နေရောင်ဒဏ်က ကာကွယ်ကြပါ

6-4-2020-yyl-001.jpg

ခုတလော သိသိသာသာ တိုးလာတဲ့ အပူချိန်ကြောင့် အသားအရေတွေ ထိခိုက်ပျက်စီးမှာကို စိုးရိမ်နေတဲ့ လေဒီလေးတွေ။ ကိုကိုတွေရှိလား…….. ဒါဆိုရင်တော့ နေရောင်ကြောင့် အသားအရေ ထိခိုက်ပျက်စီးမှုကင်းစေဖို့ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်နော်။

နေရောင်ခြည်က ဆိုးကျိုးပဲရှိတာလား

နေရောင်ခြည်က ဆိုးကျိုးပဲရှိတာလား ဆိုတော့ မဟုတ်ပါဘူး။ နေရောင်ခြည်က ကောင်းကျိုးပေးပါတယ်။ မနက်ခင်း နေခြည် နုနုနွေးနွေးလေးက

စိတ်ခံစားမှု ကောင်းစေတယ်
အရိုးတွေ သန်မာစေတယ်
ရောင်ရမ်းမှုကို သက်သာစေတယ်
သွေးပေါင်ကျ စေတယ်
ကင်ဆာ ကာကွယ်ပေးနိုင်တယ်
ဦးနှောက် စွမ်းဆောင်ရည်ကို ကောင်းမွန်စေတယ် စတဲ့ အကျိုးကျေးဇူးတွေကို ရရှိစေနိုင်တယ်။

နေရောင်ကြောင့် အရေပြားမှာ ဘာတွေဖြစ်စေနိုင်လဲ

နေရောင် ထိခိုက်နိုင်တာက တော်တော်လေးများပါတယ်။

အသားမဲ စေတယ်
နေလောင် စေတယ်
အရေးအကြောင်းတွေ ဖြစ်စေတယ်
တင်းတိပ် ဖြစ်စေတယ်
မှဲ့ခြောက် ဖြစ်စေတယ်
ဝက်ခြံ ဖြစ်စေတယ်
အရေပြားကင်ဆာ ဖြစ်စေနိုင်တယ်။

အရေပြားရဲ့ ရန်သူတော်များ

အရေပြားကို နေရောင်ကထိခိုက်စေတယ်လို့ လွယ်လွယ်ပြောလေ့ရှိကြပေမယ့် အရေပြားကို ထိခိုက်စေတဲ့ နေရောင်ဆိုတာထက် နေရောင်မှာပါတဲ့ ခရမ်းလွန်ရောင်ခြည် ကြောင့်ဆိုရင် ပိုမှန်ပါမယ်။ ခရမ်းလွန်ရောင်ခြည်ကရော တစ်မျိုးတည်းလားဆိုတော့ မဟုတ်ပါဘူး။ UVA နဲ့ UVB ဆိုပြီး ကွာခြားပါသေးတယ်။

ခရမ်းလွန်ရောင်ခြည်တွေဖြစ်ကြတဲ့ UVA နဲ့ UVB (၂ မျိုးစလုံးက အသားအရေကို ထိခိုက်စေတယ်ဆိုတာကတော့ အမှန်ပါပဲ။ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်ကို ရောက်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည် အမျိုးအစားတွေပေါ့။ နှစ်ခုစလုံးက အရေပြားမှာ နေလောင်တာကို ဖြစ်စေပါတယ်။

ဘာလဲ….. UVA

UVA ဆိုတာက အရေပြားအတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ခရမ်းလွန်ရောင်ခြည်တစ်မျိုးပါ။ UVA က

အရေပြားကင်ဆာကို ဖြစ်စေနိုင်သလို
အရွယ်မတိုင်ခင် အသားအရေအိုမင်းတာ
အရေးအကြောင်းတွေဖြစ်တာ၊
နေလောင်တာ နဲ့ အသားအရောင် မညီတာတွေကို ဖြစ်စေနိုင်ပါတယ်။ နေရောင်ခြည်ထဲမှာ UVA ပါဝင်မှုက UVB ပါဝင်မှုထက် အဆ ၅၀၀ ပိုများပါတယ်။

ဘာလဲ….. UVB

UVB ဆိုတာကလည်း ခရမ်းလွန်ရောင်ခြည် တစ်မျိုးပါ။

နေလောင်တာ
အသားအရောင် မညီတာ
အရေးအကြောင်း တွေဖြစ်တာ
အသားမှာ မှဲ့လို အညိုကွက်တွေဖြစ်ပြီး အရေပြားကင်ဆာဖြစ်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။

UVA လောက်တော့ အရေပြား အတွင်းပိုင်းအထိ မဝင်ရောက်နိုင်ဘူးပေါ့။
ဘယ်လိုပြောပြော နှစ်မျိုးစလုံးကတော့ အရေပြားကို ထိခိုက်စေတာပါပဲ။ ဒါကြောင့် အရေပြားကို ထိခိုက်မှုကင်းစေဖို့အတွက် နေရောင်ဒဏ်ကနေ ကာကွယ်တာကတော့ အကောင်းဆုံးပါ။

နေရောင်ဒဏ်ကို ဘာနဲ့ ကာကွယ်မလဲ

နေရောင်ဒဏ်ကို ကာကွယ်ပေးမယ့် ဇာတ်လိုက်ရှိပါတယ်။ ဒါကတော့ SPF ပါ။ SPF ကို (Sun Protection Factor) လို့ခေါ်ပြီး နေရောင်ခြည်မှာပါတဲ့ UVB ကို အထိရောက်ဆုံး ကာကွယ်ပေးနိုင်ပါတယ်။ UVB ကြောင့် အသားအရေ ပျက်စီးမှုကင်းချင်တယ်ဆိုရင်တော့ SPF ပါတဲ့ နေလောင်ကာခရင်မ်ကို အသုံးပြုတာက အဆင်အပြေဆုံးဖြစ်မှာပါ။

နေရောင်ထဲမထွက်ခင် အနည်းဆုံး နာရီဝက်အလိုလောက်မှာ နေလောင်ကာခရင်မ် လူးပေးပါ။ နေလောင်ကာခရင်မ် ဆိုတဲ့နေရာမှာလည်း အနည်းဆုံး SPF 15 ပါတာကိုရွေးပေးပါ။

Ref : hellosayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top