai Thong Witthaya School က Lookpla Chadaphon ဆိုတဲ့ ဆရာမတစ်ဦးက ကျောင်းခန်းထဲမှာ ခွေးပေါက်လေးတစ်ကောင်နဲ့ ကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက်ရဲ့ချစ်စရာကောင်းတဲ့ပုံတွေကို မျှဝေခဲ့ပါတယ်။ ဆရာမက ပုံတွေနဲ့အတူ “ခွေးလေးက ကျောင်းသားလေးနဲ့အတူပါလာခဲ့တယ်။ သူ့ကိုခေါ်လာဖို့ စိတ်ကူးမရှိခဲ့ဘူး။ တစ်နေ့ ကလေးလေးက ကျောင်းစာသင်ခုံတွေအောက်မှာ ခွေးလေးကို တိတ်တဆိတ်ဖွက်ထားရတယ်။ စာသင်ခန်းနောက်ဆုံးမှာလည်း ထိုင်ရတယ်” လို့ ရေးသားခဲ့ပါတယ်။

အဲဒီဆရာမက ကျောင်းသားလေးနဲ့ ခွေးလေးကြားက ချစ်ခြင်းမေတ္တာကို ကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါ။ ဒီမြင်ကွင်းက တကယ်ကို ချိုမြိန်ဖို့ကောင်းတယ်လို့ တွေးခဲ့ပါတယ်။ သူက ကျောင်းသားလေးကို “သား ခွေးလေးကို တမင်တကာ ကျောင်းခန်းထဲခေါ်လာခဲ့တာလား” လို့ မေးတော့ သူ ဘယ်နေရာသွားသွား ခွေးလေးက နောက်ကနေ တကောက်ကောက်လိုက်နေတာ၊ ဘယ်လိုမှမောင်းထုတ်လို့မရဘူးလို့ ကျောင်းသားလေးက ပြန်ဖြေရှာပါတယ်။

အစကတော့ ကလေးလေးက စာသင်ခန်းထဲ ခွေးခေါ်လာတာကို အခြားဆရာမတွေ မသိအောင်၊ မကြားအောင် ခွေးလေးမဟောင်ဖို့အတွက် ခွေးလေးရဲ့နှာခေါင်းကို ဆုပ်ကိုင်ထားခဲ့တာပါ။ နောက်ပိုင်းမှာ အဲဒီဆရာမလည်း ဒီသစ္စာရှိတဲ့ခွေးလေးကို ချွင်းချက်အနေနဲ့ ကျောင်းခန်းထဲ ခေါ်ခွင့်ပေးထားခဲ့ပါတယ်။

Ref: theSmartlocalthailand “Stray Doggo Won’t Stop Following Thai Boy, Even Goes To School With Him & Has Full Attendance”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top