ရိုးသားသည့် သူဆင်းရဲအထမ်းသမား အဘိုးအို

the-last-moral-story-676x284.jpg

တစ်ခါက ချမ်းသာတဲ့ လင်မယားနှစ်ယောက်ဟာ အိမ်မှာ New Year ပါတီပွဲကြီးတစ်ခုကို ခမ်းခမ်းနားနား ကျင်းပဖို့ စီစဉ်နေပါသတဲ့။ ဒါကြောင့် သူတို့ဟာ စူပါမားကတ်တစ်ခုမှာ ဈေးကြီးတဲ့အရာအားလုံးကို ဝယ်ယူကြပါတယ်။ သူတို့ရဲ့ ဂုဏ်သိက္ခာအဆင့်အတန်းကို ထိန်းသိမ်းချင်တဲ့စိတ်ကြောင့် ငွေအကုန်အကျများတာကို စိတ်ထဲ မထားပါဘူး။ လိုအပ်တာတွေအားလုံး ဝယ်ယူပြီးနောက်မှာ အထုပ်တွေ သယ်ပြီး အိမ်မှာ ချပေးဖို့ အထမ်းသမား တစ်ယောက်ကို ခေါ်လိုက်ပါတယ်။ အဝတ်အစား စုတ်စုတ်ပြတ်ပြတ်၊ သိပ်ကျန်းမာရေးမကောင်းပုံရတဲ့ အသက်ကြီးကြီး အထမ်းသမား အဘိုးကြီးတစ်ဦး ရောက်လာပါတယ်။

လင်မယားနှစ်ဦးက အိမ်ကို ပစ္စည်းတွေသယ်ယူပေးဖို့ ဝန်ဆောင်ခ ဘယ်လောက်ပေးရမလဲ မေးလိုက်ပါတယ်။ အထမ်းသမား အဘိုးအိုက ဒေါ်လာ (၂ဝ) သာ တောင်းလိုက်ပါတယ်။ လှည်းထဲ ထည့်ပြီး ပစ္စည်းတွေ အိမ်သယ်ပို့ပေးဖို့အတွက် ဒေါ်လာ (၂ဝ) ဆိုတာ မူလဈေးထက် နည်းပါးပါတယ်။ ဒါပေမဲ့ လင်မယားနှစ်ယောက်က ဈေးဆစ်ကြတော့ နောက်ဆုံး (၁၅) ဒေါ်လာနဲ့ ဈေးတည့်သွားကြပါတယ်။ အဘိုးအို အထမ်းသမားဟာ ထမင်းတစ်နပ်အတွက်တောင် မနည်းရုန်းကန်နေရတော့ သူရနိုင်သမျှကို လက်လွှတ်မခံဘဲ ရှာဖွေရပါတယ်။

လင်မယားနှစ်ယောက်လည်း သူဆင်းရဲ အထမ်းသမားကို သူတို့ ဘယ်လောက် ဈေးဆစ်နိုင်တယ်ဆိုတာ တွေးရင်း ကျေနပ်နှစ်သက်နေကြပါတယ်။ အဘိုးအိုကို ၁၅ဒေါ်လာ ကြိုတင်ပေးလိုက်ပြီး ပစ္စည်းတွေ ပို့ပေးရမယ့် သူတို့လိပ်စာကို ပေးလိုက်ကြပါတယ်။ သူတို့ အိမ်ပြန်ရောက်ပြီး တစ်နာရီ နှစ်နာရီကြာတဲ့အထိတောင် အဘိုးအို အထမ်းသမား ပစ္စည်းတွေကို လာမပို့သေးပါဘူး။

“ဒီလိုလူမျိုးတွေကို မယုံပါနဲ့လို့ ကျွန်မရှင့်ကို အမြဲပြောသားပဲ၊ ရှင်က ဘယ်တော့မှ နားမထောင်ဘူး၊ ဒီလိုလူမျိုးဟာ တစ်နေ့မှာ တစ်နပ်စာတောင် သူ့အတွက်သူ ရှာစားနိုင်တာမဟုတ်ဘူး၊ ဒါကို ရှင်က ပါတီလုပ်ဖို့ ဝယ်ထားတဲ့ပစ္စည်းတွေအားလုံးကို ပေးခဲ့သေးတယ်၊ အိမ်ကို ပစ္စည်းတွေ သယ်မလာပေးဘဲ အားလုံးယူပြီး ပြေးသွားတာပဲ ဖြစ်မှာပေါ့၊ ခုချက်ချင်း စူပါမားကတ်ကို ပြန်သွားပြီး ရဲစခန်းမှာ အမှုဖွင့်ရမယ်” လို့ အမျိုးသမီးဖြစ်သူက ခင်ပွန်းဖြစ်သူကို ဒေါသဖြစ်ပြီး ပြောလိုက်ပါတယ်။

သူတို့နှစ်ယောက်လုံး စူပါမားကတ်ကို ထွက်လာကြပါတော့တယ်။ စူပါမားကတ်အနီးမှာ သူတို့ တခြားအထမ်းသမား တစ်ယောက်ကို တွေ့ကြပါတယ်။ အဲဒီအထမ်းသမားဆီ သွားပြီးတော့ အထမ်းသမားက သူတို့ပစ္စည်းတွေကို သူ့လှည်းထဲ ထည့်နေတာကို တွေ့လိုက်ပါတယ်။ “အဲဒီသူခိုးအဘိုးကြီး ဘယ်ရောက်သွားလဲ? အဲဒါ ငါတို့ ပစ္စည်းတွေ၊ သူအိမ်ကိုပို့ပေးရမှာ၊ နင်တို့ ဆင်းရဲသား သူခိုးတွေ ငါတို့ပစ္စည်းတွေ ခိုးပြီး ရောင်းစားနေကြတော့မယ့်ပုံပဲ” လို့ အမျိုးသမီးဖြစ်သူက ဒေါသတကြီး ပြောပါတယ်။

ဒီအခါ အထမ်းသမားက “အစ်မကြီး စိတ်အေးအေးထားပါ၊ အဲဒီအဘိုးအိုက အရင်လကတည်းက နေမကောင်း ဖြစ်နေတာပါ၊ တစ်ရက်မှာ တစ်နပ်တောင်မှ ရှာမစားနိုင်ခဲ့ရှာဘူး၊ အစ်မကြီးတို့ ပစ္စည်းတွေ သွားပို့ပေးပါတယ်။ ဒါပေမဲ့ သူက နေလည်းမကောင်း၊ ဗိုက်လည်းဆာနေပြီး နေပူအောက်မှာ ဆက်မသွားနိုင် ဖြစ်နေခဲ့ပါတယ်၊ သူလဲကျသွားပြီး ကျွန်တော့်ကို ၁၅ဒေါ်လာ ပေးပါတယ်၊ ပစ္စည်းပို့ပေးဖို့ ငါကြိုတင်ငွေ ယူခဲ့တာ၊ မင်းယူသွားပြီး ဒီလိပ်စာအတိုင်း ပို့ပေးလိုက်ပါလို့ နောက်ဆုံး ပြောသွားခဲ့ပါတယ်” လို့ ပြန်ပြောလိုက်ပါတယ်။

“အစ်မကြီး အဘိုးအိုဟာ ဆင်းရဲပေမယ့် ရိုးသားတဲ့လူတစ်ယောက်ပါ၊ အဘိုးအိုရဲ့ နောက်ဆုံး သယ်ယူပို့ပေးတာကို ပြီးပြတ်စေဖို့ ကျွန်တော်က အစ်မကြီးတို့ အိမ်ကို လာပို့ပေးမလို့ လုပ်နေတာပါ” လို့ အထမ်းသမားက ပြောပါတယ်။ ဒီစကားတွေကို ကြားလိုက်ရတဲ့အခါမှာ ခင်ပွန်းဖြစ်သူဟာ မျက်ရည်တွေ ဝေ့တက်လာပေမယ့် ဇနီးဖြစ်သူကတော့ သူ့ခင်ပွန်းကို မျက်လုံးချင်းဆုံအောင် ကြည့်ဖို့ သတ္တိမရှိလောက်အောင်ပဲ အလွန်ရှက်နေမိခဲ့ပါတယ်။

ဒီပုံပြင်လေးကနေ ရရှိတဲ့ သင်ခန်းစာကတော့ ရိုးသားမှုမှာ အဆင့်အတန်းဆိုတာ မရှိပါဘူး။ ငွေကြေးဥစ္စာ၊ လူမှုရေးကို ထည့်မစဉ်းစားဘဲ လူတိုင်းကို လေးစားသင့်ပါတယ်။ ထိုက်သင့်သူကို လေးစားမှုပေးခြင်းဟာ ကောင်းကျိုးလည်း ဖြစ်စေပါတယ်။

Ref : Knowledge : The Last Delivery
Htet Htet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top