သဘာဝရဲ့ Collagen

yyl-01၃.jpg

ဒီနေ့ ပြောပြမှာကတော့ တင်းရင်းလှပမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ Collagen ဆိုတဲ့ ဓာတ်တစ်မျိုး အကြောင်း ဖြစ်ပါတယ်။ အသားအရည်ထိန်းသိမ်းပစ္စည်းတွေ၊ ဖြည့်စွက်စာတွေမှာ collagen ပါကြောင်း ကြော်ငြာရောင်းချနေတာတွေကို နေ့တိုင်းတွေ့နေရတော့ ဒီစကားလုံးလေးက စိမ်းနေမယ်လို့တော့ မထင်ဘူးနော်။ ကြားသိနေကြပေမယ့် collagen ဆိုတာ ဘာမှန်း သေချာသိချင်နေသူ တွေအတွက် ရည်ရွယ်ပြီး ဒီစာကို ရေးတာပါ၊ ကဲ ကြည့်လိုက်ကြရအောင်။

Collagen ဆိုတာ ဘာလဲ

Collagen ဆိုတာ ခန္ဓာကိုယ်ရဲ့ ဆံပင်၊ခြေသည်းလက်သည်း၊ အရေပြား၊ သွေးကြော နံရံ၊ အရိုး၊ အရိုးနု နဲ့ အရွတ် စတဲ့ တွယ်ဆက်တစ်ရှူးတွေမှာ အများဆုံး တွေ့ရပြီး ခန္ဓာကိုယ်တည်ဆောက်ရေးအတွက် မရှိမဖြစ် အသားဓာတ်တစ်မျိုးပါပဲ။ ခန္ဓာကိုယ်က အသားဓာတ်အားလုံးရဲ့ ၃၀ % လောက်က collagen တွေပါ။ Greek စကားလုံးဖြစ်တဲ့ kolla (glue) နဲ့ French စကားလုံး gen (producing) ဆိုတာကို ပေါင်းစည်းရာမှ ၁၉ ရာစု အလယ်လောက်ကစပြီး collagen လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြတာပါ။

Collagen ဘယ်နှမျိုးရှိလဲ

Collagen ဆိုတာ Amino acid တွေပေါင်းစည်းရာမှ ဖြစ်ပေါ်လာတာမို့ ပါဝင်တဲ့ Amino acid အမျိုးအစား နဲ့ အချိုးအစား ကို လိုက်ပြီး ၅ မျိုးခွဲထားပါတယ်။
Type I: အရေပြား၊ အရွတ်၊ သွေးကြော၊ ကလီစာ နဲ့ အရိုးတွေမှာ တွေ့ရတဲ့ အမျိုးအစား
Type II: အရိုးနု မှာတွေ့ရတဲ့ အမျိုးအစား
Type III: Type I နဲ့တူတူ တွဲတွေ့ရတတ်ပြီး တွယ်ဆက်ကြွက်သားတွေမှာ တွေ့ရတတ်တဲ့ အမျိုးအစား
Type IV: ကိုယ်တွင်း ကလီစာတွေရဲ့ အတွင်းလွှာမှာရှိတဲ့ အမျိုးအစား
Type V: ဆဲလ်အပေါ်ယံလွှာ၊ ဆံပင်နဲ့ အချင်း မှာရှိတဲ့ အမျိုးအစား

Collagen ကဘာလုပ်ပေးလဲ

သူရောက်နေတဲ့ နေရာ ပေါ်လိုက်ပြီး တည်ဆောက်ပုံကြာရှည်ခံဖို့၊ တင်းရင်းဖို့ ကို စွမ်းဆောင်ပေးတာပါ။ နှိုင်းရရင် ဘိလပ်မြေလိုပေါ့။ collagen ရှိနေရင် အားလုံး တင်းတင်းရင်းရင်း ဖြစ်နေတဲ့ အတွက် နုပျိုခြင်းရဲ့ အုတ်မြစ် (foundation of youth) လို့တောင် တင်စားထားရပါတယ်။
အဓိက အကျဆုံး လုပ်ဆောင်ချက်တွေကို ပြောပါဆိုရင်တော့
၁) အသားအရည်ကို တင်းရင်းစေတဲ့အတွက် အိုမင်းရင့်ရော်မှုကို လျော့ကျနှောင့်နှေးစေတယ်။
၂) ကြွက်သားဖွံ့ဖြိုးမှုကို အားပေးတဲ့ အတွက် ကျစ်လစ်သန်မာစေပြီး အဆီတွေကို ချေဖျက်လျော့ပါးစေတယ်။
၃) အရွတ်နဲ့ အရိုးတွေကို သန်မာစေပြီး အဆစ်အမြစ်နာကျင်မှုကို လျှော့ချပေးတယ်။
၄) အူလမ်းကြောင်းနံရံတွေကို အစာခြေဖျက်စုပ်ယူမှုအားကောင်းလာအောင် ပံ့ပိုးကူညီပေးတယ်။
၅) ခြေသည်းလက်သည်းနဲ့ ဆံပင်တွေကို တောက်ပြောင်လှပစေတယ်။
၆) နှလုံးကျန်းမာရေး အတွက် အထောက်အကူပေးတယ် စသည်ဖြင့်ပေါ့ကွယ်။

Collagen ကို ဘယ်မှာသုံးလဲ

ဆေးပညာ အရ

မီးလောင်နာ ကဲ့သို့ ဒဏ်ရာတွေ အနာကျက်မြန်အောင်ကုသခြင်း
အစားထိုး ပြုပြင် ခွဲစိတ်ကုသခြင်း ( reconstructive surgery )
တစ်ရှူးအသစ်များဖြစ်ပေါ်လာစေရန် အခြေခံ ပစ္စည်း အနေဖြင့်
အရိုးအကြော ဆိုင်ရာ ခွဲစိတ်မှုများ တွင် အစားထိုးပစ္စည်း အဖြစ်အသုံးပြုကြပါသတဲ့။
အလှအပရေးရာ အတွက်ဆိုရင်တော့ ဖြည့်စွက်စာ အဖြစ် အများဆုံး အသုံးပြုကြတာကို တွေ့ရှိရပါတယ်။ ဈေးကွက်ထဲ တွေ့နေကြ collagen capsule တွေ၊ drink တွေ ဆိုတာက အူလမ်းကြောင်းမှ စုပ်ယူ ခြေဖျက် နိုင်အောင်ပြု ပြင်ထားတဲ့ collagen အမျိုးအစားပါ။ အဲဒီ စားသုံးလိုက်တဲ့ collagen ဖြည့်စွက်စာရဲ့ ၉၀% ကတော့ ပိုမို သေးငယ်တဲ့ မော်လီကျူးပုံစံ ပြောင်းသွားပြီး တစ်နာရီ အတွင်း သွေးကြောထဲ ရောက်ရှိသွားမှာဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေဆီ ဆက်လက် ရောက်ရှိသွားမှာပါ။

သဘာဝရဲ့ Collagen

Collagen ကို ခန္ဓာကိုယ်ကနေ အလိုအလျောက် ထုတ်ပေးပေမယ့် အသက်အရွယ်ကြီးရင့်လာတာနဲ့ အမျှ ထုတ်လုပ်မှု လျော့ကျလာပြီး ယိုယွင်းလာပါတယ်။ အသက် ၂၅ ကျော်လာရင် ခန္ဓာကိုယ်ရဲ့ collagen ထုတ်လုပ်မှုဟာ တစ်နှစ်ကို 1% နှုန်းနဲ့ ကျလာပါသတဲ့။ အဲဒီ အတွက် collagen များများပါတဲ့ အစားအစာတွေ နဲ့ ဖြည့်စွက်စာတွေကိုစားသုံးဖို့ လိုလာပါတယ်။ collagen တည်ဆောက်ရေး အတွက်ဆိုရင် အသားဓာတ် နဲ့ vitamin C ကိုပါ လုံလောက်အောင် စားသုံးပေးဖို့ လိုပါတယ်။

သဘာဝ အတိုင်း collagen ပါဝင်မှု မြင့်မားတဲ့ အစားအစာ တွေကတော့ ပင်လယ်ငါး၊ ကမာ ၊ ပဲပုတ်ပဲ ၊ စားတော်ပဲ၊ အစိမ်းရောင်ရှိတဲ့ ဟင်းရွက်တွေ ၊ ရောင်စုံငရုတ်ပွ နဲ့ အရိုးပြုတ်ရည် တို့ဖြစ်ပါတယ်။ အရိုးပြုတ်ရည် ဟာဆိုရင် သက်ကြီးပိုင်းတွေ အတွက်လည်း သင့်တော်ပြီး ကိုယ် အလေးချိန်ထိန်းချင်သူတွေပါ သောက်သုံးနိုင်တဲ့ အဟာရတန်ဖိုးမြင့် အစားအစာ တစ်မျိုး ဖြစ်တာမို့ နောက်ဆောင်းပါးကျရင် လုပ်နည်းလေး ပြောပြပေးမယ်နော်။

ဖြည့်စွက်စာ Collagen

နေ့စဉ် collagen ကို ပြည့်ဝစွာရချင်တယ်ဆိုရင်တော့ အသင့်ထုတ်ထားတဲ့ collagen capsule တွေ၊ ဖျော်ရည်အမှုန့်တွေ၊ အချိုရည် တွေ ရှိပါတယ်။ သန့်စင်တဲ့ collagen ပါဝင်မှုများလေ ဈေးနှုန်းမြင့်လေပါပဲ။ တစ်ခု သတိထားရမှာက collagen သောက်တဲ့ အခါ အစာအိမ်နဲ့ အူလမ်းကြောင်း မှ စုပ်ယူရလွယ်ကူအောင် အစာစားချိန်နဲ့ အနည်းဆုံး ၂ နာရီခန့်ခွာရပါမယ်။

တန်ဆေးလွန်ဘေး

ဘယ်ဟာမဆို အတိုင်းအတာ ရှိသလို ဘေးထွက်ဆိုးကျိုး ဆိုတာရှိပါတယ်။ လှချင်ဇော နဲ့ အလွန်အကျွံ သောက်သုံးမိတဲ့ အခါ ကိုယ်တွင်း calcium ဓာတ်မြင့်တက်လာနိုင်ပြီး မောပန်းလွယ် ခြင်း၊ ပျို့အန်ခြင်း၊ နှလုံးခုန် မမှန်ခြင်း စတဲ့ လက္ခဏာတွေပေါ်လာနိုင်ပါတယ်။ မိမိသောက်သုံးတဲ့ collagen က ပင်လယ်သတ္တဝါ ကနေ ထုတ်ယူ ဖော်စပ် ထားတာ ဆိုရင် အလွန်အကျွံသောက်သုံးမိတဲ့ အခါ သည်လို လက္ခဏာ တွေ ဖြစ်နိုင်ချေ ပိုများပါသတဲ့။
ကဲ … ဘေးကင်းစွာနဲ့ တင်းရင်းလှပနိုင်ကြပါစေနော်။

ရေးသားသူ Dr. Thiha Phyo Myint
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ရေးသားသူ – နှင်းရိပ်မှု်

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top