ပစ်ကပ်ကားကိုမပြီး ကားအောက်ပိနေတဲ့ဖခင်ကို ကယ်တင်ခဲ့တဲ့ မိန်းမပျို

father-daughter-affection-large.jpg

အသက်(၁၉)နှစ်အရွယ် မိန်းမပျိုတစ်ဦးဟာ ပေါင် ၅၀၀၀ ကျော် လေးတဲ့ ပစ်ကပ်ကားကိုမပြီး ကားအောက်ပိနေတဲ့ ဖခင်ကို ကယ်တင်နိုင်ခဲ့တဲ့အတွက် ကယ်တင်ရှင်ဆု ရခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၈ ရက်က ဩစတြီးယား နိုင်ငံ ဗီယင်နာမြို့မှာ အခုလို ဖြစ်ပျက်ခဲ့တာပါ။

ဂိုဒေါင်ထဲမှာ GMC ပစ်ကပ်ကားအောက်ဝင်ပြီး ကားပြင်နေတဲ့ အဲရစ်ဟာ ကားချိုင့်ချော်ထွက်သွားချိန်မှာ ကားအောက်ပိနေခဲ့ပါတယ်။ သူ့အပေါ် ကားပိနေချိန်မှာ ဓာတ်ဆီတွေ ဖိတ်ကျပြီး ကားမီးလောင်ခဲ့သလို အနီးနားမှာ ရှိနေတဲ့ ဂတ်စ်အိုးတွေလည်း ပေါက်ကွဲခဲ့ပါတယ်။ ” ကားအောက်မှာ ပက်လက်လန်ပြီး သံချေးတတ်နေတဲ့ ဘရိတ်ကြိုးတချို့ကို ဖြုတ်ဖို့ လုပ်နေတုန်း ကားချိုင့်ချော်ထွက်ပြီး ကျွန်တော့်အပေါ် ကားပိခဲ့ပါတယ်။ အဲဒီနားမှာ ထမင်းဟင်းချက်ဖို့ သုံးတဲ့ ဂတ်စ်အိုးတွေ ပေါက်ကွဲပြီး မီးထတောက်ခဲ့တယ်”လို့ အဲရစ်က ပြောပါတယ်။

အိမ်ပေါ်မှာရှိနေတဲ့ သမီးဖြစ်သူ ရှားလော့ က ပေါက်ကွဲသံတွေ ကြားလို့ အောက်ဆင်းကြည့်ချိန်မှာ သူ့အဖေရဲ့ အဖြစ်အပျက်ကို မြင်တွေ့ခဲ့ပါတယ်။ ရှားလော့ က ” ကားကို စပြီးမချိန်မှာ အဖေက ရခါနီးပြီလို့ အားပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကားအောက်ကနေ အဖေ ထွက်လာနိုင်ခဲ့ပါတယ်။ အဖေ့ကို မယုံနိုင်စရာကောင်းတဲ့ ခွန်အားနဲ့ ကားအောက်ကနေ ဆွဲထုတ်နိုင်ခဲ့တာပါ”လို့ ပြောပါတယ်။ ရှားလော့ဟာ ဖခင်ကို ကယ်တင်နိုင်ခဲ့ပြီးတဲ့နောက် မီးလောင်နေတဲ့ကားကြောင့် တစ်အိမ်လုံး မပေါက်ကွဲသွားအောင် ကြိုးပမ်းခဲ့ပါတယ်။ ဘီးတစ်လုံး လိုနေတဲ့ကားကို အိမ်နဲ့ဝေးရာဆီ မောင်းနှင်ခဲ့ပါတယ်။ ရှားလော့ဟာ အိမ်ကို ပြန်ရောက်လာချိန်မှာ အစ်မဖြစ်သူရဲ့ ကလေးငယ်ကို ချီပြီး အိမ်သူအိမ်သားတွေကို ဘေးလွတ်ရာ ရှောင်နေဖို့ လုပ်ဆောင်ပေးခဲ့ပါတယ်။

အရပ် ငါးပေခြောက်လက်မရှိပြီး ခန္ဓာကိုယ်အလေးချိန် ပေါင် ၁၂၀ ရှိတဲ့ ရှားလော့ ဟာ လေတပ်အကယ်ဒမီမှာ ပညာသင်ကြားနေသူဖြစ်ပြီး ကျေးဇူးတော်ချီးမွမ်းပွဲ အားလပ်ရက်ခွင့်ရလို့ အိမ်ပြန်လာတာဖြစ်ပါတယ်။ ဒီဖြစ်ရပ်အတွက် သူရဲကောင်းတစ်ယောက်လို မခံစားရဘဲ ကိုယ်လုပ်ရမယ့်ကိစ္စကို လုပ်ခဲ့တာလို့ပဲ ခံစားတယ်လို့ ရှားလော့က ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့တုန်းက ရှားလော့ကို Fairfax စီရင်စု မီးသတ်နဲ့ ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ရှင်ဆု ပေးအပ်ခဲ့တာပါ။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top