၂၀၁၈ ခုနှစ်မှာ သားမွှေးအသုံးပြုမှု ရပ်ဆိုင်းတော့မှာဖြစ်ကြောင်း ပြောခဲ့တဲ့ Gucci

98276978_gucci2.jpg

ဇိမ်ခံဖက်ရှင်ပစ္စည်းတွေ ထုတ်လုပ်တဲ့ Gucci ဟာ နောက်နှစ်မှာ သားမွှေးများကို လုံးဝ အသုံးပြုတော့မှာ မဟုတ်ကြောင်း ကုမ္ပဏီရဲ့ CEO က ကြေညာခဲ့ပါတယ်။

Gucci ရဲ့ CEO ဖြစ်သူ မာကိုဘစ်ဇာရီ (Marco Bizzarri) ဟာ လန်ဒန်ကောလိပ် ဖက်ရှင်ပွဲတစ်ခုမှာ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတဲ့ လုပ်ရပ်တစ်ခုအနေနဲ့ သားမွှေးအသုံးပြုမှု ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

၁၉၂၁ ခုနှစ်မှာ ဂူစီရို ဂူဆီ (Guccio Gucci) တည်ထောင်ခဲ့တဲ့ အီတလီ ဖက်ရှင်လုပ်ငန်းဟာ ဒီခြေလှမ်းကို ၂၀၁၈ ခုနှစ် နွေရာသီဖက်ရှင်ပြပွဲမှာ စတင်မှာ ဖြစ်ပြီး ဒီအတောအတွင်း သူ့ရဲ့ သားမွှေး အဝတ်အထည်အားလုံးကို လေလံတင်ပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။

တိရစ္ဆာန်အရေး တက်ကြွလှုပ်ရှားသူများကတော့ Gucci ရဲ့ လှုပ်ရှားမှုဟာကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်တယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ သားမွှေး ရောင်းဝယ်ရေးအဖွဲ့ချုပ်ကတော့ ဒီဆုံးဖြတ်ချက်ဟာ အဓိပ္ပါယ်မရှိတဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဒီပြောင်းလဲမှုကြောင့် Gucci ဟာ သားဖောက်ခြင်း၊ ဖမ်းမိခြင်းမှတဆင့်ရတဲ့ တိရစ္ဆာန်တွေဖြစ်တဲ့ မင့်ခ်ခေါ် အမွေးရှည် မြွေပါ၊ ဝံပုလွေ၊ ရက်ကွန်းဝံ၊ မြေခွေးနဲ့ ယုန်တွေရဲ့ သားမွှေးတွေကို ဖက်ရှင်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ လုံးဝအသုံးပြုတော့မှာ မဟုတ်ပါဘူး။

“တာဝန်ယူမှုရှိခြင်းဆိုတာ Gucci ရဲ့ ပင်မတန်ဖိုးတစ်ရပ်ပါ၊ ဒါကြောင့် ကျွန်တော်တို့ ပတ်ဝန်းကျင်နဲ့ တိရစ္ဆာန်တွေ ပိုမိုကောင်းမွန်ဖို့အတွက် ကြိုးပမ်းသွားမှာပါ။”လို့ မာကိုဘစ်ဇာရီက ပြောဆိုခဲ့ပါတယ်။

Gucci ဟာ သူ့ဆီမှာ ကျန်ရှိတဲ့ တိရစ္ဆာန် သားမွှေး ဖက်ရှင်ပစ္စည်းတွေအားလုံးကို လေလံတင် ရောင်းချသွားမှာဖြစ်ပြီး ရောင်းရငွေတွေအားလုံးကို တိရစ္ဆာန်ရေးရာ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းများထံ လျှူဒါန်းသွားမှာဖြစ်တယ် လို့သိရပါတယ်။

နိုင်ငံတကာ လူသားဆန်သော အဖွဲ့အစည်း (Humane Society International) ရဲ့ ဥက္ကဌဖြစ်သူ ကစ်တီဘလော့ (Kitty Block) ကတော့ Gucci ရဲ့ အကြင်နာတရားကြီးမားတဲ့ ဆုံးဖြတ်ချက်ကို ဂုဏ်ပြုကြိုဆိုခဲ့ပြီး “သားမွှေးတွေ ထုတ်လုပ်ရာမှာ လူမဆန်တဲ့ ရက်စက်မှုတွေပါဝင်နေတာကြောင့် အီတလီဖက်ရှင်ကုမ္ပဏီ Gucci ကနေ သားမွှေးအသုံးပြုမှု ရပ်ဆိုင်းကြောင်း ဆုံးဖြတ်ချက်ဟာ ကမ္ဘာဖက်ရှင်လောကကို လှိုင်းခတ်သွားမှာ ဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

နိုင်ငံတကာ သားမွှေး ထုတ်လုပ်ရောင်းချသူများ အဖွဲ့အစည်းကတော့ “သားမွှေးဟာ သဘာဝအဆန်ဆုံး ဖက်ရှင်ပစ္စည်းပါ။ သားမွှေးဟာ သဘာဝတရားထဲက ထွက်ရှိတာ ဖြစ်ပြီး ဆယ်စုနှစ်များစွာ တာရှည်ခံတဲ့ ပစ္စည်းဖြစ်ပါတယ်” လို့ ပြောဆိုခဲ့ပြီး Gucci ရဲ့ ဆုံးဖြတ်ချက်ကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ မနှစ်က Gucci ရဲ့ ဖက်ရှင်ပြိုင်ဘက် အာမန်နီ (Armani) က သားမွှေး အသုံးပြုမှု ရပ်ဆိုင်းကြောင်း ကြေညာအပြီးမှာ ထွက်ပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref : ABC News : Gucci goes fur-free

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top