ကလေးတွေအတွက် ပိုလုံခြုံစိတ်ချရတဲ့ကမ္ဘာ ဖန်တီးပေးချင်တဲ့ ဘက်ခမ်း

backham_001.gif

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း David Backham (ဒေးဗစ်ဘက်ခမ်း) ဟာ မိုးခေါင်ရေရှားမှုဒဏ်နဲ့ HIV ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြင့်မားတဲ့ အာဖရိကတိုက်တောင်ပိုင်း ဆွာဇီလန်နိုင်ငံက ရွာတွေကို သွားရောက်ခဲ့ပြီး ရွာသူ၊ ရွာသားတွေကို ပျော်ရွှင်စရာ ဖန်တီးပေးခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ 7:The David Beckham Unicef Fund ရဲ့ လှုပ်ရှားမှုအဖြစ် ဆွာဇီလန်နိုင်ငံကို သွားရောက်ခဲ့ပြီး ဒေသခံတွေနဲ့ ရင်းရင်းနှီးနှီး တွေ့ဆုံစကားပြောခဲ့ပါတယ်။

ကလေးလေးယောက်ဖခင် ဒေးဗစ်ဘက်ခမ်းက ”ကျွန်တော်တွေ့ခဲ့တဲ့ ကလေးတွေထဲမှာ တချို့ဆိုရင် ကျွန်တော့် သားသမီးအရွယ်လေးတွေပါ။ အဲဒီကလေးငယ်တွေရဲ့ မိဘတစ်ယောက်ယောက် (သို့မဟုတ်)နှစ်ယောက်လုံးဟာ AIDS ရောဂါကြောင့် ဆုံးပါးခဲ့ကြပြီး ကလေးတွေကိုယ်တိုင်လည်း HIV ပိုးကူးစက်နေကြပါတယ်။ ကလေးလေးယောက်ဖခင်ဖြစ်တဲ့ ကျွန်တော့်အတွက် သူတို့ နေ့စဉ်ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအကြောင်း နားထောင်ရတာ ရင်ထဲဆို့မိပါတယ်။ နဂိုကတည်းက ဆိုးရွားနေတဲ့ အခြေအနေဟာ မိုးခေါင်ရေရှားမှုကြောင့် အဆိုးပေါ်အဆိုးဆင့်သလို ဖြစ်စေခဲ့ပါတယ်”လို့ ပြောပါတယ်။

ဆွာဇီလန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ HIV ဗိုင်းရပ်စ် ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံပါ။ အာဖရိကတိုက် အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ ၃၅ နှစ်အတွင်း အဆိုးရွားဆုံး မိုးခေါင်ရေရှားမှု ကြုံတွေ့နေလို့ အဲဒီဒေသတစ်လွှားက ကလေးငယ်တွေဟာ ဘေးဒုက္ခ ဆိုးဆိုးရွားရွား ခံစားနေရပြီး လူသန်းပေါင်းများစွာဟာလည်း အငတ်ဘေးနဲ့ သေဆုံးရမယ့် ကိန်းဆိုက်နေပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ ယူနီဆက်ဖ် သံတမန်အဖြစ် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မနှစ်တုန်းက 7:The David Beckham Unicef Fund ကို တည်ထောင်ခဲ့တာပါ။
ဘက်ခမ်းရဲ့ဖောင်ဒေးရှင်းဟာ HIV ဗိုင်းရပ်စ်၊ AIDS ရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေကို ကယ်တင်နိုင်ဖို့အတွက် ရန်ပုံငွေတွေ တိုးမြင့်ရရှိအောင် လှုပ်ရှားနေပြီး ကမ္ဘာတစ်ဝန်းက အလှူရှင်တွေအနေနဲ့ အကူအညီလိုအပ်နေတဲ့ ကလေးငယ်တွေအတွက် အစားအစာ၊ ဆေးဝါးနဲ့ ရေသန့် လှူဒါန်းကြဖို့ ဘက်ခမ်းက တိုက်တွန်းထားပါတယ်။ ဘက်ခမ်းက ဒုက္ခခံစားနေရတဲ့ ကလေးငယ်တွေကို ကူညီပေးပြီး ကလေးတွေအတွက် ပိုလုံခြုံစိတ်ချရတဲ့ ကမ္ဘာဖန်တီးပေးချင်တယ်လို့ ပြောပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top