ယူကရိန်းအရေးနဲ့ ဘာကြောင့်၊ ဘယ်လို

21-2-2022-yyl8.jpg

ခွဲထွက်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒွန်ညက်မြို့ကို ရုရှားတင့်ကားတွေ ရောက်လာပါပြီ။ အခုနောက်ဆုံး ဂြိုဟ်တုဓာတ်ပုံတွေအရဆိုရင် ယူကရိန်းနယ်စပ်ကနေ ၉ မိုင်နဲ့ ၁၉ မိုင်ကြား အကွာအဝေးမှာ ရုရှားစစ်သည်တွေ ဖြန့်ကျက်ထားတာ တွေ့ရတယ်။ ရုရှားသမ္မတပူတင်ကတော့ ရုရှားစစ်သည်တွေကို ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေလို့ သုံးနှုန်းခဲ့တယ်။ အနောက်အုပ်စုကတော့ ဒါက အဓိပ္ပာယ်မရှိဘူး၊ ယူကရိန်းကို အချိန်တိုအတွင်း ကျူးကျော်တော့မှာလို့ ဆိုကြတယ်။

ယူကရိန်းနိုင်ငံရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကို လေးစားပါမယ်လို့ ၁၉၉၄ ခုနှစ်မှာ ရုရှားက သဘောတူလက်မှတ် ရေးထိုးခဲ့တယ်။ ဒါပေမဲ့ ဥရောပသမဂ္ဂနဲ့ နေတိုးအဖွဲ့မှာ ပူးပေါင်းပါဝင်ချင်တဲ့ ယူကရိန်းရဲ့ဆန္ဒကို ပူတင်က သဘောမကျဘူး။ မျက်မှောက်ခေတ် ယူကရိန်းနိုင်ငံဆိုတာ ကွန်မြူနစ်ရုရှားက ဖန်တီးပေးခဲ့တာပါလို့ သူက ပြောတယ်။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလမှာ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲသွားခဲ့တာကို သမိုင်းဝင်ရုရှားရဲ့ နယ်မြေပြိုကွဲမှုဖြစ်ခဲ့တာလို့ ကောက်ယူထားပုံရတယ်။

ယူကရိန်းက ဆိုဗီယက်ပြည်ထောင်စုဟောင်းကနေ ပေါ်ပေါက်လာတဲ့ နိုင်ငံဆိုတော့ ယူကရိန်းနဲ့ ရုရှားဟာ လူမှု-ယဉ်ကျေးမှု ၂ သွယ်လုံး ဆက်နွှယ်မှုနက်ရှိုင်းခဲ့တယ်။ ယူကရိန်းမှာလည်း ရုရှားစကားပြောကြတဲ့သူများတယ်။ ဒါပေမဲ့ ၂၀၁၄ ခုနှစ်မှာ ဥရောပသမဂ္ဂကို ငြင်းပယ်ပြီး ရုရှားကို ရွေးချယ်ခဲ့တဲ့ သမ္မတ ဗစ်တာယန်နူကိုဗစ် ပြုတ်ကျသွားခဲ့တယ်။ အဓိကရုဏ်းတွေဖြစ်ပြီး ယူကရိန်းနိုင်ငံရေးမုန်တိုင်းထန်နေတုန်း ၂၀၁၄ ခုနှစ် မတ်လမှာ ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းပိုက်ခဲ့တယ်။ အဲဒီနောက်ပိုင်းကစပြီး ရုရှားနဲ့ ယူကရိန်း ဆက်ဆံရေးက အရင်လို မဟုတ်တော့ဘူး။

ယူကရိန်းဟာ အနောက်အုပ်စုရဲ့ ရုပ်သေးရုပ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံ လုံးဝမဟုတ်ခဲ့ဘူးလို့ ပူတင်က ဆိုတယ်။ တကယ်လို့ ယူကရိန်းသာ နေတိုးအဖွဲ့ဝင် ဖြစ်သွားရင် နေတိုးအဖွဲ့က ခရိုင်းမီးယားဒေသကို ပြန်သိမ်းကြလိမ့်မယ်တဲ့။ အဲဒီတော့ ယူကရိန်းကို နေတိုးအဖွဲ့ဝင်နိုင်ငံ ဖြစ်ခွင့်မပေးပါဘူးဆိုတဲ့ အာမခံချက်တောင်းတယ်။ ဒါပေမဲ့ နေတိုးအဖွဲ့ကလည်း ရုရှားရဲ့တောင်းဆိုချက်ကို မလိုက်လျောဘူး။

အဖွဲ့ဝင်နိုင်ငံ ၃၀ ပါဝင်တဲ့ နေတိုးအဖွဲ့ကလည်း ၁၉၉၇ နောက်ပိုင်း ဥရောပအရှေ့ပိုင်းကို တိုးချဲ့မှုတွေ လုပ်ခဲ့တယ်။ ၁၉၉၇ ခုနှစ်နောက်ပိုင်း နေတိုးအဖွဲ့ဝင် ဖြစ်လာတဲ့နိုင်ငံ ၁၄ နိုင်ငံရှိတဲ့အနက် အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယားတို့လို ဆိုဗီယက်ပြည်ထောင်စုဟောင်းနိုင်ငံ (၃)နိုင်ငံ ပါဝင်ခဲ့တယ်။ ယူကရိန်းကို နေတိုးအဖွဲ့ဝင် ဖြစ်ခွင့်မပေးဖို့အပြင် နေတိုးအဖွဲ့က ရုရှားနယ်စပ်နားမှာ လက်နက်တွေ မဖြန့်ကျက်ဖို့၊ ၁၉၉၇ ခုနှစ်နောက်ပိုင်းကျမှ နေတိုးအဖွဲ့ဝင် ဖြစ်လာတဲ့ နိုင်ငံတွေကနေ နေတိုးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ဖယ်ရှားပေးဖို့လည်း ပူတင်က တောင်းဆိုခဲ့တယ်။ ဥရောပအလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ ဘော်လ်တစ်ဒေသကနေ နေတိုးအဖွဲ့ကို ဆုတ်ခွာခိုင်းတဲ့အဓိပ္ပာယ်ပါပဲ။ ပူတင်ရဲ့တောင်းဆိုချက်တွေကို နေတိုးက လက်မခံခဲ့ဘူး။

ပြင်သစ်သမ္မတ မက်ခရွန်က ယူကရိန်းအရေး ဖြေရှင်းဖို့အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ပူတင်ကြား ထိပ်သီးအစည်းအဝေးကျင်းပနိုင်ဖို့ ကြားဝင်ညှိနှိုင်းပေးခဲ့တယ်။ ဒါပေမဲ့ ဒွန်ညက်နဲ့ လူဟန့်စ်ဒေသ ၂ ခုကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် အသိအမှတ်ပြုကြောင်း ကြေညာလိုက်တဲ့ ပူတင်ရဲ့လုပ်ရပ်ကြောင့် ထိပ်သီးအစည်းအဝေးဖြစ်လာဖို့ မရှိတော့ပါဘူး။

ဒီလုပ်ရပ်ကြောင့် အနောက်အုပ်စုက ရုရှားအပေါ် အရေးယူပိတ်ဆို့မှုတွေ စတင်ပါပြီ။ ဗြိတိန်နိုင်ငံက ရုရှားဘဏ် ၅ ခုနဲ့ ရုရှားစီးပွားရေးလုပ်ငန်းရှင် ၃ ယောက်ကို အရေးယူပိတ်ဆို့တယ်။ ဂျာမနီက ရုရှား-ဂျာမနီ သွယ်တန်းထားတဲ့ Nord Stream 2 ဓာတ်ငွေ့ပိုက်လိုင်း ဖွင့်လှစ်မယ့်ကိစ္စကို ဆိုင်းငံ့လိုက်တယ်။ ရုရှားကတော့ ဂျာမနီရဲ့ ဆုံးဖြတ်ချက်အတွက် ဝမ်းနည်းမိတယ်၊ ဒါက ယာယီဆုံးဖြတ်ချက် ဖြစ်ပါစေလို့ မျှော်လင့်ကြောင်း မှတ်ချက်ပေးခဲ့တယ်။

ဥရောပခေါင်းဆောင်တွေကလည်း ငွေကြေးဈေးကွက်ထဲမှာ ရုရှား ဝင်ရောက်ခွင့်မရှိအောင် ပိတ်ပင်ဖို့ စီစဉ်နေကြတယ်။ ကမ္ဘာတစ်ဝန်း ဘဏ္ဍာရေးအဖွဲ့အစည်းထောင်ချီ ပါဝင်နေတဲ့ Swift ကမ္ဘာလုံးဆိုင်ရာဘဏ္ဍာရေးပလက်ဖောင်းကနေ ရုရှားကို ဖယ်ထုတ်ဖို့ ရှိတယ်။ အဲဒီလိုဖယ်ထုတ်လိုက်ရင် ရုရှားကုမ္ပဏီတွေက ကမ္ဘာတစ်ဝန်းမှာ အလုပ်လုပ်ဖို့ အရမ်းခက်ခဲသွားလိမ့်မယ်။ ရုရှားကို အမေရိကန်ဒေါ်လာ အသုံးပြုခွင့် ပိတ်ပင်တာမျိုးလည်း လုပ်ဖို့ရှိတယ်။ ဒါက ရုရှားစီးပွားရေးကို တော်တော်လေး ထိခိုက်သွားစေနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားက ရေနံနဲ့ဓာတ်ငွေ့ ရောင်းချမှုတွေမှာ ဒေါ်လာနဲ့ပဲ ပေးချေတာမို့ပါပဲ။ တကယ်လို့ ရုရှားရဲ့ ရေနံနဲ့ ဓာတ်ငွေ့တင်ပို့မှု ထိုးကျသွားရင် ရုရှားရေနံ၊ ဓာတ်ငွေ့အပေါ် မှီခိုနေရတဲ့ ဥရောပ နိုင်ငံတွေလည်း ထိခိုက်ကြမှာပါ။ ဂျာမနီဆိုရင် ဓာတ်ငွေ့ ၃ ပုံ၊ ၁ ပုံကို ရုရှားကနေ မှာယူတင်သွင်းနေရတာပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top