လေယာဉ်မှူးရဲ့ ဆေးလိပ်မီးကြောင့် အီဂျစ်လေယာဉ် မီးလောင်၊ ပျက်ကျခဲ့တာလို့ ဆို

28-4-2022-yyl-07.jpg

လေယာဉ်ပေါ် လိုက်ပါလာသူ ၆၆ ယောက်လုံး အသက်ဆုံးရှုံးခဲ့ရတဲ့ အီဂျစ်လေယာဉ်ပျက်ကျမှုဟာ လေယာဉ်မှူးရဲ့ ဆေးလိပ်မီးကနေ လေယာဉ်စက်ခန်း မီးလောင်မှုကြောင့် ဖြစ်ဖွယ်ရှိတယ်လို့ ပြင်သစ်လေကြောင်းပညာရှင်အဖွဲ့က သုံးသပ်အစီရင်ခံခဲ့ပါတယ်။၂၀၁၆ ခုနှစ် မေလ ၁၉ ရက်က ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ချားစ်ဒီဂေါလေဆိပ်ကနေ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ကို ပျံသန်းနေတဲ့ လေကြောင်းအမှတ် MS804 လေယာဉ်ဟာ ရေဒါကနေ ပျောက်ဆုံးသွားခဲ့ပြီးနောက် ဂရိနိုင်ငံ ခရိ(တ်)ကျွန်းနဲ့ အီဂျစ်နိုင်ငံ မြောက်ပိုင်းကမ်းရိုးတန်းကြား ပျက်ကျသွားခဲ့တာပါ။

အစောပိုင်းမှာ ပြင်သစ်နိုင်ငံ မြို့ပြလေကြောင်းပျံသန်းရေး ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုနဲ့ သုံးသပ်စိစစ်ရေးဗျူရို(BEA)က စက်ချွတ်ယွင်းမှုကြောင့် ပျက်ကျတာဖြစ်မယ်လို့ သံသယရှိခဲ့တာပါ။ အီဂျစ်နိုင်ငံကတော့ အကြမ်းဖက်တိုက်ခိုက်ခံရတာဖြစ်မယ်ဆိုပြီး ဒီဖြစ်ရပ်နဲ့ပတ်သက်တဲ့ အစီရင်ခံစာကို ထုတ်ပြန်ဖို့ ငြင်းဆန်ခဲ့ပါတယ်။

ပျံသန်းမှုမှတ်တမ်းတင်စက်ထဲက အချက်အလက်တွေအရ လေယာဉ်မီးလောင်ခဲ့တာဖြစ်တယ်လို့ ၂၀၁၈ ခုနှစ်မှာ BEA က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပေမဲ့ ဘာကြောင့် မီးလောင်ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ ပြင်သစ်တရားသူကြီးတွေရဲ့ တောင်းဆိုမှုအရ ပြီးခဲ့တဲ့လက ပဲရစ်မြို့ တရားရုံးကို ပေးပို့ခဲ့တဲ့ အစီရင်ခံစာသစ်မှာတော့ လေယာဉ်မှူးတစ်ယောက်ရဲ့ အောက်ဆီဂျင် မျက်နှာဖုံးထဲကနေ အောက်ဆီဂျင်စိမ့်ထွက်ပြီး လေယာဉ်မှူးရဲ့ ဆေးလိပ်မီးနဲ့ တွေ့လို့ မီးလောင်ခဲ့တာဖြစ်ဖွယ်ရှိတယ်လို့ ကောက်ချက်ချထားတာ တွေ့ရပါတယ်။

ပင်လယ်ထဲ ပျက်ကျသွားတဲ့ အီဂျစ်လေယာဉ်ပေါ်မှာ ပြင်သစ်နိုင်ငံသား ၁၅ ယောက် ပါဝင်ခဲ့ပြီး ပဲရစ်မြို့ အယူခံတရားရုံးက ဒီဖြစ်ရပ်ကို လူသေဆုံးစေမှုအရ စုံစမ်းစစ်ဆေးလျက်ရှိပါတယ်။ ကျွမ်းကျင်ပညာရှင်အဖွဲ့ဟာ ပျံသန်းမှုမှတ်တမ်းတင်စက်ထဲက အချက်အလက်တွေကို ပြန်လည်သုံးသပ်ဖို့၊ အစီရင်ခံစာမူကြမ်း ရေးဆွဲဖို့အတွက် ၂၀၂၁ ခုနှစ် သြဂုတ်လကနေ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကြား ၂၃ ကြိမ်တိုင်တိုင် တွေ့ဆုံခဲ့ကြပါတယ်။ ပျံသန်းမှုမှတ်တမ်းတင်စက်ထဲက အသံမှတ်တမ်းအရ လေယာဉ်ပျက်မကျခင် လေယာဉ်မှူးရဲ့ အောက်ဆီဂျင်မျက်နှာဖုံး စိမ့်နေပြီး မျက်နှာဖုံးကနေ အောက်ဆီဂျင်စိမ့်ထွက်နေတဲ့အသံ ကြားရတယ်လို့ စာမျက်နှာ ၁၃၄ မျက်နှာပါတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အဲဒီမျက်နှာဖုံးကို လေယာဉ်ပျက်မကျခင် ၃ ရက်အလိုမှာ အီဂျစ်လေကြောင်းလိုင်းရဲ့ ပြုပြင်ထိန်းသိမ်းသူတစ်ဦးက လဲပေးထားတာဖြစ်ပြီး အဆို့တွေကို အရေးပေါ်အခြေအနေပုံစံမျိုး ချိနထားပေးခဲ့တယ်လို့ ဆိုပါတယ်။ Airbus ကုမ္ပဏီရဲ့ ဘေးကင်းလုံခြုံရေး လမ်းညွှန်ချက်အရ အောက်ဆီဂျင်မျက်နှာဖုံး အဆို့တွေကို အရေးပေါ်အခြေအနေပုံစံမျိုး ထားရင် အောက်ဆီဂျင် စိမ့်ထွက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ဒါ့အပြင် လေယာဉ်စက်ခန်းထဲက ဆေးလိပ်ပြာခွက်တွေဟာ ဆက်တိုက်အသုံးပြုထားတဲ့ အခြေအနေရှိလို့ လေယာဉ်ပျက်မကျခင် ၂ လအလိုကမှ အသစ်လဲပေးထားတာလို့ ဆိုပါတယ်။ အဲဒီအချိန်တုန်းက လေယာဉ်မှူးတွေကို ဆေးလိပ်မသောက်ဖို့ တားမြစ်ထားခြင်း မရှိသေးပါဘူး။

အဲဒီအစီရင်ခံစာကိုကြည့်ရင် A320 Airbus လေယာဉ် ပျက်ကျခဲ့တာဟာ ကံတရားကြောင့် မဟုတ်ဘဲ လူသားရဲ့အမှားကြောင့် ဖြစ်တယ်လို့ တွေ့ရကြောင်း လေယာဉ်ပျက်ကျမှုမှာ သေဆုံးခဲ့တဲ့ ၂၆ နှစ်သား ခရီးသည်ရဲ့ မိသားစုရှေ့နေက ပြောပါတယ်။ဒါပေမဲ့ အီဂျစ်နိုင်ငံ အစိုးရရှေ့နေရုံးကတော့ ပြင်သစ်နိုင်ငံရဲ့ အစီရင်ခံစာထဲက တွေ့ရှိချက်တွေဟာ အခြေအမြစ် မရှိကြောင်း၊ သူတို့အနေနဲ့ ကိုယ်ပိုင်စုံစမ်းစစ်ဆေးမှုလုပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။ စုံစမ်းစစ်ဆေးသူတွေနဲ့ ကွယ်လွန်သူတွေရဲ့မိသားစုတွေကတော့ အီဂျစ်အစိုးရဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိတာကို ရှုတ်ချထားပါတယ်။

Ref: Dailymail ” Pilot’s cigarette in the cockpit while flying sparked blaze on board EgyptAir jet that plunged into the Med, killing all 66 on board in 2016, report claims”

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top