ကိုဗစ်-၁၉ ကူးစက်ရောဂါ စမ်းသပ်မှု ၂၉၀၀ ကြိမ်ခန့် ပြုလုပ်နိုင်မယ့် စမ်းသပ်ပစ္စည်းနဲ့ ဆက်စပ် ပစ္စည်း များကို မြန်မာနိုင်ငံအတွက် ယူနီလီဗာ လှုဒါန်း

MOHS-yyl-001.jpg

မြန်မာနိုင်ငံတော် အစိုးရရဲ့ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းများကို အထောက်အကူပြုရန် ကိုဗစ်-၁၉ ကူးစက်ရောဂါ စမ်းသပ်မှုပေါင်း ၂၉၀၀ ကြိမ်ခန့် ပြုလုပ်နိုင်မည့် စမ်းသပ်နှင့် ရီအေးဂျင့်အပါအဝင် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံအတွက် ယူနီလီဗာ ကုမ္ပဏီများ လုပ်ငန်းစုက ဇွန်လ (၁၂) ရက်နေ့မှာ လှူဒါန်းခဲ့ပါတယ်။

ယခုအကြိမ်လှုဒါန်းတဲ့ ပစ္စည်းများတွင် စုစုပေါင်း မြန်မာကျပ်ငွေ ၈၀၀ သိန်းခန့် တန်ဖိုးရှိသည့် စမ်းသပ်မှု အကြိမ်ရေ ၂၉၀၀ ခန့် ပြုလုပ်နိုင်သော Novel Coronavirus (2019-nCOV) Nucleic Acid Diagnostic Kit (PCR Fluorescence Probing)၊ PCR tube၊ release reagent (S1014)၊ swabနှင့် storage reagent တို့ပါဝင်ပါတယ်။ အဲဒီပစ္စည်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ မေလအတွင်းက လွှဲပြောင်းပေးအပ်ပြီး ဖြစ်ကာ ဒီလှုဒါန်းမှုအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမြင့်ထွေးက ယူနီလီဗာနှင့် တကွ အခြား အလှုရှင်များကို ဇွန်လ ၁၂ ရက်နေ့တွင် ကျင်းပသော အလှုငွေ လက်ခံသည့် အခမ်းအနားတွင် ကျေးဇူးတင်စကား ပြောကြားခဲ့ကြပါတယ်။

ယူနီလီဗာက ဧပြီလအတွင်းကလည်း ကျပ်ငွေ ၂၂၀၀ သိန်း တန်ဖိုးရှိသည့် သန့်ရှင်းရေးရာ လူသုံး ဆေးရုံ/အိမ်သုံးပစ္စည်းများကို ကိုဗစ်-၁၉တားဆီးကာကွယ်ရေး လုပ်ငန်းများကိုရှေ့တန်းမှ မဆုတ်မနစ် ဆောင်ရွက်နေသူများအတွက် ရည်ရွယ်ပြီး ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနသို့ လှုဒါန်းခဲ့ပါတယ်။ ယူနီလီဗာရဲ့ လှုဒါန်းမှုမှာ အရေအတွက် ၇၁၀,၀၀၀ ခု ရှိသော Lifebuoy, Family Care, Lux, Citra, Signal နှင့် CloseUp အမှတ်တံဆိပ် တကိုယ်ရေ သန့်ရှင်းရေး လူသုံးကုန် ပစ္စည်းများ၊ Mr. Care, E.co, Win နှင့် Rose အမှတ်တံဆိပ် အိမ်နှင့် ဆေးရုံဆေးခန်းများ သန့်ရှင်းရေး ကုန်ပစ္စည်းများ ဖြစ်ပါတယ်။

ယူနီလီဗာက ပြည်တွင်း လေဆိပ်များတွင် အသုံးပြုနိုင်ရန်အတွက်လည်း လေကြောင်းပို့ဆောင်ရေးဌာနခွဲသို့ တကိုယ်ရေနှင့် အိမ်/ရုံး သန့်ရှင်းရေး ကုန်ပစ္စည်းများကို ဧပြီလအစောပိုင်းက လှုဒါန်းခဲ့ပါတယ်။ ဒါ့အပြင် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ၊ စက်မှုဇုန်များ၊ လူမှုအဖွဲ့အစည်း ဖောင်ဒေးရှင်းများသို့လည်း အလားတူ ကုန်ပစ္စည်းများ လှုဒါန်းပြီး ဒီအဖွဲ့အစည်းအသီးသီးရဲ့ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး ကြိုးပမ်းမှုများကို အထောက်အကူ ပြုခဲ့ပါတယ်။ ဒါ့အပြင် နေရပ်စွန့်ခွာ နေထိုင်ရသူနှင့် သူတို့ကို လက်ခံကူညီပေးကြသည့် လူမှု အသိုက်အဝန်း များ အပါအဝင် မြန်မာနိုင်ငံတွင်းရှိ ကူညီပံ့ပိုးမှု လိုအပ်နေသည့် မိသားစုများရဲ့ ပတ်ဝန်းကျင် သန့်ရှင်းရေးနှင့် တကိုယ်ရေ သန့်ရှင်းရေးအတွက် တိုးမြှင့် ဆောင်ရွက်နိုင်ရန် ယူနီလီဗာက ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာ အေဂျင်စီ ယူအင်န်အိတ်ချ်စီအာအား (ကျပ် ၁၇၅၀ သိန်းခန့် တန်ဖိုးရှိ) ဆပ်ပြာခဲပေါင်း ၆၀၈၀၀၀ ကို လှုဒါန်းခဲ့ ပြီး ဖြစ်ပါတယ်။ ယူနီလီဗာက အဖွဲ့အစည်းအသီးသီးရဲ့ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေး လုပ်ငန်းများ အတွက် လက်ရှိ အချိန်အထိ ကျပ်ငွေ ၄၇၅၀ သိန်းကျော် တန်ဖိုးရှိ ပစ္စည်းများကို လှုဒါန်းထားပြီး ဖြစ်ပါတယ်လို့လည်း သိရပါတယ်။

ယူနီလီဗာ အနေဖြင့် မြန်မာနိုင်ငံတစ်ဝှမ်းရှိ ပြည်သူ ပြည်သူများ ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီး ကာကွယ်ရာတွင် အထောက်အ ကူ ပြုသည့် ကုန်ပစ္စည်းတွေကို နိုင်ငံတစ်ဝှမ်း လုံလုံလောက်လောက်ရရှိနေစေရေး သေချာစေပြီး ကိုဗစ်-၁၉ ကာကွယ်တိုက်ဖျက်ရေး နိုင်ငံတော် အစိုးရရဲ့ ကြိုးပမ်းအားထုတ်မှုများတွင် အပြည့်အ၀ ပူးပေါင်း ဆောင်ရွက်သွား မည်လည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းနှင့် နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ တားဆီးကာကွယ်ရေး ကြိုးပမ်း ဆောင်ရွက်မှုများအား အထောက်အကူပြုရန် ပံ့ပိုးဆောင်ရွက်များကို ပြီးခဲ့သည့် မတ်လအတွင်းက ယူနီလီဗာက ထုတ်ပြန်ကြေငြာထားပြီး ဖြစ်ပါတယ်။ ယခု မြန်မာနိုင်ငံတွင် လှုဒါန်းမှုများမှာ ကမ္ဘာတစ်ဝှမ်းရှိ လူပေါင်းများစွာရဲ့ အသက်အိုးအိမ်များကို ကာကွယ်ပေးရန်နှင့် ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများ အထောက်အကူပြုရန် အဲဒီ ကတိကဝတ်ရဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် လှုဒါန်းခြင်းလည်းဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top