ONE Championship မှ အကောင်းဆုံး ဖိလစ်ပိုင်ကိုယ်ခံပညာကစားသမားများ

maxresdefault-1.jpg

ဖိလစ်ပိုင်ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမားများသည် နာမည်ကျော် Team Lakay ၏ ပံ့ပိုးမှုကြောင့် ONE Championship တွင် အအောင်မြင်ဆုံးကစားသမားများ ဖြစ်လာကြသည်။ ONE ၏ ဝိတ်တန်း (၆) ခုတွင် ဖိလစ်ပိုင်ကစားသမားများ ချန်ပီယံဖြစ်ဖူးကြသဖြင့် နိုင်ငံအလိုက်ချန်ပီယံများစာရင်းတွင် အရေအတွက် အများဆုံးဖြစ်သည်။ ဖိလစ်ပိုင်ကစားသမားများသည် လက်ရှိအချိန်ထိ ဟဲဗီးဝိတ်နှင့် စတောဝိတ်တန်းတို့တွင် ချန်ပီယံခါးပတ်များသိမ်းပိုက်ထားဆဲဖြစ်ပြီး ၎င်းတို့ထဲမှ အကောင်းဆုံးကစားသမားအချို့အကြောင်းကို ကောက်နုတ်တင်ပြလိုက်ပါသည်။

Brandon “The Truth” Vera

ONE ၏ လက်ရှိ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံ Brandon “The Truth” Vera သည် ဖိလစ်ပိုင်တွင် မွေးဖွားကြီးပြင်းသူမဟုတ်သော်လည်း လက်ရှိတွင် ဖိလစ်ပိုင်နိုင်ငံသားခံယူကာ မနီလာမြို့၌ အခြေစိုက် နေထိုင်နေသူဖြစ်သည်။ ၎င်း၏ ကိုယ်ပိုင်လေ့ကျင့်ရေးရုံဖြစ်သော Alliance Training Centre မှလည်း မျိုးဆက်သစ်ဖိလစ်ပိုင်တိုက်ခိုက်ရေးသမားများကို မြေတောင်မြှောက်မွေးထုတ်ပေးလျက်ရှိသည်။

ဖိလစ်ပိုင်ဖခင်နှင့် အီတလီမိခင်တို့မှ အမေရိကန်နိုင်ငံတွင်မွေးဖွားခဲ့သူ Vera သည် ကျောင်းသားဘဝက နပမ်းအားကစားထူးချွန်သဖြင့် တက္ကသိုလ်ပညာသင်ဆုပင် ရရှိခဲ့သည်။ သို့သော် ကျောင်းမပြီးခင်တွင် အမေရိကန်လေတပ်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး လေတပ်ထဲတွင်လည်း နပမ်းလက်ရွေးစင် ဖြစ်ခဲ့သည်။

လေတပ်မှ ဆေးပင်စင်ဖြင့်ထွက်လာခဲ့ပြီး နောက်တွင် ဘရာဇီးလ်ဂျူဂျစ်ဆုနည်းပြဆရာတစ်ဦး၏အကူအညီဖြင့် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို လေ့ကျင့်ခဲ့ပြီး မကြာမီ UFC နှင့် WEC ပြိုင်ပွဲများတွင် ဝင်ကစားနိုင်သည်အထိ တိုးတက်လာခဲ့သည်။ သူသည် ၂ဝဝ၅ ခုနှစ်တွင် WEC ၏ ဟဲဗီးဝိတ် Grand Prix ချန်ပီယံဖြစ်ခဲ့ကာ UFC တွင် (၈) နှစ်ကြာ ကစားခဲ့ပြီးနောက် ONE Championship သို့ ပြောင်းရွှေ့လာခဲ့သည်။ ၂ဝ၁၅ ခုနှစ် ဒီဇင်ဘာတွင် ONE ၏ ဟဲဗီးဝိတ်ချန်ပီယံဖြစ်လာခဲ့ပြီး ယခုအချိန်ထိ ယင်းချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းထားဆဲကစားသမားဖြစ်သည်။

Joshua “The Passion” Pacio

ONE ၏ လက်ရှိ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Joshua “The Passion” Pacio သည် ဖိလစ်ပိုင်၏ အထွန်းတောက်ဆုံး လူငယ်ကစားသမားတစ်ဦးဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၊ ဘက်ဂွီယိုမြို့ဇာတိဖြစ်သူ Pacio သည် အသက် (၁၂) နှစ်အရွယ်ကတည်းက ဝူရှူးအားကစားကို လေ့လာသင်ယူခဲ့သူဖြစ်ပြီး အငယ်တန်းဝူရှူးပြိုင်ပွဲ အများအပြားတွင် ဆုတံဆိပ်များဆွတ်ခူးခဲ့ဖူးသည်။

Pacio ၏ ဖခင်သည် ၎င်းအသက် (၆) နှစ်သားအရွယ်ကတည်းက ပြည်ပသို့အလုပ်သွားလုပ်နေရသဖြင့် ငယ်စဉ်ကတည်းက မိခင်၏ အုပ်ထိန်းမှုအောက်တွင်သာ ကြီးပြင်းခဲ့ရသည်။ Pacio ငယ်စဉ်က အဝလွန်သည့် ကလေးတစ်ဦးဖြစ်ခဲ့ပြီး ကိုယ်ခံပညာကိုလေ့လာလိုက်စားမှုကြောင့် ကိုယ်အလေးချိန်လျှော့ချနိုင်ခဲ့သလို ကိုယ့်ကိုကိုယ်ထိန်းကျောင်းနိုင်မှုလည်း တိုးတက်လာခဲ့သည်။

Pacio သည် ကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားကို အပျော်တမ်းဘဝနှင့်ယှဉ်ပြိုင်ခဲ့ရာ ရှုံးပွဲမရှိစံချိန်ရရှိခဲ့သဖြင့် ပရော်ဖက်ရှင်နယ်ဘဝသို့ကူးပြောင်းခဲ့ပြီး ONE Championship နှင့် စာချုပ်မချုပ်မီအချိန်ထိ ကစားပွဲ (၆) ပွဲ ယှဉ်ပြိုင်ခဲ့ရာ ပွဲတိုင်းအနိုင်ရခဲ့သည်။ ၎င်းသည် ၂ဝ၁၈ တွင် စတောဝိတ်တန်းချန်ပီယံပထမအကြိမ်ဖြစ်ခဲ့စဉ်က (၁၁၉) ရက်ကြာ ထိန်းသိမ်းနိုင်ခဲ့ကာ ၂ဝ၁၉ ဧပြီတွင် ဒုတိယအကြိမ်ချန်ပီယံဖြစ်ပြီးနောက် ယနေ့တိုင် ယင်းခါးပတ်ကို ထိန်းသိမ်းထားသူဖြစ်သည်။

Eduard “Landslide” Folayang

ONE ၏ လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Eduard “Landslide” Folayang သည် ဖိလစ်ပိုင်၏ အအောင်မြင်ဆုံးကစားသမားများထဲမှ တစ်ဦးဖြစ်သည်။ Pacio ကဲ့သို့ပင် ဘက်ဂွီယိုမြို့ဇာတိဖြစ်သူ Folayang သည် ငယ်စဉ်က ဆင်းရဲနွမ်းပါးလွန်းသည့်ဘဝကို ဖြတ်သန်းခဲ့ရသူဖြစ်သည်။ ဆင်းရဲချို့တဲ့ခြင်းနှင့် ဖွံ့ဖြိုးမှုနောက်ကျခြင်းတို့ကြောင့် မွေးချင်းငါးဦးမှာ ငယ်စဉ်ကလေးဘဝကတည်းက ရောဂါဘယများဖြစ်ပြီး ရှေ့ဆင့်နောက်ဆင့်တိမ်းပါးသွားခဲ့သဖြင့် Folayang ကို ဖိုးသက်ပြင်းဟုပင် သတ်မှတ်ကြသည်။

Folayang သည် အသက် (၁၆) နှစ်အရွယ်တွင် ဝူရှူးအားကစားကို စတင်လေ့လာခဲ့ပြီး နိုင်ငံ့လက်ရွေးစင်အဖြစ် ဆီးဂိမ်းရွှေတံဆိပ်နှင့် အခြားနိုင်ငံတကာပြိုင်ပွဲဆုတံဆိပ်များစွာ ရရှိခဲ့ဖူးသည်။ တစ်ဘက်တွင် တက္ကသိုလ်မှ ဘွဲ့ပြီးနောက် ကျောင်းဆရာအဖြစ် (၆) လခန့် အလုပ်လုပ်ခဲ့သေးသော်လည်း ကိုယ်ခံပညာအားကစားလောကထဲ ခြေစုံပစ်ဝင်ရန်ဆုံးဖြတ်ခဲ့သည်။

Folayang သည် ဖိလစ်ပိုင်၏ URCC ပြိုင်ပွဲတွင် ဝယ်တာဝိတ်တန်းချန်ပီယံဖြစ်ခဲ့သလို စင်ကာပူမှ Martial Combat ပြိုင်ပွဲတွင်လည်း လိုက်ဝိတ်တန်းချန်ပီယံဖြစ်ခဲ့ပြီးနောက် ONE သို့ ရောက်ရှိလာခဲ့သည်။ ONE တွင်လည်း လိုက်ဝိတ်တန်းချန်ပီယံ နှစ်ကြိမ်ဖြစ်ခဲ့ကာ ၂ဝ၁၉ မတ်လတွင် ၎င်း၏ ချန်ပီယံဘွဲ့ကို လွှဲပြောင်းပေးခဲ့ရသူဖြစ်သည်။

Kevin “The Silencer” Belingon

ONE ၏ ဘန်တန်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Kevin “The Silencer” Belingon သည်လည်း ဖိလစ်ပိုင် Team Lakay ၏ နာမည်ကျော်ထွက်ကုန်တစ်ခုဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စပါးထွက်ရှိရာဒေသ ကီယန်ဂန်းမြို့တွင် မွေးဖွားခဲ့သူဖြစ်သော်လည်း Belingonသည် အခြားဒေသခံများလုပ်ကိုင်ကြသည့် လယ်စိုက်သည့်အလုပ်ကို စိတ်မဝင်စားဘဲ ငယ်စဉ်ကတည်းက Bruce Lee ကို အားကျခဲ့သူဖြစ်သည်။

ထို့ကြောင့် ဝူရှူးအားကစားကိုလေ့လာလိုက်စားခဲ့ရာ ထူးချွန်သဖြင့် တက္ကသိုလ်ပညာသင်ဆုပင်ရရှိခဲ့သည်။ ဝူရှူးတွင် ဖိလစ်ပိုင်နိုင်ငံလုံးဆိုင်ရာချန်ပီယံဖြစ်လာခဲ့ပြီးနောက် Team Lakay ၏ ဝူရှူးအဖွဲ့နှင့် လာရောက်ပူးပေါင်းခဲ့သည်။ ရာဇဝတ်မှုလေ့လာရေးအထူးပြုပညာရပ်ဖြင့် ဘွဲ့ရထားကာ ဥပဒေပညာရှင်တစ်ဦးအဖြစ် အသက်မွေးနိုင်သော်လည်း Belingon သည် ကိုယ်ခံပညာအားကစားကိုသာဇောက်ချလေ့ကျင့်ခဲ့ပြီး ၂ဝဝ၇ တွင် URCC ပြိုင်ပွဲ၏ ဖလိုင်းဝိတ်တန်းချန်ပီယံဖြစ်လာခဲ့သည်။

၎င်းသည် ၂ဝ၁၂ တွင် ONE Championship သို့ ရောက်ရှိလာခဲ့ပြီး ဘန်တန်ဝိတ်တန်းတွင်ချန်ပီယံဖြစ်အောင် (၆) နှစ်ခန့် ကြိုးစားခဲ့ ရသည်။ ၂ဝ၁၈ နိုဝင်ဘာတွင် ONE ၏ ဘန်တန်ဝိတ်တန်းတစ်ဦးတည်း ချန်ပီယံဖြစ်လာကာ ရက်ပေါင်း (၁၄၂) ရက်ကြာ ထိန်းသိမ်းနိုင်ခဲ့သည်။

Gina “Conviction” Iniong

ONE တွင် ဖိလစ်ပိုင် အမျိုးသား ကစားသမားများ ထွန်းထွန်းပေါက်ပေါက်ရှိကြသော်လည်း အမျိုးသမီးကစားသမားထဲတွင် ကမ္ဘာ့ချန်ပီယံ အနေအထားအထိ မျှော်မှန်းနိုင်သူနည်းပါးလှသည်။ ယင်းသို့ နည်းပါးသည့်အမျိုးသမီးကစားသမားများထဲတွင် Gina “Conviction” Iniong က အလားအလာ အကောင်းဆုံးဟု သတ်မှတ်နိုင်သူတစ်ဦးဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံလုံးဆိုင်ရာဝူရှူးပြိုင်ပွဲများတွင် ချန်ပီယံ (၆) ကြိမ်ဖြစ်ခဲ့ဖူးသူ Iniong သည် Pacio နှင့် Folayang တို့ကဲ့သို့ပင် ဘက်ဂွီယိုမြို့ဇာတိဖြစ်သည်။ မွေးချင်းဆယ်ဦးရှိသည့်မိသားစုကြီးတွင်ကြီးပြင်းခဲ့ကာ ငယ်စဉ်က တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်ရန် လုံးဝမမျှော်မှန်းခဲ့ဖူးဘဲ ရဲအရာရှိတစ်ဦးသာ ဖြစ်လိုခဲ့သည်။

သို့သော် ဝူရှူးတွင်ထူးချွန်သဖြင့် တက္ကသိုလ်ပညာသင်ဆုရပြီးသည့်နောက်တွင် အခြား Team Lakay အဖွဲ့ဝင်များကဲ့သို့ပင် ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ ယခုအချိန်တွင် အက်တမ်ဝိတ်တန်း၌ ပါဝင်ယှဉ်ပြိုင်နေသူ Iniong သည် ONE တွင် နိုင်ပွဲအများဆုံး ဖိလစ်ပိုင် အမျိုးသမီးကစားသမားလည်းဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top