အမွေရထားငွေနဲ့ သူစိမ်းကလေးလေးအတွက် စန္ဒယားဝယ်ပေးခဲ့တဲ့ စန္ဒယားအသံညှိသူ

4-1-2023-yyl-43.jpg

လူတစ်ဦးရဲ့ရက်ရောမှုက အခြားသူတစ်ဦးရဲ့ဘဝကို ပိုကောင်းအောင် ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။ အဲဒီလိုပဲ ပရော်ဖက်ရှင်စန္ဒယားအသံညှိသူက သူစိမ်းကလေးတစ်ဦးရဲ့ဘဝကို ပြောင်းလဲစေခဲ့တာပါ။ ဘီလ် မာဂျ်နနက်ဆန်ဆိုသူက သူ့အဖေရဲ့အမွေနဲ့ စန္ဒယားတီးရာမှာပါရမီပါတဲ့ ကလေးတစ်ဦးကို Grand စန္ဒယားတစ်လုံးဝယ်ပေးခဲ့တာပါ။ အဲဒီကလေးလေးက အသက် ၁၁ နှစ်အရွယ် ဂျိတ် ရာမီ ရီ ကိုဖီ ဖြစ်ပြီး စန္ဒယားတီးတာကို မသင်ခဲ့ဖူးပေမဲ့ စန္ဒယားတီးရာမှာ ပါရမီရှိပါတယ်။ ဖခင်ဖြစ်သူက စန္ဒယားအဟောင်းကြီးနဲ့ သူ့သား စန္ဒယားတီးတာကို ကြားပြီးတော့ အံ့အားသင့်ခဲ့ရတာပါ။ အဲဒီနောက် သူ့သား စန္ဒယားတီးနေတဲ့ဗီဒီယိုကို လူမှုကွန်ယက်မှာ တင်ရာကနေ လူသိများသွားခဲ့တာပါ။

အဲဒီဗီဒီယိုပျံ့နှံ့သွားခဲ့ပြီးနောက် ABC7 သတင်းမှာ ကလေးလေးရဲ့စန္ဒယားအတီးစွမ်းရည်ကို ပြသခဲ့ပါတယ်။ အဲဒါကို မြင်သွားခဲ့တဲ့ ဘီလ်က သတင်းဌာနကို ဖုန်းခေါ်ခဲ့ပြီး ကိုဖီရဲ့အရည်အချင်းကို မြင်ပြီး တအံ့တဩဖြစ်ခဲ့ရလို့ အဲဒီကလေးကို စန္ဒယားပညာရှင်အဖြစ် ကြီးပြင်းလာတာကို မြင်ချင်တာကြောင့် ပံ့ပိုးပေးချင်တယ်လို့ ပြောခဲ့တာပါ။

မကြာခင်မှာပဲ ဘီလ်က သူ့ဖခင်ဆီက အမွေရထားတဲ့ငွေကို အသုံးပြုပြီး ကိုဖီအတွက် စန္ဒယားတစ်လုံးဝယ်ပေးခဲ့ပါတယ်။ ဒီလိုကလေးတစ်ယောက်ကို ကူညီပေးတာကို သူ့အဖေလည်း ကြည်ဖြူမှာပါလို့ ဘီလ်က ပြောပါတယ်။ ကိုဖီရဲ့အဖေကလည်း သူ့သားကို စန္ဒယားဝယ်ပေးဖို့ မတတ်နိုင်ခဲ့ဘူး။ အခု သူ့ရဲ့ဧည့်ခန်းမှာ စန္ဒယားတစ်လုံးရှိနေမယ်လို့ ဘယ်တုန်းကမှ စိတ်ကူးမယဉ်မိခဲ့ဘူးလို့ ဆိုပါတယ်။

ဘီလ်က မစ္စတာဆူလီဗန်လို့ ခေါ်တဲ့ စန္ဒယားဆရာကိုလည်း ကိုဖီအတွက် ခေါ်ပေးခဲ့ပါတယ်။ ဆူလီဗန်ကလည်း ကိုဖီဟာ အရမ်းသင်ယူချင်စိတ်ပြင်းပြတယ်လို့ ဆိုပါတယ်။

Ref: Upworthy “Piano tuner uses his inheritance money to buy grand piano for a 11-year-old prodigy he saw on the news”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top