ယူကရိန်းအရေး ဆွေးနွေးဖို့ ဂျိုးဘိုင်ဒင်နဲ့ ပူတင် ထိပ်သီးအစည်းအဝေးလုပ်ဖို့ မူအရ သဘောတူ

21-2-2022-yyl4.jpg

ယူကရိန်းအရေး ဆွေးနွေးဖို့အတွက် ရုရှားသမ္မတ ပူတင်နဲ့ ထိပ်သီးအစည်းအဝေးလုပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မူအရ သဘောတူညီခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေးလုပ်ဖို့ ပြင်သစ်နိုင်ငံက စေ့စပ်ညှိနှိုင်းပေးခဲ့တာပါ။ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ပူတင်တို့ ဖုန်း ၂ ကြိမ်ပြောခဲ့တာ ၃ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။ တနင်္လာနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဖုန်းပြောခဲ့တာပါ။ အဲဒီနောက်မှာ မက်ခရွန်က ဂျိုးဘိုင်ဒင်ထံ ၁၅ မိနစ်ကြာ ဖုန်းဆက်ဆွေးနွေးခဲ့ပါတယ်။

ရုရှားက ယူကရိန်းကို မကျူးကျော်ဘူးဆိုရင် ဆွေးနွေးမှုလုပ်မယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ ဒါပေမဲ့ ထောက်လှမ်းရေးသတင်းတွေအရ ရုရှားနိုင်ငံက ထိုးစစ်ဆင်ဖို့ အသင့်ဖြစ်နေပြီလို့ တွက်ဆထားကြောင်း အမေရိကန်အရာရှိတွေက ဆိုပါတယ်။ အဲဒီသုံးသပ်ချက်ကိုတော့ ရုရှားက ငြင်းဆန်ထားပါတယ်။ လာမယ့်ကြာသပတေးနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်လက်ဗ်ရော့ဗ်တို့ တွေ့ဆုံမှာဖြစ်ပြီး ထိပ်သီးအစည်းအဝေးအတွက် အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးဖို့ရှိတယ်လို့ ပြင်သစ်သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

ယူကရိန်းနယ်စပ်မှာ ရုရှားစစ်သည် ၁၅၀၀၀၀ ကျော် ဖြန့်ကျက်ထားတယ်လို့ အမေရိကန်က ခန့်မှန်းထားပါတယ်။ ဂြိုဟ်တုဓာတ်ပုံသစ်တွေအရ ယူကရိန်းနယ်စပ်နားမှာ ရုရှားတပ်ရင်းတွေက သံချပ်ကာကားတွေ၊ စစ်သည်တွေ ထပ်ဖြန့်ကျက်ထားပြီး စစ်ရေးအရ အသင့်ဖြစ်နေပြီလို့ ညွှန်ပြနေကြောင်း အမေရိကန်ကုမ္ပဏီ Maxar က ပြောပါတယ်။ ယူကရိန်းအရေးတင်းမာမှုတွေနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ပူတင်ကတော့ ယူကရိန်းစစ်တပ်ကို ပြစ်တင်ခဲ့ပါတယ်။ ရုရှားက ယူကရိန်းကို ကျူးကျော်ဖို့ အကြောင်းရင်းရှာနေတာလို့ ယူကရိန်းက ပြန်တုံ့ပြန်ခဲ့ပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းပဋိပက္ခကို ဖြေရှင်းဖို့ ဖွဲ့စည်းထားတဲ့ ရုရှား၊ ယူကရိန်း၊ ပြင်သစ်၊ ဂျာမနီ (၄)နိုင်ငံပါအဖွဲ့ (နော်မန်ဒီဖောမတ်)အတိုင်း ဆွေးနွေးမှုတွေလုပ်ဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ပူတင်တို့ သဘောတူညီခဲ့ကြတယ်လို့ ပြင်သစ်သမ္မတရုံးက ပြောပါတယ်။ မက်ခရွန်နဲ့ ဖုန်းဆက်ဆွေးနွေးချိန်မှာ ပူတင် ပေးခဲ့တဲ့ ကတိကဝတ်တွေအရ သူ့အနေနဲ့ သံတမန်လမ်းကြောင်းကနေ အဖြေရှာချင်စိတ် ရှိသေးတယ်ဆိုတာ ပြသနေပြီး ကြိုဆိုရမယ့်လက္ခဏာဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။ ဒါပေမဲ့ ပူတင်အနေနဲ့ ယူကရိန်းနယ်စပ်ကနေ စစ်သည်တွေ ပြန်ဆုတ်ခွာခိုင်းပြီး ခြိမ်းခြောက်မှုတွေကို ပြန်ရုပ်သိမ်းပေးဖို့ ဘောရစ်ဂျွန်ဆင်က တိုက်တွန်းခဲ့ပါတယ်။

အစောပိုင်းက ဘီလာရုစ်နိုင်ငံမှာ လုပ်နေတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို အချိန်တိုးမြှင့်လိုက်တယ်လို့ ရုရှားက ကြေညာခဲ့ပါတယ်။ ဘီလာရုစ်မှာ ရုရှားစစ်သည် ၃၀၀၀၀ ရှိနေပြီး ပုံမှန်အားဖြင့် တနင်္ဂနွေနေ့မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးမှာဖြစ်ပါတယ်။ ဒါပေမဲ့ ယူကရိန်းနိုင်ငံအရှေ့ပိုင်းမှာ အခြေအနေတွေ ဆိုးရွားနေလို့ စစ်ရေးလေ့ကျင့်မှုကာလကို တိုးမြှင့်လိုက်တာလို့ ဘီလာရုစ်နိုင်ငံက ထုတ်ပြန်ခဲ့ပါတယ်။

” တင့်ကားတွေ ထွက်မလာခင်၊ လေယာဉ်တွေ ပျံသန်းမလာခင်အထိ ရလာတဲ့ အခွင့်အရေးတိုင်း၊ ရလာတဲ့ အချိန်မိနစ်တိုင်းမှာ သမ္မတပူတင် ရှေ့ဆက်မတိုးအောင် သံတမန်နည်းလမ်းနဲ့ သိမ်းသွင်းနိုင်မလားဆိုတာ ကြိုးစားကြည့်သွားမှာပါ” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သိုနီဘလင်ကန်က ပြောပါတယ်။ ရုရှားဘက်က အချိန်တိုအတွင်း တိုက်ခိုက်မှုလုပ်နိုင်တယ်လို့ အမေရိကန်အစိုးရက ယုံကြည်နေကြောင်း အမေရိကန်မီဒီယာတွေက ဖော်ပြခဲ့ပြီးနောက်မှာ အန်သိုနီဘလင်ကန်က အခုလို ပြောခဲ့တာပါ။

မြေပြင်မှာရှိတဲ့ ရုရှားတပ်မှူးတွေဟာ ကျူးကျော်တိုက်ခိုက်ဖို့ ခွင့်ပြုချက်အမိန့် ရရှိထားပြီး တိုက်ပွဲနဲ့ပတ်သက်တဲ့ အထူးအစီအမံတွေ ချမှတ်နေကြပြီလို့ ထောက်လှမ်းရေးသတင်းရရှိထားကြောင်း CBS News က ဖော်ပြခဲ့ပါတယ်။ ရုရှားက ဆိုက်ဘာတိုက်ခိုက်မှုနဲ့ စတင်ကျူးကျော်ပြီး ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်မယ်၊ ပြီးရင် မြေပြင်တပ်ဖွဲ့တွေက ကိဗ်မြို့ကို သိမ်းပိုက်ဖို့ စီစဉ်ထားတယ်လို့ အဲဒီသတင်းမှာ ဖော်ပြပါတယ်။

ရုရှားနိုင်ငံရဲ့ တပ်ဖွဲ့အင်အား ၇၅ ရာခိုင်နှုန်းနီးပါး ယူကရိန်းနယ်စပ်မှာ ရောက်ရှိနေပြီလို့ အမည်မဖော်လိုတဲ့ ထောက်လှမ်းရေးအရာရှိတစ်ယောက်က CNN ကို ပြောပါတယ်။ ယူကရိန်းနိုင်ငံကို တိုက်ခိုက်နိုင်တဲ့ အကွာအဝေးအတွင်း ရုရှားတပ်ဖွဲ့တွေ စုရုံးနေတာ တော်တော်ထူးခြားတဲ့အခြေအနေ ဖြစ်တယ်လို့ အဲဒီသတင်းရင်းမြစ်က ဆိုပါတယ်။

ဒါပေမဲ့ ယူကရိန်းနယ်စပ်နားမှာ ရုရှားတိုက်ခိုက်ရေးအဖွဲ့တွေ ဖွဲ့စည်းထားခြင်း မရှိသေးလို့ မနက်ဖြန်၊ သဘက်ခါအတွင်း တိုက်ခိုက်မှုလုပ်ဖို့တော့ မဖြစ်နိုင်သေးဘူးလို့ ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်ဇ်နီကော့ဗ်က ပြောပါတယ်။

Ref: BBC “Ukraine tensions: Biden agrees in principle to summit with Putin”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top