သမိုင်းတစ်လျှောက် အကြွယ်ဝဆုံးသော ထိပ်တန်း ဘိန်းရာဇာ (၁၀) ဦး

29662428_940392506131730_5459319564614056462_o.jpg

မူးယစ်ဆေးဝါးဆိုတာဟာ ဘိန်းလောက၊ အခြားသော မူးယစ်လုပ်ငန်းရှင်အဖွဲ့အစည်းတွေ နဲ့ ဆက်စပ်နေသူတွေအတွက် ငွေရပေါက်အများဆုံးသော အရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ အခုပြောပြပေးမယ့် ဘိန်းရာဇာ (၁၀) ဦး တို့ဟာ သူတို့ဘဝတစ်လျှောက်လုံးမှာ ယုံချင်စရာတောင်မရှိတဲ့ ငွေပမာဏတွေကို ရှာဖွေနိုင်ခဲ့ကြတာလည်းဖြစ်ပါတယ်။ တချို့ဇာတ်ကြောင်းတွေဟာ ‘မယုံနိုင်ဘူး’ ဆိုတာထက်တောင်ပိုနေနိုင်သေးတယ် ဆိုတာ

ဒီဆောင်းပါးကို ဖတ်ရင်းသိလာပါလိမ့်မယ်။ ရာဇဝင်တွင်ခဲ့ကြတဲ့ ဘိန်းရာဇာ (၁၀) ဦး တို့အကြောင်းကို ရိုးရာလေးပရိသတ်တွေသိရအောင် ဖော်ပြပေးလိုက်ပါတယ်။

၁၀။ ဖရီးဝေး ရစ်ခ် ရော့စ် ( ‘Freeway’ Rick Ross )

ဖရီးဝေး ရစ်ခ် ရော့စ် ( ‘Freeway’ Rick Ross ) ဟာ ၁၉၈၂ ခုနှစ် မှ ၁၉၈၉ ခုနှစ် အထိ ကိုကင်း တန်ချိန်ပေါင်းမြောက်များစွာကို အရောင်းအဝယ်လုပ်ခဲ့တာဖြစ်ပြီး တစ်နေ့တာ ကိုကင်းရောင်းရငွေက ဒေါ်လာ ၃ သန်းနဲ့ အထက် ရှိခဲ့တယ်လို့လည်းသိရပါတယ်။ သူရဲ့အအောင်မြင်ဆုံးအချိန်တွေမှာ ကိုကင်းရောင်းရငွေရဲ့ အသားတင်အမြတ်ဟာ ဒေါ် လာ ၁ ဘီလီယံနဲ့ အထက် ရရှိခဲ့တာဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်မှာ အကျဉ်းကျခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ လွတ်ငြိမ်းချမ်းသာခွင့် ရရှိခဲ့ပါတယ်။

၉။ ဂရစ်ဆယ်လ်ဒါ ဘလန်ကို ( Griselda Blanco )

မူးယစ်လောကရဲ့ တစ်ဦးတည်းသောအမျိုးသမီး ဂရစ်ဆယ်လ်ဒါ ဘလန်ကို (Griselda Blanco) ဟာ ဘိန်းနတ်ဘုရားမ အဖြစ်လည်း လူသိများခဲ့ပါတယ်။ သူမဟာ ဘိန်းပင်တွေကို မှောင်ခိုတင်သွင်းခဲ့တာဖြစ်ပြီး သူမအောင်မြင်မှု အထွတ်အထိပ်ရောက်ရှိနေတဲ့အချိန်မှာတော့ အသားတင်အမြတ်ငွေဟာ ဒေါ်လာ ၂ ဘီလီယံ အထက်ရရှိခဲ့ပါတယ်။ သူမရဲ့အလုပ်သက်တမ်းတစ်လျှောက် လူသတ်မှုပေါင်း ၂၀၀ ကျော် ကို ကြိုးကိုင်စေခိုင်းခဲ့ပြီး အဲဒါကြာင့်လည်း ဂရစ်ဆယ်လ်ဒါ ဘလန်ကို ( Griselda Blanco ) ဟာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရကာ သက်ဆိုးမရှည်ခဲ့ရတာ ဖြစ်ပါတယ်။

၈။ ကားလို့စ် လက်ဒါ ( Carlos Lehder )

ကားလို့စ် လက်ဒါ ( Carlos Lehder ) ဟာ သူ့ရဲ့ ကိုကင်းရောင်းဝယ်ရေးကို တိုးချဲ့ဖို့ ဘဟားမာ့စ် ( Bahamas ) ကျွန်းစုတစ်ခုလုံးကို ဝယ်ယူခဲ့တာဖြစ်ပြီး ၎င်းရဲ့အများဆုံး အသားတင်အမြတ်ငွေဟာ ဒေါ်လာ ၂.၇ ဘီလီယံ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ကားလို့စ် လက်ဒါ ( Carlos Lehder ) ဟာ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

၇။ ဂီလ်ဘာတို နဲ့ မီဂွယ်လ် ရိုဒရီဂွက်ဇ် အူရီယူလာ ( Gilberto and Miguel Rodriguez Orejuela )

၎င်းတို့ညီအစ်ကိုနှစ်ဦးဟာ ကမ္ဘာ့ကိုကင်းဈေးကွက်ရဲ့ ၉၀ ရာခိုင်နှုန်း ကို လက်ဝါးကြီးအုပ် စိုးမိုးခဲ့ကြတာဖြစ်ပါတယ်။ သူတို့ နှစ်ဦးပေါင်းရဲ့အသားတင်အမြတ်ငွေဟာ ဒေါ်လာ ၂ ဘီလီယံ အထက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။

၆။ ဂျိုဆေး ဂွန်ကာလို ရိုဒရီဂွက်ဇ် ဂါချာ ( Jose Gonzalo Rodriguez Gacha )

ကိုလမ်ဘီယန်း မူးယစ်ဘုရင် ဂျိုဆေး ဂွန်ကာလို ရိုဒရီဂွက်ဇ် ဂါချာ ( Jose Gonzalo Rodriguez Gacha ) ဟာ အယ်လ် မက်ကဆီကာနို (EL Mexicano ) အမည်ဖြင့်လည်းလူသိများခဲ့ပြီး ၎င်းအရွယ်ကောင်းစဉ်တုန်းက ဘိန်းရောင်းဝယ်မှုမှ အသားတင်အမြတ်ငွေ ဒေါ်လာ ၅ ဘီလီယံ အထိရရှိခဲ့ပါတယ်။ အယ်လ် မက်ကဆီကာနို (EL Mexicano ) ကို ရဲအယောက်သုံးရာနဲ့ ချောင်ပိတ်ဖမ်းခဲ့ပေမဲ့လည်း သူဟာ လက်နက်ချအဖမ်းခံရမယ့်အစား လက်ပစ်ဗုံး ဖောက်ခွဲခဲ့ပြီး ကိုယ်တိုင်သေကြောင်းကြံစည်ခဲ့တာဖြစ်ပါတယ်။

၅။ ခွန်ဆာ ( Khun Sa )

ဘိန်းဘုရင် ခွန်ဆာ( Khun Sa ) ဟာ ၇၀ နဲ့ ၈၀ ခုနှစ် တွေမှာ ဘိန်းရောင်းဝယ်ဖောက်ကားမှု အကြီးအကျယ်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၅ ဘီလီယံ အထိ ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်။ ခွန်ဆာ ( Khun Sa ) ရဲ့ ဘိန်းဖြူ အင်ပါယာကြီးဟာလည်း အဲ့ဒီဆယ်စုနှစ်အတွင်းမှာ ကမ္ဘာ့အင်အားအကြီးဆုံး ဘိန်းဖြူ အဖွဲ့အစည်းအဖြစ်ရပ်တည်နိုင်ခဲ့ပါတယ်။ ခွန်စ ( Khun Sa ) ဟာ ၂၀၀၇ ခုနှစ် မှာ နာမကျန်းဖြစ်ပြီး ဘဝနိဂုံးချုပ်ခဲ့ပါတယ်။ ဆေးထိုးကွပ်မျက်ခံခဲ့ရတာ လို့လည်းပြောကြပါတယ်။

၄။ အိုချိုအာ မောင်နှမများ ( Ochoa Brothers )

နောက်ထပ် ထူးခြားတဲ့မိသားစုဇာတ်လမ်းတစ်ပုဒ်အနေနဲ့ အိုချိုအာ (Ochoa) မောင်နှမသုံးယောက်ဟာ သူတို့ရဲ့ အလုပ်ရှင်စေခိုင်းမှုနဲ့ ကိုကင်းရောင်းဝယ်ရေးကို ၁၉၇၇ ခုနှစ်မှာ စတင်လုပ်ဆောင်ခဲ့ပါတယ်။ ၎င်းတို့သုံးယောက်ပေါင်းဟာ အသားတင်အမြတ်ငွေ ဒေါ်လာ ၆ ဘီလီယံအထိရှာဖွေနိုင်ခဲ့ကြပါတယ်။

၃။ ဒါဝတ် အက်ဗရာဟင် ကက်စ်ကာ ( Dawood Ibrahim Kaskar )

ဒါဝတ် အက်ဗရာဟင် ကက်စ်ကာ ( Dawood Ibrahim Kaskar ) ဟာ အိန္ဒိယနိုင်ငံ မှောင်ခိုလုပ်ငန်းစုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး လက်ရှိမှာ အိန္ဒိယနိုင်ငံက ဖမ်းဝရမ်းထုတ်ထားခံရသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူ့ရဲ့အမြတ်ငွေဟာ ဒေါ်လာ ၆.၇ ဘီလီယံ ရှိပြီး လက်ရှိမှာတော့ ပါကစ္စတန်မှာထွက်ပြေးတိမ်းရှောင်နေတယ်လို့ သတင်းရရှိထားပါတယ်။

၂။ အာမာဒို ကာရီလို ( Amado Carrillo )

အာမာဒို ကာရီလို ( Amado Carrillo ) ဟာ မက္ကဆီကိုရဲ့ အာဏာအရှိဆုံး မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတစ်ဦး ဖြစ်ပါတယ်။ ၎င်းဟာ ကိုယ်ပိုင်  ဘိုးအင်း ( Boeing ) ၇၄၇ ဂျက်လေယာဉ်  ၂၂ စီးစီး ကိုအသုံးပြုပြီး မက္ကဆီကိုနဲ့ အမေရိကကို ကိုကင်းရောင်းဝယ်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ အမြတ်ငွေအနေနဲ့ ဒေါ်လာ ၂၅ ဘီလီယံကို ပိုင်ဆိုင်ခဲ့ပါတယ်။ ၎င်းရဲ့လုံခြုံရေးအတွက် မျက်နှာခွဲစိတ်ပြုပြင်မှု ပြုလုပ်ခဲ့ပေမယ့်လည်း ခွဲစိတ်ပြုပြင်နေစဉ်မှာ သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

၁။ ပါဘလို အက်စ်ကိုဘာ ( Pablo Escobar )

ဒီဆောင်းပါးမှာ သင်ဘယ်တော့မှ မမေ့နိုင်မယ့်နာမည်က ပါဘလို အက်စ်ကိုဘာ (Pablo Escobar) ဖြစ်သွားနိုင်ပါတယ်။ သူဟာ သမိုင်းတစ်လျှောက် အထူးခြားဆုံးသော ကိုကင်းဘုရင်ဖြစ်ပြီး သူ့ရဲ့အောင်မြင်မှုလျှမ်းလျှမ်းတောက်ခဲ့တဲ့ အချိန်တွေမှာဆိုရင် အသားတင်ပိုင်ဆိုင်မှုငွေဟာ ဒေါ်လာ ဘီလီယံ ၃၀ အထိ ရှိခဲ့ပါတယ်။ ဒါဟာ ကိုလံဘီယာ တစ်လျှောက်မှာ ပါဘလို ( Pabalo ) မြှ ုပ်ထားခဲ့တဲ့ ဒေါ်လာ ဘီလီယံ ၂၀ ကျော်ကို ထည့်မတွက်ထားသေးပါဘူး။ တစ်ဘက်မှာလည်း အက်စ်ကိုဘာ ( Escobar ) ဟာ အမေရိကရဲ့ ကိုကင်း ကုန်သွယ်ရေး ၈၀ ရာခိုင်နှုန်းနဲ့ ချိတ်ဆက်ထားခဲ့ပြီး လူပေါင်းတစ်ထောင်ကျော်ကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးကိုင်စေခိုင်းခဲ့သူလည်း ဖြစ်ပါတယ်။ ပါဘလို အက်စ်ကိုဘာ (Pablo Escobar) ဟာ ၁၉၉၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Po Mo Htoo Aung (ရိုးရာလေး)
Ref : http://ppcorn.com/…/top-10-richest-drug-dealers-of-all-time/

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top