တိရစ္ဆာန်ဥယျာဉ်ကို အလည်လာခွင့် ရလို့ ပျော်နေတဲ့ တိရစ္ဆာန်လေးတွေ

9-7-2020-yyl-013.jpg

တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက တိရစ္ဆာန်လေးတွေဟာ တိရစ္ဆာန်ဥယျာဉ်ကို ပြီးခဲ့တဲ့လက လည်ပတ်ခွင့်ရခဲ့ပါတယ်။ ကပ်ရောဂါအတွင်း တိရစ္ဆာန်ဥယျာဉ်မှာ လာရောက်လည်ပတ်သူ မရှိခဲ့တဲ့အတွက် ဥယျာဉ်က တိရစ္ဆာန်လေးတွေလည်း ပျင်းရိနေပုံရပါတယ်။ အခုလို စောင့်ရှောက်ဂေဟာက တိရစ္ဆာန်လေးတွေ သူတို့ဆီလာလည်တော့ သူတို့တွေပျော်ရွှင်ရသလို လာလည်ရတဲ့ တိရစ္ဆာန်လေးတွေလည်း အပြင်ထွက်ခွင့်ရလို့ အပျင်းပြေနေမှာဖြစ်ပါတယ်။ တိရစ္ဆာန်ဥယျာဉ်ကို လာလည်တဲ့ တိရစ္ဆာန်လေးတွေကတော့ ခွေးလေးတွေ၊ ကြောင်လေးတွေပါပဲ။

ပြီးခဲ့တဲ့လက the Animal Defense League of Texas တိရစ္ဆာန်ဂေဟာဟာ သူတို့ရဲ့ တိရစ္ဆာန်လေးတွေကို San Antonio Zoo ကို အလည်အပတ်ခေါ်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ကပ်ရောဂါအတွင်းမှာ ခွေးလေးတွေ၊ ကြောင်လေးတွေက ခြင်္သေ့၊ ကျားသစ်၊ မျောက်၊ သစ်ကုလားအုတ်နဲ့ အခြားစိတ်ဝင်စားစရာကောင်းတဲ့ တိရစ္ဆာန်တွေနဲ့ တွေ့ဆုံခွင့်ရခဲ့ကြပါတယ်။ သူငယ်ချင်းအသစ်တွေနဲ့ တွေ့ဆုံခွင့်ရတာကြောင့် ပျော်ရွှင်ခဲ့ကြပါတယ်။ ဂေဟာက ရိုက်ထားတဲ့ဗီဒီယိုမှာ သူတို့ရဲ့သူငယ်ချင်းအသစ်တွေကို ခွေးလေးတွေ အမြီးလှုပ်ပြနေတာကို တွေ့ရပါတယ်။

“အခုလိုအချင်းချင်းတွေ့ဆုံရတာက တိရစ္ဆာန်အားလုံးအတွက် ထူးခြားတဲ့အတွေ့အကြုံဖြစ်မှာပါ။ အသက် (၇) နှစ်အရွယ် ခွေးဖြူလေး ကာလာကို တိရစ္ဆာန်ဥယျာဉ်က တိရစ္ဆာန်တွေအားလုံးက စိတ်ဝင်စားနေကြတာပါ။ သစ်ကုလားအုတ်ကလည်း သူတို့ရှေ့မှာ ထူးဆန်းတိရစ္ဆာန်တွေ့ရတော့ စူးစမ်းချင်စိတ်ပြင်းပြနေတဲ့ပုံပါပဲ. ကျွန်တော်တို့ရဲ့ကြောင်လေးတွေကလည်း ရေမြင်းနဲ့ငါးတွေကိုမြင်တော့ ထူးထူးဆန်းဆန်းဖြစ်နေပါတယ်”လို့ Animal Defense League of Texas ရဲ့ Marketing Manager မီချယ်လ် သော်ဆန်က ပြောပါတယ်။

Animal Defense League of Texas က COVID-19 ကြောင့် ငွေရေးကြေးရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ “ADL နဲ့ San Antonio Zoo က COVID-19 ကပ်ရောဂါရဲ့သက်ရောက်မှုကို မျှဝေခံစားခဲ့ကြရပါတယ်။ ရလဒ်အနေနဲ့က ရန်ပုံငွေနဲ့ မရှိမဖြစ်လိုအပ်နေတဲ့ ဝင်ငွေတွေ ဆုံးရှုံးခဲ့ရပါတယ်”လို့ မီချယ်လ်က ပြောပါတယ်။ ဒါကြောင့် အဖွဲ့အစည်းနှစ်ခုလုံးရင်ဆိုင်နရတဲ့ ပြဿနာတွေကို လူမှုအသိုင်းအဝိုင်းက သိမြင်သွားမယ့် နည်းကို စဉ်းစားခဲ့ကြပါတယ်။ သူတို့တွေးမိခဲ့တာက တိရစ္ဆာန်ဥယျာဉ်ကို စောင့်ရှောက်ရေးဂေဟာက ခွေးလေး၊ကြောင်လေးတွေ သွားလည်တဲ့ပုံတွေကို လူမှုကွန်ယက်မှာ မျှဝေလိုက်မယ်ဆိုရင် တိရစ္ဆာန်ဥယျာဉ်နဲ့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာကို လူတွေသတိထားမိသွားစေမယ်ဆိုတာပါပဲ။ အခုလိုကျပ်တည်းတဲ့အချိန်အတွင်း ကူညီလက်ကမ်းပေးကြဖို့လည်း မီချယ်လ်က လူတွေကို တိုက်တွန်းထားပါတယ်။

video

Ref: These Shelter Pets Were Taken On A Field Trip To Meet Their Exotic Relatives At The Local Zoo

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top