သခင်ကူညီပေးသလို ကိုယ်ဝန်နဲ့ လေလွင့်ကြောင်တစ်ကောင်ကို ကူညီပေးခဲ့တဲ့ Pit bull ခွေးလေး

19-1-2021-yyl-06.jpg

ဘယ်လိုခွေးမျိုးပဲဖြစ်ဖြစ် ကောင်းတဲ့အပြုအမူလေးတွေ လုပ်တတ်ကြပါတယ်။ လူသားတွေအပေါ်အကူအညီပေးတဲ့အပြင် သူတို့တိရစ္ဆာန်အချင်းချင်းအပေါ်မှာလည်း ကူညီပေးတတ်ပါသေးတယ်။ မက္ကဆီကိုနိုင်ငံက Pit bull ခွေးအမျိုးအစား ဟာဒီစ် (Hades) ဆိုတဲ့ ခွေးလေးကို ကြည့်လိုက်မယ်ဆိုရင် လေလွင့်ကြောင်လေးကို သူ့သခင်ကူညီပေးသလိုပဲ သူကလည်း ကူညီပေးတတ်သေးပါတယ်။

ဟာဒီစ်ရဲ့သခင်ဖြစ်သူ ဂျူအန် ဟိုဆေး ပီ ဖလော်ရီစ် (Juan Jose P.Flores) ဟာ သူ့ရဲ့ရပ်ကွက်အတွင်းမှာ အမြဲတွေ့နေရတဲ့ လေလွင့်ကြောင်လေးတစ်ကောင်ကို ဂရုစိုက်ဖြစ်ပါတယ်။ သူ့အိမ်မှာ ခေါ်မထားခဲ့ပေမဲ့ အစာတော့ ပုံမှန်ကျွေးလေ့ရှိပါတယ်။တစ်နေ့တော့ ဂျူအန် အိမ်မှာရှိနေတုန်း နောက်ဖေးတံခါးကို တစ်စုံတစ်ယောက်ခေါက်နေသံကြားခဲ့ရတယ်။ တံခါးကို ဖွင့်လိုက်တော့ သူ့ရဲ့ခွေး ဟာဒီစ်ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ သူ့ကို အာရုံစိုက်လာအောင် ဂျူအန်ကို အသံတွေပေးနေခဲ့တယ်။ ဂျူအန်လည်း ဟာဒီစ် ဘာဖြစ်လို့ပါလိမ့်လို့ စဉ်းစားမရဖြစ်သွားခဲ့တယ်။ နောက်တော့မှ ဟာဒီစ်က သူ့ရဲ့ခွေးအိမ်လေးကို သူ့သခင်ကို ကြည့်စေချင်မှန်းသိခဲ့ရပါတယ်။

ခွေးအိမ်ထဲကြည့်လိုက်တော့ ကိုယ်ဝန်နဲ့လေလွင့်ကြောင်လေးကို တွေ့လိုက်ရပါတယ်။ ဟာဒီစ်က သူ့ရဲ့ခွေးအိမ်ထဲကို အဲဒီကြောင်လေးကို ခေါ်ထားခဲ့တာဖြစ်ပါတယ်။ ဒါမှ အန္တရာယ်ကင်းကင်းနဲ့ ကြောင်လေးတွေ မွေးနိုင်မှာဖြစ်လို့ပါပဲ။ ဟာဒီစ်က သူ့သခင်လိုပဲ အတုယူပြီး လေလွင့်ကြောင်လေးကို ကူညီပေးခဲ့တာပါ။ ဟာဒီစ်က ကြောင်လေးကို စောင့်ကြည့်ပေးနေတုန်း ကြောင်ပေါက်လေး (၂) ကောင်မွေးဖွားခဲ့ပါတယ်။ “သူက ဖခင်တစ်ယောက်လို ခံစားရမယ်လို့ ကျွန်တော်ထင်တယ်”လို့ ဂျူအန်က ဆိုပါတယ်။ လေလွင့်ကြောင်က ကြောင်ပေါက်လေးတွေကို မွေးဖွားပြီးတဲ့နောက်မှာ ဂျူအန်က ကြောင်အမေကြီးနဲ့ ကြောင်ပေါက်လေးတွေကို အိမ်ထဲခေါ်လာခဲ့ပါတယ်။ ဒါမှ သူနဲ့ဟာဒီစ်တို့ အနီးကပ်စောင့်ကြည့်ပေးလို့ရမှာမို့ပါ။

မကြာခင်မှာပဲ ဟာဒီစ်နဲ့ ကြောင်လေးတို့ဟာ သူငယ်ချင်းတွေတောင်ဖြစ်သွားကြပါတယ်။ ကြောင်လေးကို နီကိုလ်လို့ အမည်ပေးထားပါတယ်။ ဂျူအန်နဲ့ဟာဒီစ်တို့က နီကိုလ်တို့မိသားစုကို ကောင်းကောင်းဂရုစိုက်ပေးခဲ့ပါတယ်။ လအနည်းငယ်ကြာတော့ ကြောင်ပေါက်လေး (၂) ကောင်ကို မွေးထားမယ့်သူပေါ်လာခဲ့ပါတယ်။ “Pit bull တွေက ကောင်းတဲ့ခွေးတွေပါပဲ။ ဟာဒီစ်ဆိုရင် တစ်စုံတစ်ယောက်ကို ကူညီပေးဖို့အတွက် အရာအားလုံးကို ဘေးဖယ်ထားတယ်။ တစ်စုံတစ်ခုပြန်ရမယ်ဆိုတဲ့ မျှော်လင့်ချက်မပါဘဲ ကျွန်တော်တို့ ကူညီပေးသင့်တယ်” လို့ ဟာဒီစ်ရဲ့သခင် ဂျူအန်က ဆိုပါတယ်။

Ref: Boredpanda “Pit Bull Kindly Asks Owners To Allow A Pregnant Cat Inside So It Can Give Birth”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top