Steve Jobs ပြောခဲ့တဲ့ ဆင်ခြင်မှတ်သားစရာစကားများ

Apple-Steve-Jobs.jpg

Apple ရဲ့ဦးစီးပဲ့ကိုင်ရှင် စတိဗ် ဂျော့ဘ် (Steve Jobs) ဟာ နည်းပညာနယ်ပယ်မှာ မသိသူမရှိအောင်ထင်ရှားကျော်ကြားခဲ့သူတစ်ဦးပါ။ သူ့ရဲ့ဆန်းသစ်ထူးခြားလှတဲ့ဖန်တီးမှုတွေကြောင့် သူပိုင်ဆိုင်လာခဲ့တဲ့ ကြွယ်ဝမှု ပမာဏကလည်း အမေရိကန်ဒေါ်လာ (၇) ဘီလျံလောက်ထိရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂျော့ဘ်က ဒီဥစ္စာဓနတွေကို အသက်ထက်ဆုံးပိုင်ဆိုင်ခွင့် မရခဲ့ပါဘူး။ ပန်ကရိယ ကင်ဆာရောဂါနဲ့ အသက် (၅၆) နှစ်အရွယ်မှာပဲ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဂျော့ဘ်က “တခြားသူတွေအမြင်မှာတော့ ကျွန်တော်က အောင်မြင်မှုအလီလီပိုင်ဆိုင်ထားသူတစ်ယောက်ပေါ့။ တကယ်တမ်းတော့ ဘဝမှာရခဲလွန်းတဲ့ ထင်ရှားကျော်စောမှုတွေ၊ ကြွယ်ဝချမ်းသာမှုတွေက သူတို့ကို ပိုင်ဆိုင်ထားသူအတွက် လိုသမျှအရာအားလုံးကို အပြည့်အဝမဖြည့်ဆည်းပေးနိုင်ကြပါဘူး။ အခု အိပ်ရာပေါ်မှာ ဝေဒနာကိုကြိတ်မှိတ်သည်းခံနေရင်း ‘ထင်ပေါ်ကျော်စောမှုတွေနဲ့ ဥစ္စာဓနတွေက သေခြင်းတရားနဲ့ ရင်ဆိုင်ရချိန်ကျ ဘယ်လိုမှအသုံးမတည့်တော့ပါလား’ လို့တွေးမိလာတယ်” လို့ သူ့ရဲ့နောက်ဆုံးအချိန်တွေမှာပြောခဲ့ဖူးပါတယ်။

ဂျော့ဘ်ပြောခဲ့တာတွေက ဆင်ခြင်မှတ်သားစရာပါ။ ပိုင်ဆိုင်ထားတဲ့ဥစ္စာဓနတွေဆိုတာ ကိုယ့်နောက်ကိုမပါနိုင်တဲ့အရာတွေဖြစ်ပြီး ဘဝမှာ ဥစ္စာဓနထက် ပိုအရေးပါတာတွေရှိပါတယ်။ အဲဒါတွေကတော့ ကျန်းမာရေး၊ ချစ်ခြင်းမေတ္တာ၊ အနုပညာခံစားမှုနဲ့ ငယ်ဘဝအိပ်မက်တွေ စသဖြင့် အများကြီးပါပဲ။

သူက “ကမ္ဘာပေါ်မှာဈေးအကြီးဆုံးဆိုတဲ့အိပ်ရာကတော့ ဆေးရုံကလူနာကုတင်ပါပဲ။ ဟုတ်ပါတယ်… ခင်ဗျားမှာပိုက်ဆံရှိနေရင် ကားမောင်းပေးမယ့်သူလိုချင်လား.. အလုပ်လုပ်ပေးမယ့်သူ လိုချင်လား ဘာပဲဖြစ်ဖြစ် အကုန်ရနိုင်မှာပါ။ ဒါပေမဲ့ ခင်ဗျားခံစား နေရတဲ့ ဒုက္ခဆင်းရဲနဲ့ ဝေဒနာတွေကို ကိုယ်စားခံပေးမယ့်သူမျိုးကိုတော့ ဘယ်လောက်ပဲပေးပေး ရှာလို့မရနိုင်ပါဘူး။ အရာဝတ္ထုပစ္စည်းဥစ္စာတွေဆုံးရှုံးသွားရင် ပြန်အစားထိုး လိုက်လို့ရပေမဲ့ ကျန်းမာတဲ့ဘဝတစ်ခုကိုတော့ ပိုက်ဆံပေးပြီးပြန်ဝယ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ” လို့လည်း ကျန်းမာပျော်ရွှင်တဲ့ဘဝနဲ့ပတ်သက်ပြီး ပြောခဲ့ပါသေးတယ်။

ကျန်းမာပျော်ရွှင်တဲ့ဘဝဆိုတာ ဘယ်လောက်ချမ်းသာတယ်ပဲပြောပြော ငွေပေးပြီး ချက်ချင်းဝယ်လိုက်လို့ ရနိုင်တဲ့အရာ မဟုတ်ပါ ဘူး။ ဘယ်သူပဲဖြစ်ဖြစ် တစ်နေ့မှာ ဘဝရဲ့အဆုံးသတ်ကို ရောက်ရမှာ =ဖြစ်လို့ ရှင်သန် နေစဉ်အခိုက်အတန့်မှာ ကျန်းမာပျော်ရွှင်တဲ့ဘဝကိုတန်ဖိုးထားတတ်ရမှာဖြစ်သလို မိသားစု၊ မိတ်ဆွေနဲ့ ချစ်ရသူတွေနဲ့ ချစ်ခြင်းမေတ္တာတွေဝေမျှရင်း ဖြတ်သန်းနေထိုင်သွားရမှာသာဖြစ်ပါတယ်။

Ref: snopes.com “Steve Jobs Deathbed Speech”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top