အိမ်မှာ နေဖို့ ငြင်းဆန်တဲ့သူတွေကို ကိုရိုနာဗိုင်းရပ်စ်ပုံခေါင်းစွပ်ဝတ်ပြီး အိန္ဒိယနိုင်ငံရဲ့ရဲအရာရှိက တိုက်တွန်း

31-3-2020-yyl-001.jpg

အိန္ဒိယနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် လူတွေကို အိမ်ထဲက အိမ်ပြင်မထွက်ခိုင်းပါဘူး။ အရင်ကလည်း အပြင်ထွက်လာတဲ့သူတွေကို အိန္ဒိယရဲတွေ တုတ်နဲ့ရိုက်လွှတ်တဲ့ဗီဒီယိုတွေကိုလည်း လူမှုကွန်ယက်ပေါ်မှာ မြင်တွေ့ကြမှာပါ။ အခုလည်း ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ကာကွယ်တဲ့အနေနဲ့ အိန္ဒိယရဲတစ်ဦးက နည်းလမ်းအသစ်ကို ဖန်တီးလိုက်ပြန်ပါပြီ။ ရာဂျက်ချ် ဘာဘူဆိုသူ ရဲသားတစ်ဦးဟာ Chennai မြို့လမ်းမထက်မှာ ကင်းလှည့်နေရတာပါ။ ကိုရိုနာဗိုင်းရပ်စ်ပုံစံခေါင်းစွပ်ကြီးဝတ်ဆင်ထားတဲ့ သူ့ရဲ့ပုံတွေက လူမှုကွန်ယက်အကောင့်မှာပျံ့နှံ့လို့နေပါတယ်။

လူဦးရေ (၁.၃) ဘီလျံရှိတဲ့ အိန္ဒိယနိုင်ငံက ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့အတွက် မြို့တွေကို ပိတ်ဆို့တားမြစ်ထားပါတယ်။ ဒါကြောင့် ရဲအရာရှိ ရာဂျက်ချ်က အိမ်မှာ မနေဘဲ အပြင်ထွက်လာတဲ့သူတွေကို ပညာပြဖို့အတွက် ကိုရိုနာဗိုင်းရပ်စ်ခေါင်းစွပ်ကို ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒီခေါင်းစွပ်ကို ရဲအရာရှိနဲ့ပေါင်းပြီး စက္ကူနဲ့ဖန်တီးခဲ့သူက ပန်းချီပညာရှင် ဂေါ်သန် ဖြစ်ပါတယ်။

ရက်ဂျက်ချ်က ကိုရိုနာဗိုင်းရပ်စ်ပုံခေါင်းစွပ်ကို ဝတ်ပြီး လူတွေကို အိမ်မှာ နေဖို့ တိုက်တွန်းခဲ့တာပါ။ “ကျွန်တော်တို့ နည်းလမ်းမျိုးစုံလုပ်ဆောင်ပါတယ်။ ဒါပေမဲ့ လူတွေက လမ်းမထက်ကို ထွက်နေတုန်းပါပဲ။ ဒါကြောင့် ဒီကိုရိုနာခေါင်းစွပ်က ရဲတွေရဲ့စိတ်အားထက်သန်မှုကို လူတွေသိမြင်စေဖို့အတွက် လုပ်ဆောင်နေတဲ့ နည်းတွေထဲက တစ်ခုပါပဲ။ ဒီခေါင်းစွပ်က တစ်ခုခုကွာခြားသွားဖို့အတွက် လုပ်ဆောင်တဲ့ကြိုးပမ်းမှုပါပဲ” လို့ ရက်ဂျက်ချ်က Asian News Innternational မီဒီယာကို ပြောပါတယ်။

“ကျွန်တော် ဒါကို ဝတ်တဲ့အခါ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့အတွေးတွေ လူတွေရဲ့စိတ်ထဲ ရောက်စေမှာပါ။ အထူးသဖြင့် ကလေးတွေက ဒါကို မြင်ပြီး အားမလိုအားမရတွေဖြစ်ပြီး ဒါကို အိမ်ကို သယ်သွားချင်ကြပါတယ်” လို့လည်း ပြောပါတယ်။ ရက်ဂျက်ချ်က လူတွေဟာ အသွားအလာကန့်သတ်မှုကို သေချာမလုပ်ဆောင်ကြလို့ ဝမ်းနည်းကြောင်းကို “ကျွန်တော် ပြည်သူတွေကို အိမ်မှာပဲ နေဖို့ ပြောနေခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ရဲ့သိမြင်နိုင်စွမ်းတွေက အရမ်းနည်းပါတယ်။ ဒါကြောင့် တစ်ခုခု ကွဲပြားသွားအောင် လုပ်ဆောင်ဖို့ တွေးခဲ့ကြပါတယ်” လို့ ဆိုထားပါတယ်။ လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူူ (၁၀၀၀) ကျော်ရှိနေပါတယ်။

Ref: Policeman In India Creates A Coronavirus Helmet To Frighten People Who Refuse To Stay At Home

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top