အိမ်ရာမဲ့တွေကို ကူညီတဲ့အနေနဲ့ လန်ဒန်မြို့လမ်းမထက်မှာ Big Issue မဂ္ဂဇင်းတွေ ရောင်းပေးခဲ့တဲ့မင်းသား ဝီလျံ

10-6-2022-yyl01.jpg

မင်းသားဝီလျံက Big Issue မဂ္ဂဇင်းရဲ့အနီရောင်အင်္ကျီနဲ့ဉီးထုပ်တွေကို ဝတ်ဆင်ပြီး လန်ဒန်မြို့လမ်းမထက်မှာ မဂ္ဂဇင်းတွေ ရောင်းပေးခဲ့ပါတယ်။ အိမ်ရာမဲ့တွေကို ကူညီထောက်ပံ့တဲ့ ပရဟိတလုပ်ငန်းအတွက် ရန်ပုံငွေရှာပေးတဲ့အနေနဲ့ မင်းသားဝီလျံ မဂ္ဂဇင်းတွေ ရောင်းပေးနေတာကို ဖြတ်သွားဖြတ်လာလူတစ်ယောက်က မြင်တွေ့ခဲ့ပါတယ်။Metropolitan Police ရဲတပ်ဖွဲ့ရဲ့အငြိမ်းစားရဲမှူးချုပ် မက်သရူးရဲ့ယောက်ဖဖြစ်သူက မင်းသား ဝီလျံနဲ့ မမျှော်လင့်ဘဲ တွေ့ဆုံမိခဲ့တာပါ။

မက်သရူးကမင်းသား ဝီလျံရဲ့ဓာတ်ပုံတွေကို သူ့ရဲ့Linkedin အကောင့်မှာ မျှဝေခဲ့ပါတယ်။ သူ့ရဲ့ Linkedin မှာ “ကျွန်တော့်ရဲ့ယောက်ဖက ဒီနေ့ လန်ဒန်မှာရှိခဲ့ပြီး နာမည်ကြီးတစ်ယောက်ကို မြင်ခဲ့တယ်။ ဒါကြောင့် သူက အဝေးကနေ ဓာတ်ပုံတစ်ပုံရိုက်ခဲ့တယ်။ နာမည်ကြီးက ဓာတ်ပုံရိုက်နေတာကို မြင်ပြီး စူးစမ်းဖို့အတွက် လမ်းဖြတ်ကူးလာခဲ့ပါတယ်။ အလိုအပ်ဆုံးသူတွေကို ကူညီရင်း နှိမ့်ချပြီး တိတ်တဆိတ်အလုပ်လုပ်နေတဲ့ ကျွန်တော်တို့ရဲ့အနာဂတ်ဘုရင်နဲ့ သီးသန့်တွေ့ဆုံခွင့်ရခဲ့တာ ဂုဏ်ယူစရာပါပဲ”လို့လည်း ရေးသားထားပါတယ်။

မင်းသား ဝီလျံက သူ့ရဲ့ယောက်ဖကို Big Issue ဝယ်ချင်လားလို့ မေးခဲ့ပါသေးတယ်။ ဝယ်ဖို့အတွက် ပိုက်ဆံအကြွေမရှိဘူးပြန်ပြောတော့ မင်းသားဝီလျံက ပိုက်ဆံကဒ်နဲ့ပေးလို့ရတဲ့စက်လေးကို ထုတ်ခဲ့တယ်လို့လည်း မက်သရူးက ပြန်ပြောပြပါတယ်။

Big Issue မဂ္ဂဇင်းရောင်းချနေတဲ့ မင်းသား ဝီလျံရဲ့ပုံနဲ့ပတ်သက်ပြီး တော်ဝင်ပရိသတ်တစ်ယောက်က “ဒါကို ချစ်လိုက်တာ၊ မင်းသား ဝီလျံက အကောင်းဆုံးပဲ။ သူက ဘုရင်ကောင်းတစ်ပါးဖြစ်လာလိမ့်မယ်”တဲ့။ နောက်ထပ်တစ်ယောက်ကလည်း “မင်းသား ဝီလျံက တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာလိုပါပဲ”လို့ ပြောခဲ့ပါတယ်။ “တကယ်ကို ဒိုင်ယာနာမင်းသမီးရဲ့သားပါပဲ။ တာဝန်ကျေပါတယ် ဝီလျံ”လို့လည်း ပြောဆိုခဲ့ကြပါတယ်။

မင်းသား ဝီလျံနဲ့ သူ့ရဲ့ကြင်ယာတော် ကိတ်တို့က သူတို့ရဲ့နှလုံးသားနဲ့နီးစပ်တဲ့ ပရဟိတအလုပ်တွေမှာ ဝင်ရောက်လုပ်ကိုင်တယ်ဆိုတာကို အရင်က ပြောခဲ့ဖူးပါတယ်။ ပရဟိတအလုပ်တွေလုပ်ဖြစ်ခဲ့တာက သူ့မိခင် ဒိုင်ယာနာမင်းသမီးရဲ့လှုပ်ဆော်မှုကြောင့်ပါပဲ။၂၀၁၄ခုနှစ်မှာ မင်းသား ဝီလျံက အိမ်ရာမဲ့တွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့အစည်း Centrepoint ဆီ သွားရောက်ခဲ့ပါတယ်။ ၂၀၁၈ခုနှစ်က သူနဲ့ကိတ်တို့က အိုးအိမ်မဲ့စောင့်ရှောက်ရေးစင်တာ The Passage ဆီကိုလည်း သွားရောက်ခဲ့ပါတယ်။ သူ့အသက် ၁၂ နှစ်အရွယ်မှာ သူ့အမေ ဒိုင်ယာနာမင်းသမီးက သူ့ညီလေး ဟယ်ရီမင်းသားနဲ့အတူ အဲဒီစင်တာကို ခေါ်သွားခဲ့ဖူးတယ်။

ဒိုင်ယာနာမင်းသမီးက တော်ဝင်မိသားစုထဲ ဝင်ရောက်ခဲ့ပြီးနောက် အိုးမဲ့အိမ်မဲ့ဖြစ်မှုကို သူ့ရဲ့ပထမဆုံးဉီးစားပေးပရဟိတအလုပ်အဖြစ် လုပ်ဆောင်ခဲ့တာပါ။ အိမ်ရာမဲ့တွေနဲ့ တွေ့ဆုံရမှာကိုလည်း မကြောက်ရွံ့ခဲ့တဲ့သူတစ်ယောက်ဖြစ်ခဲ့ပါတယ်။

Ref: The Mirror “Prince William spotted selling Big Issue on street as royal fans praise ‘humble’ work”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top