တုပ်ကွေးမမိအောင် ကာကွယ်ပေးမယ့် အလေ့အထများ

17-6-2020-yyl-023.jpg

ရာသီဥတုကအေးလာသလို မိုးကလည်း တစ်ပြိုက်နှစ်ပြိုက်မကတော့ပဲ အားနဲ့ အင်နဲ့ ရွာလာနေပြီမို့ တုပ်ကွေး၊ ဖျားနာဝေဒနာသည်တွေ စပြီး တွေ့မြင်လာရပါပြီ။ ထုံးစံအတိုင်း ရာသီတုပ်ကွေးရာသီစတင်ပြီလို့ ဆိုရမှာပါ။

တုပ်ကွေး၊ ဖျားနာဖြစ်လာပြီဆိုရင် အလုပ်ပျက် အကိုင်ပျက်နဲ့ ကူးစက်ကလည်း လွယ်လေးတယ်ဆိုတော့ ကိုယ်ဖြစ်ရင် မိသားစုဝင်တွေဆီ ကူးစက်သွားမှာကိုလည်း စိုးရိမ်ပူပန်ရပါသေးတယ်။

ဒီတော့ ဒီလိုမိုးတွင်းကာလမှာ တုပ်ကွေးရန်က ကင်းဝေးစေဖို့ဆိုရင် လိုက်နာသင့်တဲ့ အလေ့အထလေးတွေကို သတိထားလိုက်နာပြီး ရောဂါရန်ကို ကာကွယ်လို့ရပါတယ်။

ခုဖော်ပြမယ့် နည်းလမ်းတွေကို ဂရုတစိုက်နဲ့ စနစ်တကျလိုက်နာမယ်ဆိုရင် တုပ်ကွေးဝေဒနာကို ကာကွယ်နိုင်မယ့် အခွင့်အရေးအလွန်ကို များပြားနေမှာဖြစ်ပါတယ်။

လက်သန့် ဆေးရည်သုံးပါ

Hand Sanitizer သုံးစွဲတာဟာ ရောဂါပိုးမွှားတွေလက်ကို မကပ်ငြိအောင် ကာကွယ်နိုင်တာမို့ အလေ့အကျင့်တစ်ခုအနေနဲ့ ပြုလုပ်သင့်တဲ့အရာပါ။ တုပ်ကွေးတင်မက ကိုဗစ်လိုကူးစက်ရောဂါတွေကို ကာကွယ်ရေးမှာလည်း အသုံးတည့်နိုင်ပါတယ်။ အနည်းဆုံး အယ်လ်ကိုဟော ၆၀% ပါတဲ့ Sanitizer မျိုးကို ရွေးချယ်သုံးစွဲဖို့တော့ လိုအပ်ပါတယ်။

လက်ကို မကြာခနဆေးပါ

လက်ဆေးခြင်းဟာ COVID-19 ရောဂါကိုသာမက တုပ်ကွေးပိုးတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အပြင်သွားပြီးတိုင်း အိမ်ပြင်လာချိန်တွေမှာ လက်ကို ဆပ်ပြာနဲ့ မိနစ် ၂၀ ကြာ ဆေးကြောသန့်စင်ပေးပါ။ လက်ဆေးခြင်းဟာ ပိုးမွှားတွေ၊ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေနဲ့ မှိုတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ရေပိုက်ခေါင်းတွေကို လက်နဲ့ မကိုင်ပါနဲ့

များသောအားဖြင့် လူအများစုက အများသုံး အိမ်သာတွေမှာ ဘုံပိုင်ခေါင်းတွေ၊ ရေပိုက်ခေါင်းတွေကို ဒီအတိုင်း ကိုင်တွယ်တတ်ကြပါတယ်။ တကယ်တမ်းမှာတော့ အများသုံးအိမ်သာပဲဖြစ်ဖြစ်၊ နေအိမ်မှာပဲဖြစ်ဖြစ် ရေပိုက်ခေါင်းတွေဟာ ရောဂါကူးစက်နိုင်ခြေများတဲ့ နေရာတွေဖြစ်ပါတယ်။ တုပ်ကွေးလို ရောဂါတွေကို ကာကွယ်ဖို့အတွက်ဆိုရင် ရေပိုက်ခေါင်းတွေကို ကိုင်တွယ်ရာမှာ Towel စကို အသုံးပြုပြီး ကိုင်တွယ်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ဆံပင်အခြောက်ခံစက် အသုံးပါနဲ့

Hair Dryer တွေဟာ ဆူညံသလို အသုံးပြုရတာလည်း စိတ်ပင်ပန်းစရာကောင်းလှပါတယ်။ နောက်ပြီး ဒီပစ္စည်းတွေဟာ ကျန်းမာရေးနဲ့လည်း မညီညွတ်တာကို သတိထားသင့်ပါတယ်။ လေမှုတ် ဆံပင်အခြောက်ခံစက်တွေဟာ မျက်နှာသုတ်ပဝါတွေထက် ပိုးမွှားကပ်ငြိနိုင်ခြေ အဆ ၁၃၀၀ ပိုများပါတယ်။ တကယ်လို့ တုပ်ကွေးလို ဝေဒနာမျိုးတွေကို ကာကွယ်ချင်တယ်ဆိုရင် Hair Dryer အစား သဘက်နဲ့သာ ဆံပင်ကို ခြောက်အောင် သုတ်ပေးသင့်ပါတယ်။

အိမ်သာဝင်ရင် ရေကမုတ်သုံး စက္ကူအသုံးပြုပါ

ဘိုထိုင် အိမ်သာတွေအသုံးပြုတဲ့အခါမျိုးမှာ ဒီအတိုင်းထိုင်ပြီး ကိစ္စပြီးစေတာထက် တစ်သျှူးစက္ကူ ဒါမှမဟုတ် Paper toilet seat ကို အသုံးပြု ခုခံပြီးမှာ ကိစ္စရှင်းသင့်ပါတယ်။ အများသုံးအိမ်သာတွေက အိမ်သာရေကမုတ်တွေဟာ လူပေါင်းစုံအသုံးပြုနေတာမို့ ရောဂါကူးစက်နိုင်ခြေမြင့်မားပါတယ်။ တုပ်ကွေးလိုကူးစက်ဝေဒနာတွေကို ရှောင်လွှဲချင်ရင် ခုအကြံပေးတဲ့နည်းလမ်းအတိုင်း အသုံးပြုဖို့ လိုအပ်ပါတယ်။


ဓာတ်လှေကား ခလုတ်အသုံးပြုရင် လက်ဆစ်နဲ့ အဝတ်အစတွေ အသုံးပြုပြီး ထိတွေ့ကိုင်တွယ်ပါ

နေ့စဉ် အသုံးပြုနေရတဲ့ ဓာတ်လှေကား ခလုတ်တွေဟာ လူပေါင်းများစွာ ထိတွေ့နေကြတာမို့ ရောဂါပိုး ကူးစက်နိုင်ခြေအများဆုံး နေရာတစ်ခုလို့ သတ်မှတ်ခံထားရပါတယ်။ ဒါကြောင့် ခလုတ်နှိပ်တော့မယ်ဆိုရင် လက်ချောင်းထက် လက်ဆစ်နဲ့ ဖိပြီးနှိပ်တာမျိုး၊ အင်္ကျီလက်ကို ကြားခံပြီး နှိပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။


ဖက်တာ၊ လက်ဆွဲနှုတ်ဆက်တာမျိုးကို ရှောင်ပါ

လူတစ်ဦးနဲ့ တစ်ဦး နှုတ်ဆက်ရာမှာ လက်ဆွဲနှုတ်ဆက်တာမျိုးကို ရှောင်ကျဉ်တာက အကောင်းဆုံးပါပဲ။ ဖက်ယမ်း နမ်းရှုပ်တာမျိုးတွေကိုလည်း ရှောင်ကျဉ်ဖို့ လိုပါတယ်။ ဒီနည်းလမ်းတွေဟာ ရာသီတုပ်ကွေး ကူးစက်နိုင်စေလောက်တဲ့ နည်းတွေဖြစ်ပါတယ်။

မျက်နှာကို လက်ချောင်းတွေနဲ့ ခနခန မထိတွေ့ မကိုင်တွယ်မိအောင် ရှောင်ပါ

လက်ချောင်းတွေဟာ အရာဝတ္ထုတိုင်းကို ကိုင်တွယ်နေမိနိုင်တာမို့ ပိုးမွှားတွေ ကပ်ငြိနေနိုင်ပါတယ်။ လေ့လာချက်တွေအရ လူတစ်ယောက်ဟာ ၁ နာရီမှာ ၁၆ ခါလောက် မျက်နှာကို ကိုင်မိတတ်ပါတယ်။ တုပ်ကွေးပိုးတွေဟာ အသက်ရှုလမ်းကြောင်းကနေကူးစက်နိုင်သလို ထိတွေ့ကိုင်တွယ်မှုတွေကနေ တဆင့်လည်း ကူးစက်နိုင်ပါတယ်။ မျက်နှာပေါ်က နှာခေါင်း၊ ပါးစပ်၊ နားနဲ့ မျက်စိတို့ကို လက်ချောင်းတွေနဲ့ ခနခန ကိုင်တွယ်မိနေမယ်ဆိုရင် ရောဂါပိုးတွေ ကူးစက်မိစေနိုင်ပါတယ်။

လေ့ကျင့်ခန်းသုံးပစ္စည်းတွေကို အမြဲ သန့်စင်ပေးပါ

ကိုယ်က Gym မှာ ပုံမှန် လေ့ကျင့်ခန်း သွားလုပ်တတ်တယ်ဆိုရင် တွေကို အသုံးမပြုခင် Wiper လိုအရာမျိုးတွေနဲ့ အရင် သန့်ရှင်းရေးပြုလုပ်ပြီးမှ ကိုင်တွယ် အသုံးပြုသင့်ပါတယ်။ Gym equipment တွေကို ၆၃% လောက်မှာ အဖျားဝေဒနာနဲ့ တုပ်ကွေးဝေဒနာတွေ ကူးစက်စေနိုင်တဲ့ ပိုးမွှားတွေ တွယ်ကပ်နေတတ်တာကြောင့်ဖြစ်ပါတယ်။

အပြင်သွားရင် Mask တပ်သွားပါ

လေယာဉ်ပဲ စီးစီး၊ ဘတ်စ်ကားပဲ စီးစီး၊ ရှော့ပင်းစင်တာတွေကိုဆီပဲသွားသွား လူအများနဲ့ ထိတွေ့ရနိုင်တဲ့ လူစုလူဝေးရှိတဲ့ နေရာတွဆီ သွားမယ်ဆိုရင် Mask လေးတပ်သွားတာ အကောင်းဆုံးပါပဲ။ တုပ်ကွေးရာသီမို့ လူများလေလေ ရောဂါပိုးကူးစက်နိုင်ခြေပိုများတာမို့ Mask လေးနဲ့မှ စိတ်ချရမှာနော်။

Ref : hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top