တာဝန်ထမ်းဆောင်ချိန်မှာ ချော့မော့နှစ်သိမ့်ပေးခဲ့ရတဲ့ ကလေးလေးကို မွေးစားဖြစ်ခဲ့တဲ့ ရဲအရာရှိ

image.jpg

အရီဇိုးနားပြည်နယ်က ရဲအရာရှိတစ်ဦးကတော့ သူတာဝန်ထမ်းဆောင်နေစဉ်မှာ ဆုံတွေ့ခဲ့ရတဲ့ကလေးမလေးတစ်ဦးကို မွေးစားခဲ့တယ်လို့ သိရပါတယ်။ အခုနွေရာသီမှာ Kingman Police Departmentရဲ့ရဲအရာရှိ ဘရိုင်ယန် ဇာချ် (Brian Zach) နဲ့ သူ့ဇနီး ဆီအာရာ (Cierra) တို့က အသက် (၄) နှစ်သမီးလေး ကိုင်လာ (Kaila) အတွက် မိဘတွေဖြစ်လာခဲ့တာပါ။

၂၀၁၈ခုနှစ် မတ်လတုန်းက ဘရိုင်ယန်က ကင်းလှည့်တပ်ကြပ်ကြီးအနေနဲ့ တာဝန်ထမ်းဆောင်နေခဲ့တာပါ။ အဲဒီအချိန်တုန်းက သူနဲ့သူ့တပ်သားတွေက ကိုင်လာရဲ့နေထိုင်ရာဂေဟာကို သွားရောက်စစ်ဆေးခဲ့ရပါတယ်။ ကိုင်လာက နှိပ်စက်ညှင်းပန်းမှုကနေ အသက်ရှင်လွတ်မြောက်လာခဲ့သူဖြစ်ပါတယ်။ ဘရိုင်ယန်က ကိုင်လာကို ချော့မော့နှစ်သိမ့်ပေးရင်းနဲ့ အဲဒီညက အချိန်ကုန်ခဲ့တယ်လို့ သိရပါတယ်။

ဘရိုင်ယန်တို့ ကိုင်လာရဲ့နေထိုင်ရာဂေဟာကို ရောက်သွားတော့ ကိုင်လာက သူ့လက်ကို ကိုင်ထားခဲ့တယ်လို့ ဆိုပါတယ်။ ကိုင်လာလေး မကြောက်အောင် ချော့မော့နှစ်သိမ့်ပေးပြီးတဲ့နောက်မှာ ထောက်လှမ်းရေးတွေရောက်လာချိန်မှာ သူ့ကို ဆေးရုံကို ခေါ်ဆောင်သွားပေးခဲ့ပါတယ်။ ဘရိုင်ယန်က ကလေး (၂) ဦးရဲ့ဖခင်တစ်ယောက်ဖြစ်ပြီး ကိုင်လာနဲ့တွေ့ကာ အိမ်ပြန်ရောက်တဲ့အခါမှာ သူတို့နဲ့အတူ ကိုင်လာကို လာနေစေချင်တယ်လို့ သူ့ဇနီးကို ပြောခဲ့ပါတယ်။

အဲဒီအချိန်တုန်းက ကိုင်လာလေးက ရုပ်ပိုင်းဆိုင်ရာနှိပ်စက်ညှင်းပန်းခံရတဲ့ရလဒ်ကြောင့် ထိခိုက်ဒဏ်ရာများစွာရရှိခဲ့တဲ့အတွက် ကုသမှုခံယူခဲ့ရပါတယ်။ ကိုင်လာကို စောင့်ရှောက်ပေးသူတွေကိုလည်း ရာဇ၀တ်မှုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ၀န်ဆောင်မှုတွေက ကိုင်လာအတွက် ချက်ချင်းနေရာချထားပေးလို့ရမယ့်နေရာလွတ်ရှာမတွေ့တဲ့အချိန်မှာ ဘရိုင်ယန်တို့လင်မယားရောက်လာခဲ့ပြီး ကိုင်လာကို မွေးစားခဲ့ပါတယ်။

ကိုင်လာက (၂) ရက်အတွင်းမှာပဲ ဘရိုင်ယန်ရဲ့ဇနီးကို မာမီလို့ခေါ်ခဲ့ပေမဲ့ ဘရိုင်ယန်ကိုတော့ ကိုင်လာ မူကြိုတတ်တဲ့အချိန် အဖေက ဘယ်သူလဲဆိုတာ သင်ယူခဲ့ပြီးတဲ့နောက်မှ ဒယ်ဒီလို့ ခေါ်ခဲ့တယ်လို့ သိရပါတယ်။ အခုနှစ် သြဂုတ်လ ၁၈ရက်၊ ဘရိုင်ယန်တို့ရဲ့စောင့်ရှောက်မှုအောက်ကို ကိုင်လာ ရောက်ခဲ့တဲ့ ၃၀ လအကြာမှာ ဘရိုင်ယန်တို့မိသားစုက ကိုင်လာကို ဥပဒေနဲ့အညီ တရားဝင်မွေးစားနိုင်ခဲ့ပါတယ်။

ဘရိုင်ယန်တို့က ကိုင်လာရဲ့မွေးမိဘတွေ ပေါ်လာမလား၊ သူ့ကို ဘယ်လောက်ကြာစောင့်ရှောက်ရမလဲ တွေးရင်း နေထိုင်ခဲ့ရပြီးအခုနှစ်မှသာ တရားဝင်မွေးစားခဲ့ရတာပါ။ ဘရိုင်ယန်တို့ရဲ့ရည်မှန်းချက်တော့ ကိုင်လာကို ချစ်ခြင်းမေတ္တာတွေနဲ့ ဂရုစိုက်မှုတွေပေးဖို့ပါပဲ။ ကိုင်လာက မူကြိုတက်ရတာပျော်တယ်။ တိရစ္ဆာန်လေးတွေကိုလည်း ချစ်တတ်သလို ကရတာကိုလည်း ကြိုက်တယ်လို့ ဘရိုင်ယန်က ဆိုပါတယ်။ ကလေးမွေးစားဖို့စဉ်းစားနေတဲ့ မိသားစုတွေကို ဘရိုင်ယန် ပြောချင်တာကတော့ “ဒါက တကယ် အဖိုးတန်ပြီး ကောင်းတဲ့အတွက်ကြောင့် ကလေးမွေးစားတဲ့လုပ်ငန်းစဉ်ကို မကြောက်ပါနဲ့” ဆိုတာပါပဲ။

Ref: ABCNews “Police officer adopts little girl he comforted while on duty”

WL (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top