rPET ပလတ်စတစ်က မြန်မာနိုင်ငံမှာ ရေရှည်တည်တံ့တဲ့ထုတ်ပိုးမှုရဲ့ အနာဂတ် ဖြစ်လာမလား

2-11-2022yyl59.jpg

၁၀၀% ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ် rPET ဆိုတာ Polyethylene Terephthalate လို့ခေါ်တဲ့ PET ပလတ်စတစ်ကို recycled လုပ်ပြီး ပြန်လည်ထုတ်လုပ်ထားတဲ့ ပလတ်စတစ်အမျိုးအစားပဲဖြစ်ပါတယ်။ PET ပလတ်စတစ်ကို နေ့စဉ်အသုံးပြုနေတဲ့ ရေသန့်ဘူးတွေ၊ အချိုရည်ဘူးတွေမှာ ရင်းရင်းနှီးနှီးမြင်တွေ့နေရတဲ့ ပလတ်စတစ် ဖြစ်တာကြောင့် အကျယ်တဝင့် မိတ်ဆက်ပေးဖို့ မလိုဘူးထင်ပါတယ်။

PET ပလတ်စတစ်အကြည်က ကမ္ဘာပေါ်မှာ အများဆုံး recycled ပြန်လုပ်ခံရတဲ့ ပလတ်စတစ် အမျိုးအစားလည်း ဖြစ်ပါတယ်။ recycle လုပ်ပြီးတဲ့ rPET ပလတ်စတစ်ကနေ ပလတ်စတစ်ဘူးအသစ်ပြန်ထုတ်လို့ရသလို အားကစားဝတ်စုံတွေနဲ့ ဖိနပ်တွေကိုပါ ထုတ်လုပ်နိုင်ပါတယ်။ rPET ကို ရွေးချယ်အသုံးပြုခြင်းက သံသရာလည်နေတဲ့စီးပွားရေးပုံစံ (Circular economy) ကို ဖန်တီးနိုင်ဖို့ အထောက်အကူဖြစ်စေပါတယ်။

rPET ကိုဘယ်နေရာမှာသုံးလဲ

၁၀၀% ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ် (rPET) ပလတ်စတစ်ကို PET ပလတ်စတစ်အစား ပစ္စည်းနဲ့ အစားအသောက်တွေ ထုတ်ပိုးတဲ့နေရာမှာ အသုံးပြုပါတယ်။ ဒါ့အပြင် တချို့နိုင်ငံတွေမှာဆို rPET ကနေ ပလတ်စတစ်ဘူးတွေကိုသာမက အဝတ်အထည်တွေကိုပါ ထုတ်လုပ်နေကြပါပြီ။

စားသောက်ကုန် ထုတ်ပိုးနိုင်တဲ့ rPET ပလတ်စတစ်ကို ဘယ်လိုထုတ်လုပ်လဲ

သုံးစွဲသူတွေက သောက်သုံးပြီသား PET ပလတ်စတစ်ဘူးခွံတွေကို ခွဲခြားစွန့်ပစ်လိုက်တဲ့အချိန်က rPET ပလတ်စတစ် သံသရာရဲ့ အစလို့ ပြောလို့ရပါတယ်။ ဒီခွဲခြားစွန့်ပစ်လိုက်တဲ့ ပလတ်စတစ်ဘူးတွေကို ပြန်လည်ထုတ်လုပ် (recycle) လုပ်ဖို့ စက်ရုံကိုပို့ပြီး ထုတ်လုပ်ခြင်းလုပ်ငန်းစဉ်ကို ပစ္စည်းအရောင်အမျိုးအစား ခွဲခြားစိစစ် ဆေးကြောခြင်းနဲ့ အစပြုပါတယ်။ ပြီးရင်တော့ အမှုန့်ကြိတ်ပြီး ထပ်မံဆေးကြော အခြောက်ခံတဲ့အဆင့်ကို ပြုလုပ်ပါတယ်။

အဲဒီနောက်မှာတော့ ဓါတ်ခွဲခန်းမှာ အရည်အသွေးစစ်ဆေးပြီး ကော်စေ့အဖြစ် ပုံပြောင်းလဲလိုက်ပါတယ်။ ရလာတဲ့ အရည်အသွေးမီ recycled ကော်စေ့ကို သုံးပြီး ပလတ်စတစ် preform ကို ထုတ်လုပ်ပြီးတဲ့အခါမှာတော့ တစ်ခါထပ်ပြီး ရေဆေးသန့်စင်ပါတယ်။ ဘူးအဖြစ်ပုံသွင်းပြီးတဲ့အခါမှာတော့ ၁၀၀% ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ် (rPET) ကော်စေ့နဲ့ ပြုလုပ်ထားတဲ့ ပလတ်စတစ်ဘူးကို ရရှိပြီပဲ ဖြစ်ပါတယ်။

rPET က ဘေးကင်းလုံခြုံရဲ့လား

သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းအတိုင်း ထုတ်လုပ်ထားတဲ့ rPET ပလတ်စတစ်ကို အစားအသောက်ထုတ်ပိုးတဲ့နေရာမှာ စိတ်ချလက်ချ အသုံးချနိုင်ပါတယ်။ Recycle လုပ်တဲ့အခါမှာ ကုန်ကြမ်းအဆင့်မှာရော ကုန်ချောထုတ်ခါနီး အဆင့်မှာပါ သန့်စင်တဲ့အဆင့်တွေပါလို့ rPET ပလတ်စတစ်နဲ့ လုပ်ထားတဲ့ဘူးတွေက သန့်ရှင်းပြီး ဘေးကင်းစိတ်ချရပါတယ်။

rPET ကို ဘယ်သူတွေသုံးနေကြပြီလဲ

သမားရိုးကျ ပလတ်စတစ်ဘူးတွေလိုပဲ ပေါ့ပါးပြီး ခံနိုင်ရည်ရှိတဲ့၊ သုံးစွဲရလွယ်ကူတဲ့ rPET ပလတ်စတစ်ကို နိုင်ငံတကာက စားသောက်ကုန် ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေနဲ့ အဝတ်အထည်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက တစ်စထက်တစ်စ ပိုပြီး အသုံးပြုလာကြပါတယ်။ ဥပမာ ကမ္ဘာကျော် Coca-Cola အချိုရည်က နိုင်ငံတကာဈေးကွက်တွေမှာ rPET နဲ့ ထုတ်ပိုးထားတဲ့ အချိုရည်ဘူးအသစ်တွေကို တဖြေးဖြေးနဲ့ မိတ်ဆက်လာတာကို တွေ့ရပြီး အခုဆိုရင် နိုင်ငံပေါင်း ၃၀ ကျော်မှာ ဝယ်ယူနိုင်ပြီလို့ ပြောပါတယ်။

ဘာကြောင့် rPET ကို သုံးလာတာလဲ

၁၀၀% ပြန်လည်အသုံးပြုနိုင်သောပလတ်စတစ် (rPET) ပလတ်စတစ်ထုတ်လုပ်တဲ့အခါ သုံးပြီးသား ပလတ်စတစ်ဘူး တွေကို ကုန်ကြမ်းအနေနဲ့ သုံးပြီး ထုတ်လုပ်ထားတာကြောင့် ထုတ်လုပ်တဲ့အခါမှာ သမားရိုးကျ ပလတ်စတစ်တွေလောက် ရေနဲ့ သဘာဝအရင်းအမြစ်တွေ အသုံးပြုဖို့မလိုတဲ့ အားသာချက်ရှိပါတယ်။

ဒါ့အပြင် “သဘာဝကုန်ကြမ်း ရယူခြင်း – ပလတ်စတစ်ထုတ်လုပ်ခြင်း – လေလွင့်အမှိုက်အဖြစ်အဆုံးသတ်ခြင်း” ဆိုတဲ့ သမရိုးကျ စီးပွားရေးပုံစံ အစား “ပလတ်စတစ်ထုတ်လုပ်ခြင်း – အသုံးပြုခြင်း – ပြန်လည်အသုံးပြုနိုင်ရန်ထုတ်လုပ်ခြင်း” ဆိုတဲ့ စီးပွားရေးပုံစံကို အသုံးချထားတာမို့ ပလတ်စတစ်အသစ် ထုတ်လုပ်သုံးစွဲမှုကို လျော့ကျစေပါတယ်။

မြန်မာနိုင်ငံမှာ rPET သုံးလာနိုင်ချေ

လက်ရှိမှာတော့ မြန်မာနိုင်ငံမှာတော့ PET ပလတ်စတစ်ထုတ်ပိုးမှုတွေကိုပဲ အဓိကထား သုံးနေကြပြီး rPET ပလတ်စတစ်နဲ့ ထုတ်ပိုးမှုမျိုးက မတွင်ကျယ်သေးပါဘူး။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ rPET ပလတ်စတစ်ဘူးနဲ့ ထုတ်ပိုးထားတဲ့ စားသောက်ကုန်တွေကို မြန်မာနိုင်ငံမှာလည်း တွေ့လာရမယ်လို့ မျှော်လင့်မိပါတယ်။ rPET ပလတ်စတစ်နဲ့ ထုတ်ပိုးမှုထားတဲ့ ထုတ်ကုန်တွေ မြန်မာနိုင်ငံမှာလည်း ရလာနိုင်မယ်ဆိုရင် ရေရှည်တည်တံ့တဲ့ ထုတ်ပိုးမှုကို ရွေးချယ်သုံးစွဲချင်တဲ့သူတွေ စိတ်ဝင်တစားရှိမယ်လို့ ထင်ပါတယ်။

rPET ပလတ်စတစ် သံသရာလည်ပတ်ဖို့ သုံးစွဲသူတွေရဲ့ အခန်းကဏ္ဍ

rPET သံသရာ သက်ဝင်ဖို့ဆိုရင် သုံးစွဲသူတွေရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ သုံးစွဲသူတွေအနေနဲ့ ပစ္စည်းရွေးချယ်ဝယ်ယူတဲ့အခါမှာ ရေရှည် တည်တံ့တဲ့ ထုတ်ပိုးမှုကို ဦးစားပေးရွေးချယ်အသုံးပြုတာ၊ ပလတ်စလတ် ပစ္စည်းတွေကို အသုံးပြုပြီး အခါ အခြားစွန့်ပစ်အမှိုက်တွေနဲ့ ခွဲခြားတာ၊ ခွဲခြားထားတဲ့ ပလတ်စတစ်အမှိုက်ကို recycle လုပ်တာတွေကို ပြုလုပ်ခြင်းအားဖြင့် rPET ဘဝသံသရာမှာ ပါဝင်နိုင်ပါတယ်။

SupportedbyCocaCola

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top