မီးရှုးမီးပန်းထည့်ထားတဲ့နာနတ်သီးစားမိလို့ သေဆုံးခဲ့ရတဲ့ ကိုယ်ဝန်သည်ဆင်မကြီးအတွက် ပန်းချီပညာရှင်တွေက ပုံတွေရေးဆွဲပြီး ဝမ်းနည်းကြောင်းပြသ

elephant01.jpg

အခုတလော လူမှုကွန်ယက်အကောင့်မှာပျံ့နှံ့နေပြီး လူတိုင်းမျှဝေနေကြတဲ့ ဝမ်းနည်းစရာဆင်မကြီးအကြောင်းကို စာဖတ်ပရိသတ်တွေ မြင်ကြတွေ့ကြမှာပါ။ စာနာသနားစိတ်မရှိကြတဲ့လူသားတွေရဲ့လုပ်ရပ်ကြောင့် သေဆုံးသွားခဲ့ရတဲ့ ကိုယ်ဝန်သည်ဆင်မကြီးအကြောင်းပါ။ အဲဒီဖြစ်ရပ်က မေလ ၂၇ ရက်နေ့က အိန္ဒိယနိုင်ငံ၊ ကီရာလာမြို့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ နာနတ်သီးထဲမှာ မီးရှုးမီးပန်းထည့်ထားမှန်းမသိဘဲ စားမိခဲ့လို့ နာကျင်မှုတွေခံစားရရင်းနဲ့ သေဆုံးသွားခဲ့တာပါ။ သူ့ပါးစပ်ထဲမှာ မီးရှုးမီးပန်းက ပေါက်ကွဲသွားခဲ့ပြီး သူ့မေးရိုးတွေ ပျက်စီးသွားရင်းနဲ့ပဲ သူနဲ့အတူ ဗိုက်ထဲမှာ ကလေးလေးလည်း သေဆုံးသွားခဲ့ရပါတယ်။ အခုဆိုရင် ဆင်မကြီးရဲ့သတင်းက လူအများကြားမှာ ပျံ့နှံ့နေပြီး လူတော်တော်များများကို ဝမ်းနည်းစိတ်မကောင်းဖြစ်စေခဲ့ပါတယ်။

Kerala Forest Department က ပြောရေးဆိုခွင့်ရှိသူတစ်ဦးကတော့ လယ်သမားတွေက တောရိုင်းတိရစ္ဆာန်တွေ သူတို့ရဲ့လယ်ကွင်းနားလာမှာဆိုးတဲ့အတွက် အစားအစာတွေထဲကို မီးရှုးမီးပန်းတွေထည့်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဆင်မကြီးကို ကယ်ဖို့ကြိုးစားခဲ့တဲ့အဖွဲ့ရဲ့အဖွဲ့ဝင် သစ်တောအရာရှိ မိုဟန် ခရစ်နန်က ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဆင်မကြီးရဲ့အကြောင်းကို မျှဝေရင်းနဲ့ လူအများသိရှိသွားခဲ့တာဖြစ်ပါတယ်။ “ဆင်မကြီးက လူတိုင်းကို ယုံကြည်ခဲ့တာပါ။ သူ စားလိုက်တဲ့နာနတ်သီးက ပေါက်ကွဲသွားတဲ့အခါမှာ (၁၈) လကြာရင် မွေးလာတော့မယ့် ကလေးအကြောင်းကို တွေးမိပြီး ဆင်မကြီး ထိတ်လန့်သွားခဲ့ရပါတယ်”လို့ အရာရှိမိုဟန်က ပြောပါတယ်။

ဆင်တွေက အစာရှာဖို့အတွက် Silent Valley National Park မှာလှည့်လည်သွားလာခဲ့ကြတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။ မီးရှုးမီးပန်းမြုပ်ထားတဲ့အသီးကို စားမိပြီး သေဆုံးခဲ့ရတဲ့ Malappuram District ထိရောက်လာပုံရတယ်လို့ ဆိုပါတယ်။ Malapurram က ကောင်တီတစ်ခုလုံးမှာ တိရစ္ဆာန်တွေအတွက် အန္တရာယ်အများဆုံးနေရာဖြစ်ကြောင်းကို “Malappuram က အဲဒီလိုမတော်တဆမှုတွေကြောင့် နာမည်ကြီးပါတယ်။ အိန္ဒိယရဲ့ရက်စက်ကြမ်းကြုတ်ဆုံးခရိုင်ပါပဲ။ အဲဒီကလူတွေက လမ်းမပေါ်မှာ အဆိပ်တွေကို ပစ်ချတယ်။ ဒါကြောင့် တစ်ချိန်တည်းမှာပဲ ငှက် (၃၀၀-၄၀၀) နဲ့ ခွေးတွေသေဆုံးကြရပါတယ်။ ကီရာလာမှာလည်း (၃) ရက်တိုင်း ဆင်တစ်ကောင်အသတ်ခံရပါတယ်”လို့ တိရစ္ဆာန်အခွင့်အရေးတက်ကြွစွာလှုပ်ရှားသူ မနီကာ ဂန်ဟီက ပြောပါတယ်။

ဆင်မကြီးရဲ့လျှာနဲ့ပါးစပ်က အရမ်းဆိုးဆိုးရွားရွားထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။ “ရွာလမ်းမထက်မှာ နာကျင်ရင် ပြေးလွှားနေခဲ့တာတောင် လူသားတစ်ဦးတစ်ယောက်ကိုတောင် အန္တရာယ်မပြုခဲ့ပါဘူး။ အိမ်တစ်အိမ်မှာကိုလည်း မဖျက်စီးခဲ့ပါဘူး”လို့ အရာရှိမိုဟန်က ပြောပါတယ်။ နောက်တော့ ဆင်မကြီးက Velliyar River ထဲဆင်းပြီး ခေါင်းကို ရေထဲငုပ်ပြီး ရပ်နေခဲ့တာပါ။ ဒါပေမဲ့ သူ မလှုပ်နိုင်တော့ဘဲ ရေထဲမှာ ရပ်နေရင်းနဲ့ပဲ သေဆုံးသွားခဲ့ရပါတယ်။ အာဏာပိုင်တွေက ဆင်မကြီးကို ကားနဲ့တောထဲကို ပြန်ခေါ်သွားခဲ့ပြီး အဲဒီမှာပဲ မြုပ်နှံပေးခဲ့ကြပါတယ်။ ဆင်မကြီး ဘယ်နေရာကနေ ထိခိုက်ဒဏ်ရရခဲ့တာလဲဆိုတာကိုတော့ သေသေချာချာမသိခဲ့ရဘူးလို့ ဆိုပါတယ်။

ပြည်တွင်းအာဏာပိုင်တွေက အသက် (၂၅) နှစ်အရွယ်ဆင်မကြီးအသတ်ခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေကြပါတယ်။ အဖွဲ့အစည်းနှစ်ခုကလည်း တရားခံကို ဖမ်းဆီးနိုင်ဖို့အတွက် သတိပေးကူညီပေးမယ့်သူတွေကို ဆုကြေးငွေပေးမယ်လို့ ကြေညာထားပါတယ်။ စုံစမ်းစစ်ဆေးနေစဉ်မှာပဲ လှုမှုကွန်ယက်အကောင့်မှာ လူတော်တော်များများက သနားစရာဆင်မကြီးအတွက် ပန်းချီပုံတွေရေးဆွဲရင်းနဲ့ ဝမ်းနည်းကြောင်းသက်သေပြလို့နေပါတယ်။


Ref: Artists Pay Tribute To The Pregnant Elephant Who Died Due To Someone Stuffing A Pineapple With Fireworks

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top