ကမ်းခြေကပလတ်စတစ်အမှိုက်တွေကို လိုက်ကောက်ခဲ့တဲ့ သုံးနှစ်အရွယ်ကလေး

47053872_386522015425100_657532069651415040_o.jpg

ကျွန်မတို့နေထိုင်တဲ့ သဘာဝပတ်ဝန်းကျင်ဟာ လူသားတွေ ဂရုမစိုက်တာကြောင့် နေ့တိုင်းမှာ ယိုယွင်းပျက်စီးနေရပါတယ်။ တချို့သူတွေက သဘာဝပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ပစ်ထားတတ်ကြပေမဲ့ သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးကြတဲ့သူတွေကတော့ တော်တော်များများရှိနေကြတုန်းပါပဲ။ အခုဖော်ပြပေးမဲ့ ကလေးလေးလိုမျိုး ပတ်ဝန်းကျင်ကို အလေးထားသူတွေ များများရှိလာသင့်ပါတယ်။

ဝီလျံမိုစ့်လေ ( William Mosley) ဟာ အသက် ၃ နှစ်သာရှိသေးပေမဲ့ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ပတ်သက်လို့ သိတတ်နားလည်တဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ အမေဖြစ်သူ ရှားလော့တ်ဟာရီတဂ်ျ (Charlotte Heritage) က သူ့ရဲ့သားလေးဟာ Ocean Rescue ဆိုတဲ့ တီဗီ အစီအစဉ်တစ်ခုကို အတော်စိတ်ဝင်စားတယ်လို့ ပြောပါတယ်။ ဒီအစီအစဉ်ဟာ အမှိုက်တွေက ပင်လယ်သမုဒ္ဒရာကို ပျက်စီးနိုင်တယ်ဆိုတာကို ပြသတဲ့ အစီအစဉ်တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဝီလျံဟာ ပလတ်စတစ်ကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းရတာကို လျော့ကျစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူက အစားအသောက် တော်တော်များများကို ပလတ်စတစ်နဲ့ ထုပ်ပိုးပြီး ရောင်းချနေတာကို သဘောမကျပါဘူး။ ပလတ်စတစ်တွေဟာ ပတ်ဝန်းကျင်အတွက် မကောင်းတာကို သူသိပါတယ်။ သူ့အမေနဲ့လိုက်ပြီးတော့ အင်ဂလန်၊ ရမ်ဆေးမြို့တစ်ဝိုက် လျှောက်ပတ်ကြည့်ကြတဲ့အခါ ပလတ်စတစ် အမှိုက်တွေ အများကြီးကို တွေ့ရတဲ့နောက် သူဟာ အမှိုက်ညှပ်ကိုသုံးပြီး ပလတ်စတစ် အမှိုက်တွေကို လိုက်ကောက်ပါတော့တယ်။

ဝီလျံဟာ သူ့ပတ်ဝန်းကျင်မှာတင် ပလတ်စတစ်အမှိုက်ပေါင်း ၁၀၀ ကျော်ကို လိုက်ကောက်နိုင်ခဲ့ပါတယ်။ ပလတ်စတစ် အမှိုက်တွေကိုကောက်တဲ့အချိန်တိုင်း ‘အရမ်းမိုက်မဲကြတဲ့လူတွေ’ လို့ ဝီလျံက ပြောတတ်တယ်လို့ ဟာရီတဂ်ျက ပြောပါတယ်။ သူ့ရဲ့သားလေးက ပလတ်စတစ် အမှိုက်တွေနဲ့ ပတ်သက်ပြီး တတ်သိနားလည်တာကို သူအရမ်း ဂုဏ်ယူတယ်လို့ ထပ်ပြောပါတယ်။ ဟာရီတဂ်ျက ‘ကျွန်မတို့ တစ်မိသားစုလုံး သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ်နိုးကြပြီး ကျွန်မဟာ သားလေးကို သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ပြောပြပါတယ်… သားလေးနဲ့ သူ့သူငယ်ချင်းတွေဟာ ကျွန်မတို့ရဲ့ အနာဂတ်ပဲလေ’လို့ ဆိုပါတယ်။ သူ့သူငယ်ချင်းတွေကို ပလတ်စတစ်ပိုက်တွေ သုံးတာ မကောင်းဘူးလို့လည်း ဝီလျံက အမြဲတမ်း သတိပေးတတ်ပါတယ်။

ဝီလျံဟာ တန်ဘိုင်ဆိုတဲ့ ပင်လယ်ကမ်းစပ်မြို့လေးက ကမ်းခြေမှာ ပိတ်ရက်တွေဆိုရင် ပလတ်စတစ်လေးတွေ လိုက်ကောက်တတ်တဲ့ သူရဲကောင်းဆန်တဲ့ အပြုအမူကို ခုထိ ဆက်လုပ်နေတုန်းပါပဲ။ ပလတ်စတစ် အသုံးပြုတာဟာ ကြောက်စရာကောင်းတဲ့အကြောင်းကို သူလက်လှမ်းမီသလောက် လူတိုင်းကို ပြောပြပါတယ်။

ပလတ်စတစ်အမှိုက်တွေဟာ ကမ္ဘာမြေကို ဆိုးရွားတဲ့အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။ ဝေလငါးကြီးတစ်ကောင်ဟာလည်း ပလတ်စတစ်အိတ်တွေကို မျိုချမိလို့ သေသွားရတဲ့ သတင်းထွက်ခဲ့တာလည်း မကြာသေးပါဘူး။ ပလတ်စတစ်တွေကို တာဝန်မဲ့စွာ အသုံးပြုမှုတွေကြောင့် ဖြစ်လာမဲ့ ဘေးအန္တရာယ်တွေဟာ အခုဆိုရင် လူသားတွေဘက်ကို ဦးလှည့်လာနေပါပြီ။

Ref: www.elitereaders.com ” 3 year-old boy gets pissed with people throwing garbage, becomes a beach-cleaning hero ”

Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top