လက်တွန်းလှည်းနဲ့ မက္ကဆီကိုအနှံ့လျှောက်သွားပြီး လမ်းဘေးခွေးလေးတွေကို ကယ်တင်နေတဲ့ အမျိုးသား

yyl-008-6.jpg

လွန်ခဲ့တဲ့လအနည်းငယ်က စတောက်တ် ဝီလျံဆိုတဲ့အမျိုးသားက အိုဟွာကွာမြို့ကို သွားတဲ့အချိန်မှာ ကားပေါ်ကနေ မြင်ကွင်းတစ်ခုကို မြင်တွေ့ခဲ့ပါတယ်။ လမ်းတစ်လျှောက်မှာ ခွေးတွေဝန်းရံပြီး တွန်းလှည်းတွန်းနေတဲ့ အမျိုးသားတစ်ဦးကို တွေ့ခဲ့တာပါ။ အဲဒီအမျိုးသားရဲ့တွန်းလှည်းပေါ်မှာ ခွေးတွေရှိတဲ့အပြင် သူ့နောက်ဘက်နဲ့ ရှေ့ဘက်၊ ဘေးဘက်တွေမှာလည်း ခွေးတွေရှိနေပါတယ်။ ခွေးတွေက သူ့ကို အဲဒီလို ဝန်းရံနေရင်းနဲ့ သူက တွန်းလှည်းကို ဆက်တွန်းသွားနေခဲ့တာပါ။

အဲဒီအမျိုးသားက အသက် (၄၉) နှစ်အရွယ် အက်တ်ဂါဒို ပါရိုစ် (Edgardo Perros) လို့သိရပါတယ်။ သူ့ရဲ့ ခွေးတွေဝန်းရံပြီး တွန်းလှည်းတွန်းနေတဲ့ ဇာတ်လမ်းလေးက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူဟာ မနာမကျန်းဖြစ်နေတဲ့ ခွေးလေးတွေကို ကယ်တင်ရင်း မက္ကဆီကိုနိုင်ငံအနှံ့ (၁၄၀၀၀) ကီလိုမီတာလျှောက်သွားခဲ့တာပါ။

လွန်ခဲ့တဲ့ (၆) နှစ်ကျော်ကလည်း သူက ခွေးအကောင်ရေ (၆၀၀) နီးပါးကို ကယ်ဆယ်ခဲ့ဖူးပါတယ်။ လမ်းပေါ်မှာ မနာမကျန်းဖြစ်နေတဲ့ ခွေးလေးကို တွေ့ရင် ကယ်တင်လာခဲ့ရင်းနဲ့ ခွေးလေးတွေက သူ့ဘေးမှာ အဖော်လိုက်ပေးနေခဲ့တာပါ။ အဲဒီခွေးလေးတွေအပေါ်ထားရှိတဲ့ သူ့ရဲ့စိတ်သဘောထားက လူတိုင်းကို ချီးကျူးစကားဆိုစေခဲ့ပါတယ်။

“လမ်းပေါ်က လေလွင့်ခွေးတွေကို ဘယ်သူကမှ မကူညီချင်ကြပါဘူး။ အဲဒါကြောင့်မို့ သူတို့ရဲ့နာကျင်မှုတွေကို ကျွန်တော်တွေ့မြင်ခဲ့တာပါ။ ဒီလိုအခြေအနေမျိုးမှာ လူပဲဖြစ်ဖြစ်၊ တိရစ္ဆာန်ပဲဖြစ်ဖြစ် သူတို့လိုအပ်နေတာက အပေါင်းအသင်းနဲ့ ချစ်ခြင်းမေတ္တာလို့ ကျွန်တော်ထင်တယ်” လို့ အက်တ်ဂါဒိုက ပြောပါတယ်။

လွန်ခဲ့တဲ့ (၆) နှစ်ကျော်က သူဟာ မနာမကျန်းဖြစ်နေတဲ့ ခွေးအကောင်ရေ (၅၀၀) ကို ကယ်ဆယ်ခဲ့ပြီး ခိုနားရာနေရာပေးနိုင်ခဲ့ပါတယ်။ သူ့ဘေးမှာ တစ်ချိန်လုံးရှိနေခဲ့တဲ့ သူ့ကိုယ်ပိုင်ခွေး (၃) ကောင်လည်းရှိပါတယ်။ သူက ကယ်ဆယ်လို့မရအောင် အရမ်းဆိုးရွားနေတဲ့ ခွေးတော်တော်များများကိုလည်း တွေ့ခဲ့ဖူးပါတယ်။ သူကယ်ဆယ်ထားတဲ့ ခွေးတော်တော်များများက မသန်စွမ်းခွေးတွေများပြီး ခွေးလေးတွေက ခေါ်ယူမွေးမယ့်သခင်ကို စောင့်ဆိုင်းလို့နေပါတယ်။

သူက မက္ကဆီကိုအနှံ့ ကီလိုမီတာ (၁၄၀၀၀) နီးပါးထိ တွန်းလှည်းတစ်စီးနဲ့ သွားနေတာဖြစ်ပြီး သူ့ရဲ့ပန်းတိုင်ကို ရောက်အောင်သွားဖို့ ကီလိုမီတာ (၁၄၃၂) ကျန်နေပါသေးတယ်။

Ref: I Met A Man Who Walks With A Trolley Around Mexico Saving Hundreds Of Homeless Dogs

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top