မုန်တိုင်းထန်တဲ့ညထဲက မေတ္တာတရားရဲ့ ပဲ့တင်ထပ်သံ

10-6-2022-yyl04.jpg

မုန်တိုင်းထန်တဲ့ညတစ်ည . . . ဟိုတယ်ခန်း လိုက်ရှာနေတဲ့ လင်မယားနှစ်ယောက် ဘယ်လီဗူးဟိုတယ်ကို ရောက်လာတယ်။ ဒါပေမဲ့ ဟိုတယ်မှာ အခန်းလွတ်တစ်ခန်းမျှ မရှိတော့ဘူး။ ဖီလာဒဲဖီးယားမှာ နိုင်ငံတကာညီလာခံရှိနေလို့ ဒီညအတွက် သူတို့ဟိုတယ်အပြင် တမြို့လုံးက ဟိုတယ်တွေမှာ အခန်းတွေ ပြည့်နေပြီလို့ ဟိုတယ်စာရေး လူငယ်လေးက ပြောတယ်။

လင်မယားနှစ်ယောက်လုံးက အသက်ကြီးနေပြီး ရာသီဥတုကလည်း ဆိုးရွားနေချိန်ဖြစ်လို့ စာရေးလူငယ်လေးက သူတို့ကို အပြင်မထွက်စေချင်ဘူး။ ဒါကြောင့်ပဲ သူ အိပ်ရမယ့်အခန်းမှာ တည်းမလားလို့ မေးလိုက်တယ်။ ” ဦးတို့ကို အခန်းပေးလိုက်ရင် မောင်ရင်က ဘယ်မှာ အိပ်မှာလဲ” က အမျိုးသားကြီးက ပြန်မေးတယ်။

” ကိစ္စမရှိပါဘူး ဦးလေး။ ကျွန်တော်က တစ်ကိုယ်ရေတစ်ကာယပဲလေ။ ဒီညတော့ ဧည့်ကြိုကောင်တာမှာပဲ အိပ်လိုက်မယ်။ မုန်တိုင်းတိုက်နေလို့ ဦးလေးတို့ကို ကျွန်တော် အပြင်ပြန်မထွက်စေချင်တော့ဘူး။ ဒီတော့ ကျွန်တော့်ရဲ့ ကမ်းလှမ်းမှုကို လက်ခံလိုက်ပါ”လင်မယားနှစ်ယောက်ကလည်း တခြားရွေးချယ်စရာမရှိလို့ လူငယ်လေးရဲ့ ကမ်းလှမ်းမှုကို လက်ခံပြီး အဲဒီညက လူငယ်လေးရဲ့အခန်းမှာပဲ အိပ်လိုက်ကြတယ်။ နောက်နေ့နံနက်လင်းတော့ ဟိုတယ်ကနေ မပြန်ခင် လင်မယားနှစ်ယောက်က လူငယ်လေးကို ကျေးဇူးတင်လွန်းလို့ ငွေသားတော်တော်များများ လာပေးတယ်။

” ကျွန်တော့်ကို အနေရခက်အောင် မလုပ်ပါနဲ့ ဦးရယ်။ ငွေရချင်လို့ ကျွန်တော့်အခန်းမှာ တည်းခွင့်ပေးခဲ့တာ မဟုတ်ပါဘူး။ ဦးတို့ကို ကူညီပေးချင်တာပဲ ရှိပါတယ်” လို့ လူငယ်လေးက ပြောလိုက်တော့ အမျိုးသားကြီးလည်း လူငယ်လေးရဲ့ ရိုးသားမှုနဲ့ ကူညီတတ်တဲ့ စိတ်ထားကြောင့် ရင်ထဲ နွေးခနဲ ဖြစ်သွားတယ်။

” လူလေးက တကယ့်ကို လူကောင်းတစ်ယောက်ပဲကွယ်။ ဒီလို ဟိုတယ်သေးသေးလေးမှာ ဘာလို့ လုပ်နေတာလဲ။ လူလေးက ကမ္ဘာ့အကောင်းဆုံးဟိုတယ်မှာ မန်နေဂျာလုပ်ရမယ့်သူမျိုးကွ” ” ဒီဟိုတယ်လေးမှာ အလုပ်လုပ်ရတာ ကျွန်တော် အလွန်ပျော်ပါတယ် ဦးလေး။ ပြီးတော့ ဒီထက်ကြီးတဲ့ ဟိုတယ်ကို စီမံခန့်ခွဲနိုင်မယ့် အရည်အချင်းလည်း ကျွန်တော့်မှာ မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဦးလေးရဲ့ နူးညံ့ကြင်နာတဲ့ စကားလုံးတွေအတွက် ကျေးဇူးတင်ပါတယ်”

” တကယ်လို့ တစ်နေ့နေ့မှာ ဦးလေးက ကမ္ဘာ့အကောင်းဆုံးဟိုတယ် ဆောက်ပြီးသွားရင် ဦးလေးဆီလာပြီး အလုပ်လာလုပ်ပေးနိုင်မလား”လို့ အမျိုးသားကြီးက ပြုံးပြီး မေးလိုက်တယ်။ ဒါပေမဲ့ လူငယ်လေးရဲ့ စိတ်ထဲမှာတော့ ဒီလူကြီး စိတ်ခံစားမှု ပြင်းပြနေချိန်မို့လို့ အပျော်အပြက် ပြောနေတာဖြစ်မယ်လို့ပဲ သဘောထားခဲ့ပါတယ်။ ” လာမှာပေါ့ ဦးလေးရယ်၊ ဦးလေးသာ ဟိုတယ်ဆောက်ပြီးလို့ကတော့ ကျွန်တော် သေချာပေါက် လာခဲ့ပါ့မယ်” လို့ ခပ်ပေါ့ပေါ့ ပြန်ဖြေလိုက်တယ်။ လူငယ်လေးက လုပ်စရာတွေ အရမ်းများနေလို့ မြန်မြန်စကားစဖြတ်တဲ့အနေနဲ့ အခုလို ပြောလိုက်တာပါ။

” ဂွတ်ဘိုင် လူလေး။ သိပ်မကြာခင် ဦးလေးဆီက သတင်းကြားရလိမ့်မယ်” ” ဂွတ်ဘိုင်”ဒီလိုနဲ့ အချိန် ၃ နှစ် ကုန်လွန်သွားပြီး လူငယ်လေးလည်း သူလုပ်နေတဲ့ ဟိုတယ်မှာ မန်နေဂျာအဖြစ် ရာထူးတိုးသွားပါပြီ။ တစ်နေ့မှာတော့ သူ့ဆီရောက်လာတဲ့ စာတွေကို စစ်ရင်း စာအိတ်တစ်လုံးကို ဖောက်လိုက်တော့ နယူးယော့ခ်ကို ပျံသန်းမယ့် လေယာဉ်လက်မှတ်တစ်စောင်ကို တွေ့ရတယ်။ ပြီးတော့ အခမ်းအနားတက်ဖို့ဖိတ်တဲ့ ဖိတ်စာတစ်စောင်လည်း တွေ့တယ်။ ဒါပေမဲ့ ဘာကြောင့် သူ့ကို ဖိတ်တာလဲဆိုတဲ့အကြောင်းတော့ မသိဘူး။

လူငယ်လေးကလည်း သိချင်စိတ်ပြင်းပြလာလို့ နယူးယော့ခ်ကို သွားဖို့ ဆုံးဖြတ်လိုက်တာပေါ့။ နယူးယော့ခ်ကို ရောက်တော့ သူ့ကို လူတစ်ယောက် လာကြိုပြီး မြို့လယ်ကို ခေါ်သွားတယ်။ မြို့လယ်ရောက်ချိန်မှာတော့ သူမြင်ဖူးသမျှထဲမှာ အကောင်းဆုံးဟိုတယ်ကြီးကို တွေ့လိုက်တယ်။ တစ်ဆက်တည်းမှာ ” မောင်ရင် မန်နေဂျာလုပ်ဖို့ ဦး ဆောက်ထားတဲ့ ဟိုတယ်ပဲ” ဆိုတဲ့ စကားသံကို သူ ကြားလိုက်တယ်။ လွန်ခဲ့တဲ့ ၃ နှစ်က သူ့အခန်းမှာ တည်းသွားတဲ့ အမျိုးသားကြီး။

အဲဒီအမျိုးသားကြီးကတော့ အမေရိကန် စီးပွားရေး၊ နိုင်ငံရေးသမား ဝီလျံဝဲလ်ဒေါ့ဖ်ဖြစ်ပြီး လူငယ်လေးကတော့ ဂျော့စီဘို့တ်လို့ အမည်ရပါတယ်။ ဝီလျံဝဲလ်ဒေါ့ဖ်ရဲ့ Waldorf Astoria ဟိုတယ်ဟာ အထပ်တိုင်းမှာ လျှပ်စစ်မီးရတဲ့ ကမ္ဘာ့ပထမဆုံးဟိုတယ်ဖြစ်ပြီး သူ့ခေတ်သူ့အခါက ကမ္ဘာ့အကောင်းဆုံးဟိုတယ်စာရင်း ဝင်ခဲ့ပါတယ်။ ဂျော့စီဘို့တ်ကတော့ အဲဒီဟိုတယ်ရဲ့ ပထမဆုံးမန်နေဂျာအဖြစ် ၂၃ နှစ်ကြာ အလုပ်လုပ်ခဲ့ပါတယ်။

Ref: THE STORY OF WILLIAM WALDORF AND GEORGE C. BOLDT

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top