ဘယ်အခါမှ ယုံကြည်ပြီးမလုပ်သင့်တဲ့ ပေါ်ပင်အဆီချနည်းများ

iStock-663845678.jpg

လူတွေရဲ့အတွေးကိုက နည်းနည်းလုပ်ပြီး များများခံစားချင်တာမျိုးပါ။ ဒါပေမဲ့ ဘယ်တုန်းကများ ဒီလိုလုပ်ပြီး လွယ်လွယ်ကူကူ အဆင်ပြေဖူးပါသလဲ။ ကိုယ်အလေးချိန် ကျချင်ပါသလား။ “အံဩဖွယ် ကောင်းလောက်အောင် အဆီကျသွားစေမယ့် အကောင်းဆုံးနည်းလမ်း” ဆိုတဲ့ ကြော်ငြာမျိုးတွေကို ရှောင်ပါ။

ဒီလို ကိုးရိုးကားရားနိုင်တဲ့ အဆီချနည်းတွေဟာ အရင်ကတည်းက အစဉ်အဆက်ရှိလာခဲ့ပါတယ်။ (တော်တော်များများက ရှေးကသုံးခဲ့တဲ့နည်းလမ်းတွေဖြစ်ပြီး အချို့နည်းလမ်းတွေကို ဒီနေ့ခေတ်အထိ အသုံးပြုနေကြတုန်းပါပဲ)

အရည်သောက်ပြီးအဆီချတဲ့နည်း (အများအားဖြင့် အရက်)

၁၀၂၈ ခုနှစ်မှာမွေးဖွားခဲ့တဲ့ ဝီလီယမ် (William) ရဲ့ နည်းလမ်းဖြစ်ပါတယ်။ သူရဲ့ ကိုယ်ပိုင်နည်းလမ်းဖြစ်ပြီး အရက်များများသောက်ခြင်းနဲ့ အဆီချတဲ့နည်းလမ်းပါ။ အဆီတော့ ကျသွားမှာမှန်ပေမဲ့ မတော်တဆမှုတစ်ခုနဲ့သာ မသေခဲ့ဘူးဆိုရင်တောင် အသည်းရောဂါနဲ့ သေမှာသေချာနေပါတယ်။ ၁၉၆၀ လောက်မှာ ဒီနည်းကိုပဲ အနည်းငယ်ဆန်းသစ်ပြီးတော့ ”အရက်သမားအဆီချနည်း” လို့ အသုံးပြုခဲ့ကြပါသေးတယ်။ ဒီနည်းမှာတော့ ”အမဲသား” ”ငါး” စတာတေတွဲဖက်စားသုံးပြီး အရက်ကို တတ်နိုင်သလောက် သောက်ရတဲ့ ပုံစံဖြစ်ပါတယ်။ မဆိုးဘူးနော်။

အစာချေစနစ်ကိုမြှင့်တင်ပြီး အဆီချတဲ့နည်း (အဆိပ်ဖြေနည်း)

ဒီနည်းကလည်း တော်တော်လေးရှေးကျပါတယ်။ အသည်းနဲ့ ကျောက်ကပ်က အဆိပ်အတောက်တွေကို ဆေးကြောပေးပြီး အဆီချတဲ့နည်းပါ။ ၁၉၄၁ ခုနှစ်မှာ စတန်လီ ဘာရွှက် (Stanley Burroughs ) ဆိုသူက တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနည်းကတော့ လွယ်ပါတယ်။ သံပရာရည်၊ ပျားရည်၊ ငရုပ်ကောင်းနဲ့ ရေ ရောစပ်ထားတဲ့ဖျော်ရည်ကို တစ်နေ့ (၆) ကြိမ်နဲ့ (၁၀) ရက် သောက်ရတာပါ။

ဒါဟာ သင့်ကို အဆီကျစေတာမှန်ပေမဲ့ ခဏတာပါပဲ။ (၁၀) ရက်ပြည့်လို့ ပုံမှန်လိုပြန်စားလိုက်တာနဲ့ အရင်ပုံစံ ပြန်ဖြစ်သွားစေမှာပါ။ ဘာဖြစ်လို့လဲဆိုရင် ဒီနည်းလမ်းက သင့်ရဲ့ ခန္ဓာကိုယ်ကို နည်းပါးတဲ့ကယ်လိုရီနဲ့ အလုပ်လုပ်နိုင်အောင် ထောက်ပံ့ပေးထားတာမျိုး ဖြစ်နေလို့ပါပဲ။ ဒီနည်းလမ်းကိုရပ်လိုက်တဲ့အခါ ခန္ဓာကိုယ်က လိုအပ်နေတဲ့ကယ်လိုရီကို ဖြည့်တင်းပေးရပါတော့တယ်။ ခဏတာ အဆီကျချင်သူတွေကတော့ စမ်းကြည့်ကြပါတယ်။

လုံးဝအစာမစားဘဲအဆီချတဲ့နည်း (ရေသောက်ပြီးအဆီချတဲ့နည်း)

ဘယ်လိုပဲစဉ်းစားသည်ဖြစ်စေ ဒါကတော့ လုံးဝမဖြစ်သင့်တဲ့နည်းလမ်းတစ်ခုပါ။ လေကောင်းလေသန့်ကို သေချာ ဝင်လေ ထွက်လေမှတ်ပြီး သဘာဝရဲ့ စွမ်းအားတွေကို စုပ်ယူတယ်လို့တောင် ကြီးကြီးကျယ်ကျယ်တွေ ပြောကြပါတယ်။ လူမသိအောင် ကွယ်ရာမှာတိတ်တဆိတ် စားသောက်တဲ့သူမျိုးတွေသာ အသက်ရှင်မှာဖြစ်ပါတယ်။ ဒါဟာ ဘယ်နည်းနဲ့မှ နည်းလမ်းကျတဲ့ အဆီချနည်းမဟုတ်ပါဘူး။ သင့်အနေနဲ့ မစားဘဲနေနိုင်သည့်တိုင်အောင် ပြန်စားမိတဲ့အခါ လိုတာထက်ပိုစားနေမိတာကို တွေ့ရမှာပါ။

အိပ်ပြီးအဆီချတဲ့နည်း

အိပ်ပျော်နေရင်တော့ ဗိုက်မဆာတော့ဘူးပေါ့နော်။ အိပ်ဆေးသောက်ပြီး များများအိပ်နေတာက အဆင်ပြေပါ့မလား။ နိုးလာတဲ့အခါ ခေါင်းမူး၊ ခေါင်းကိုက် မအီမသာဖြစ်တာတွေကို ခံစားရမှာပါ။ ဒါလည်း အဆင်ပြေတဲ့ နည်းလမ်းတစ်ခုတော့ မဟုတ်ပါဘူး။

သမန်းဝံပုလွေအဆီချနည်း

အထက်မှာဖော်ပြခဲ့တဲ့ သံပရာဖျော်ရည်ကိုသောက်၊ လေကောင်းလေသန့်ရှု၊ အဲဒီနောက် ဒီလိုအူကြောင်ကြောင် နာမည်ကိုပေးလိုက်တာပါ။ ပိုထူးဆန်းတာက ဒီနည်းလမ်းမှာ လရောင်လှုံတယ်ဆိုတဲ့ ကိုးရိုးကားရားနည်းလမ်း တစ်ခုပါဝင်နေတာပါ။ လပြည့်ရက်လရဲ့အလင်းရောင်က လူရဲ့ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်ဆိုပြီး လရောင်လှုံတဲ့နည်းလမ်းကိုပါ ထည့်ခဲ့ကြတာပါ။ (နာမည်ဆန်းပြားနေရတာကတော့ သမန်းဝံပုလွေတွေဟာ လပြည့်နေ့မှာပဲ လူကနေဝံပုလွေအဖြစ်ကို ပြောင်းနိုင်တာကြောင့် ဖြစ်ဟန်တူပါတယ်)

သွေးအမျိုးအစားအရသင့်တော်ရာပုံစံနဲ့ အဆီချတဲ့နည်း

ဒီနည်းကတော့ သင့်ရဲ့ သွေးအမျိုးအစားအရ သင်လိုအပ်မယ့် ကယ်လိုရီ၊ စွမ်းအင်၊ ရေဓာတ် စတာတွေကို တွက်ချက်ပြီး ဘယ်လိုအစားအစာတွေ စားသင့်တယ်ဆိုတာ အကြံပြုတာဖြစ်ပါတယ်။ လူအများစုရဲ့ ပြောပုံအရ ဒီနည်းမှာညွှန်းဆိုထားတဲ့ အစားအစာတွေဟာ ကျောင်းစာသင်ခန်းမှာကပ်ထားလေ့ရှိတဲ့ ”အာဟာရတိုးအောင် စားရမယ့်အစားအစာများ” ဆိုတာနဲ့ သိပ်မကွာဘူးလို့ ပြောကြပါတယ်။ (သိသိသာသာ ထူးခြားမှုမရှိဘူးလို့ ဆိုလိုတာပါ)

တုတ်ကောင် (သန်ကောင်) တွေမျိုချပြီး အဆီချတဲ့နည်း

ဒီနည်းကတော့ သင့်အနေနဲ့ ကြားဖူးချင်မှကြားဖူးပါလိမ့်မယ်။ ကိုယ်စားသမျှအစာတွေကို တုတ်ကောင်က စားပေးတယ်ဆိုတဲ့ယူဆချက်နဲ့ တုတ်ကောင်တွေကို မျိုချကြတာဖြစ်ပါတယ်။ ဘယ်အခါမှ စမ်းသပ်ကြည့်သင့်တဲ့ နည်းလမ်းမျိုး မဟုတ်ပါဘူး။

ဂေါ်ဖီစွပ်ပြုတ်သောက်ပြီး အဆီချတဲ့နည်း

အစားအစာတစ်မျိုးတည်းကို နေ့တိုင်းစားနိုင်ပါ့မလား။ ဂေါ်ဖီဆိုရင်တော့ လုံးဝစားနိုင်မယ်မထင်ပါဘူး။ ဒီနည်းမှာတော့ (၇) ရက်ပတ်လုံး ဂေါ်ဖီကိုပဲ တတ်နိုင်သလောက် များများစားပေးရပါတယ်။ တခြား အသီးအနှံတွေနဲ့ အမဲသား၊ ကြက်သား တွေကိုလည်း တွဲဖက်စားနိုင်ပါတယ်။ သူရဲ့ အားနည်းချက်ကတော့ စားရတဲ့အစားအစာတွေမှာ ရေဓာတ်၊ အသားဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှု နည်းပါးနေတာ ဖြစ်ပါတယ်။

ရွံအိုင်၊ ဗွက်အိုင်တွေနဲ့ ဝေးဝေးနေပြီးအဆီချတဲ့နည်း

တော်တော်လေးထူးဆန်းနေပါတယ်။ ဒါပေမဲ့ ၂၀၁၉ ခုနှစ်မှာရှိနေတာကြောင့် ဒီလိုကျိုးကြောင်းဆီလျော်မှု မရှိတဲ့နည်းလမ်းကို စမ်းသပ်ကြည့်လောက်မှာ မဟုတ်ဘူးလို့ ယူဆမိပါတယ်။

ဝါဂွမ်းစားပြီးအဆီချတဲ့နည်း

၂၀၁၃ ခုနှစ်လောက်တုန်းက ခေတ်စားခဲ့ဖူးတဲ့နည်းလမ်းတစ်ခုပါ။ ဝါဂွမ်းတွေဟာ အဆီမပါဘူး၊ ဗိုက်ပြည့်စေတယ်ဆိုပြီး စားသုံးကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဝါဂွမ်းတွေက အစာချေစနစ်ကို ကောင်းကောင်းကြီး ဒုက္ခပေးမှာဖြစ်တဲ့အပြင် ဘာအာဟာရဓာတ်မှလည်းမပါတာကြောင့် လုံးဝအဆင်ပြေမှာမဟုတ်ပါဘူး။

Ref: Curiosity ”You should never ever try these 11 diets fads from the past (and present)”
Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top