သီချင်းနှင့် အတူ

မိုးဖွဲဖွဲကျပြီဖြစ်သည့် မိုးဦးကာလလေး သည် ကျောင်းသူ၊ ကျောင်းသားတို့နှင့်အတူ လှချင်တိုင်း လှနေတော့သည်။

ကျွန်တော်လည်း သူငယ်ချင်း ကျောင်းဆရာလေးအား ညနေပိုင်း ကျောင်းဆင်းချိန်ကိုစောင့်ရင်း လက်ဘက်ရည်ဆိုင်တွင် တစ်ယောက်တည်း ထိုင်နေမိသည်။ ထိုဆိုင်တွင် အဆိုတော် ဇော်ဝင်းထွဋ်၏ သီချင်းကို ဖွင့်၍ထားလေသည်။ ထိုသီချင်းခွေမှ ‘ခေတ်ဟောင်းမင်းသားကြီး’ ဆိုသော သီချင်းတစ်ပုဒ်ကို ဆိုင်ရှင်ဦးလေးက ပြန်ကျော့၍ ဖွင့်ပြန်ရာ ကျွန်တော်လည်း ထိုသီချင်းကို သတိထားမိလေတော့သည်။ သီချင်းနှင့်အတူ ဟိုးအတိတ်ဆီကို တစ်ကျော့ပြန်ခဲ့မိတော့သည်။

လူသားတို့သည် မွေးဖွားခြင်းနှင့် စတင်ခဲ့ပြီး သေဆုံးခြင်းနှင့် အဆုံးသတ်ခဲ့ကြသည်ဟုဆိုလျှင် မှားမည်တော့မထင်ပေ။ သို့သော် လူသားတို့သည် မွေးဖွားခြင်းကို သတိတရ အမြဲရှိတတ်ကြပြီး သေဆုံးခြင်းကိုမူ မေ့ထားတတ်ကြပေသည်။ ထိုမွေးဖွားခြင်းနှင့် သေဆုံးခြင်း၏ ကြားကလတွင် လောဘ၊ ဒေါသ၊ မောဟ၊ မာနတို့နှင့် မမောနိုင် မပန်းနိုင် အတ္တကို ရှေ့တန်းတင်ပြီး ချီတတ်ကြသည်ပင် မဟုတ်ပါလား။ ထို့သို့ ချီတက်ကြရာတွင် နုပျိုစဉ်က အောင်မြင်ချိန်များ ရှိသကဲ့သို့ အသက်အရွယ်အရ အိုခြင်း၊ နာခြင်း၊ မစွမ်းခြင်းတို့နှင့်အတူ ကျဆုံးခြင်းများကလည်း ဘဝခရီတွင် ပါဝင်မြဲ ဇတ်ကွက်များပင် မဟုတ်ပါလား။ ထိုဖြစ်တတ်သော တရားတို့ကိုပင် လောကဓံတရားဟု ခေါ်လေသလားတော့ မပြောတတ်ပေ၊ သို့သော် လောကအရာရာ၏ ချမ်းသားခြင်း၊ အောင်မြင်ခြင်း၊ ကျန်းမာခြင်းစသည့် လောကီအရာရာကို တစ်နေ့နေ့တွင် လောကဓံတရားက အနိုင်ယူသွားမည် ပင်ဖြစ်သည်။ ထိုသို့သော ကျဆုံး နေဝင်ချိန်တွင် မိမိတစ်ယောက်တည်း အထီးကျန်နေတတ်ကြောင်းကိုလည်း ဆက်တွေးနေမိသည်။

လောကဓံတရားသည် ချမ်းသာခြင်း၊ ကျော်ကြားခြင်း၊ ကျန်းမာခြင်းစသည့် လောကီအရာရာတို့ကို တစ်နေ့နေ့ တစ်ချိန်ချိန်တွင် အနိုင်ယူသွားမည်ဖြစ်ပြီး ထိုတရာ၏လက်တွင် ကျွန်တော်တို့ ကျဆုံးကြရမည်ဖြစ်ကြောင်း တွေးနေမိသည်။ ထိုအချိန်တွင် ကျောင်းလည်းဆင်းလာပြီဖြစ်ပြီး သူငယ်ချင်း ကျောင်းဆရာလေးလည်း ပြန်လာပြီဖြစ်သည်။ လက်ဘက်ရည်ဆိုင်မှ ဦးလေးလည်း သူ့ရင်မှာ မည်သို့ခံစားနေသည်မသိ ထိုသီချင်းကို တတိယအကြိမ် ထပ်၍ ဖွင့်ပြန်လေတော့သည်။

လေပြေမောင် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top