ဗင်နီဇွဲလား အတိုက်အခံ ခေါင်းဆောင်ရဲ့ ရုံးခန်းကို လျှို့ဝှက်တပ်ဖွဲ့အေးဂျင့်တွေ စီးနင်းရှာဖွေ

yyl-019-10.jpg

အတိုက်အခံခေါင်းဆောင် ဟွမ်ဂွာအီဒိုက ဗြိတိန်နိုင်ငံကို ရောက်ရှိနေချိန်မှာ ဗင်နီဇွဲလားလျှို့ဝှက်တပ်ဖွဲ့ အေးဂျင့်တွေက သူ့ရဲ့ရုံးခန်းတွေကို စီးနင်းရှာဖွေခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ ရုပ်သံမှတ်တမ်းတွေအရ ကရာကက်စ်မြို့မှာရှိတဲ့ ဟွမ်ဂွာအီဒို၏ ရုံးခန်းအဆောက်အအုံ အပြင်ဘက်မှာ မျက်နှာဖုံးစွပ်ထားပြီး သေနတ်ကိုင်ဆောင်ထားတဲ့ ဆီဘင်(Sebin)တပ်ဖွဲ့ အရာရှိတွေကို တွေ့ရပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ဆွေးနွေးညှိနှိုင်းမှုလုပ်ခဲ့တဲ့ ဟွမ်ဂွာအီဒိုက ”သရဲဘောကြောင်တဲ့ အာဏာရှင်”လို့ တွစ်တာပေါ်မှာ ရေးသားခဲ့ပါတယ်။

ဟွမ်ဂွာအီဒိုကို အမေရိကန်နဲ့ ဗြိတိန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၅၀ ကျော်က ဗင်နီဇွဲလားနိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အသိအမှတ်ပြုထားပါတယ်။ ဒါပေမဲ့ ဗင်နီဇွဲလားစစ်တပ်ရဲ့ ကျောထောက်နောက်ခံရရှိထားတဲ့ သမ္မတမာဒူရိုကတော့ အာဏာဆက်လက်ဆုပ်ကိုင်ထားဆဲပါပဲ။ ဆီဘင်တပ်ဖွဲ့ အရာရှိတွေက သူတို့ကို ရုံးခန်းထဲဝင်လို့မရအောင် တားဆီးပိတ်ပင်ခဲ့တယ်လို့ အတိုက်အခံလွှတ်တော်အမတ်တွေက ပြောပါတယ်။ မျက်နှာဖုံးအနက်တွေ စွပ်ထားတဲ့ အရာရှိတွေက ရုံးခန်းထဲကို အဆီးအတားမရှိ ဝင်ရောက်ခဲ့တယ်လို့ လွှတ်တော်အမတ် အန်ဂျယ်တောရက်စ်က ပြောပါတယ်။ ဆီဘင်တပ်ဖွဲ့ဝင်တွေက ဟွမ်ဂွာအီဒိုကို လုပ်ကြံတဲ့ သက်သေအထောက်အထားတွေ ချန်ရစ်ထားခဲ့မှာ စိုးရိမ်တယ်လို့ သူက ပြောပါတယ်။ ဆီဘင်တပ်ဖွဲ့ဝင်တွေက လွှတ်တော်အမတ် အစ္စမေးလီယွန်ကို ကရာကက်စ်မြို့ရဲ့ အဓိကလမ်းမကြီးပေါ်မှာ ထိန်းသိမ်းခဲ့တယ်လို့ အတိုက်အခံပါတီ(Popular Will)က စွပ်စွဲခဲ့ပါတယ်။ အဲဒီသတင်းဖော်ပြချက်တွေနဲ့ပတ်သက်ပြီး ဗင်နီဇွဲလားအစိုးရက မှတ်ချက်တစ်စုံတရာပေးခဲ့ခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top