အောင်လအန်ဆန်အနိုင်ရမည်ဟု တီရဲလ်ထန် အကြွင်းမဲ့ယုံကြည်

thang2-tfn.jpg

ONE: A New Era ပြိုင်ပွဲသည် အာရှတိုက်၏ ကိုယ်ခံပညာ သိုင်းပေါင်းစုံပြိုင်ပွဲတစ်လျှောက်တွင် အကြီးကျယ်ဆုံး အခမ်းနားဆုံးပြိုင်ပွဲအဖြစ် စံချိန်တင်မည့်ပွဲကြီးတစ်ပွဲ ဖြစ်သည်။ ထိုကဲ့သို့ ခမ်းနားကြီးကျယ်လှသည့် ကိုယ်ခံပညာသိုင်းပေါင်းစုံပြိုင်ပွဲကြီးတွင် မြန်မာ့စပါးအုံး အောင်လအန်ဆန်သည် ဂျပန်နိုင်ငံသား ထိပ်တန်းကိုယ်ခံပညာသိုင်းပေါင်းစုံအားကစားသမား Ken Hasegawa နှင့် ပြိုင်ဘက်၏ မွေးရပ်မြေတွင် အကြိတ်အနယ်ယှဉ်ပြိုင်ကစားရတော့မည်ဖြစ်သည်။

အောင်လအန်ဆန်၏ကူညီလမ်းပြမှုဖြင့် ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာသိုင်းပေါင်းစုံလောကသို့ ရောက်ရှိလာသည့် ချင်းတိုင်းရင်းသား တီရဲလ်ထန်ကမူ အောင်လအန်ဆန်အနေဖြင့် ONE မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ထပ်မံကာကွယ်နိုင်မည်ဟု ယုံကြည်ထားသည်။

“ကိုအောင်လက မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၈ ခုနှစ်အတွင်းမှာ ကာကွယ်နိုင်ခဲ့တာ (၂) ကြိမ်ရှိသွားပါပြီ။ ပထမဆုံးအကြိမ်မှာ အခုပြိုင်ဘက် Ken Hasegawa ကို ဒိုင်ပွဲရပ်နဲ့အနိုင်ယူပြီး ကာကွယ်ထားနိုင်ခဲ့တာပါ။ သူအနေနဲ့ ၂၀၁၉ ခုနှစ်ထဲမှာလည်း ဒီချန်ပီယံခါးပတ်ကို ဆက်လက်ကာကွယ်ထားနိုင်ဦးမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟု တီရဲလ်ထန်က ပြောကြားခဲ့သည်။

မြန်မာ့ဂုဏ်ဆောင် အောင်လအန်ဆန်သည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် အင်ဒိုနီးရှားနိုင်ငံ၌ ယှဉ်ပြိုင် ကစားခဲ့သည့် ONE: Quest for Power ပြိုင်ပွဲတွင် ရုရှားပြိုင်ဘက် Vitaly Bigdash ကို အမှတ်ဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်အထိ တစ်ပွဲမှရှုံးပွဲမရှိသေးပေ။ အထူးသဖြင့် ONE မစ်ဒယ်ဝိတ်ကမ္ဘာ့ချန်ပီယံခါးပတ် ရရှိပြီးနောက်ပိုင်း အောင်လအန်ဆန်၏ ကိုယ်ခံပညာစွမ်းရည်သည် သိသိသာသာ တိုးတက်လာခဲ့သည်။

“ကိုအောင်လရဲ့ ကိုယ်ခံပညာစွမ်းရည်က သိသိသာသာတိုးတက်လာတာကို အားလုံးမြင်ကြမှာပါ။ သူဟာ အရင်ကထက်ပိုပြီး ကြံ့ခိုင်သန်မာလာပါတယ်။ ဒီပွဲက ပထမအကြိမ်တွေ့ဆုံခဲ့တုန်းကထက် ပိုပြီးကြည့်ကောင်းမယ့် ပွဲတစ်ပွဲ ဖြစ်လာပါလိမ့်မယ်။ ကျွန်တော်ကတော့ ကိုအောင်လပဲ ဒိုင်ပွဲရပ်နဲ့ အနိုင်ယူသွားမယ်လို့ယုံကြည်ပါတယ်။ ဒုတိယအချီလောက်မှာတင် ပွဲသိမ်းသွားနိုင်တယ်လို့ ကျွန်တော်သုံးသပ်မိပါတယ်” ဟု တီရဲလ်ထန်က ဆိုသည်။

အောင်လအန်ဆန်သည် တီရဲလ်ထန်၏ ONE: ပွဲဦးထွက်ဖြစ်သည့် ONE: Reign of Valor ပြိုင်ပွဲအတွက် ရန်ကုန်မြို့သို့လာရောက်၍ Corner Man အဖြစ် ကြီးကြပ်ပေးခဲ့သည်

အောင်လအန်ဆန်သည် တီရဲလ်ထန်၏ ONE: ပွဲဦးထွက်ဖြစ်သည့် ONE: Reign of Valor ပြိုင်ပွဲအတွက် ရန်ကုန်မြို့သို့လာရောက်၍ Corner Man အဖြစ် တီရဲလ်ထန်၏အနားတွင် ကြီးကြပ်ပေးခဲ့သည်။ ထို့အပြင် မြန်မာကစားသမားများဖြစ်ကြသည့် အန်တိုနီယာနှင့် ဖိုးသော်တို့ကိုလည်း အနီးကပ်ကူညီအားပေးခဲ့သည်။

အောင်လအန်ဆန်အနေဖြင့် ONE မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကို ထပ်မံကာကွယ်နိုင်မည်ဟု တီရဲလ်ထန်က ယုံကြည်ထားသည်

“ကျွန်တော်ယှဉ်ပြိုင်တဲ့ပြိုင်ပွဲကို အနီးကပ်လာရောက်ပြီး ကြီးကြပ်ပေးခဲ့တဲ့အတွက် ကိုအောင်လကို သိပ်ကို ကျေးဇူးတင်ပါတယ်။ ပထမတုန်းက ကျွန်တော်ကိုယ်တိုင် ဂျပန်နိုင်ငံလိုက်ပြီး ကိုအောင်လကိုအားပေးဖို့ အစီအစဉ်ရှိပါတယ်။ ဒါပေမယ့် မွေးရပ်မြေချင်းပြည်နယ်ကိုပြန်ခဲ့တဲ့ခရီးကကြာသွားလို့ ဂျပန်အထိ
လိုက်ပါအားပေးဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော် မကြာခင် လေ့ကျင့်ရေးအစီအစဉ်တွေလည်း ထပ်လုပ်ရဦးမှာမို့ ရုပ်သံကနေပဲ စောင့်ကြည့်အားပေးရပါတော့မယ်” ဟု တီရဲလ်ထန်က ဆိုသည်။

ONE: A New Era ပြိုင်ပွဲကို လာမည့် မတ်လ (၃၁) ရက်နေ့တွင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့၌ ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ (၄) နာရီအချိန်တွင် Skynet Sport 3 နှင့် MNTV တို့တွင် တိုက်ရိုက်ထုတ်လွှင့်ပြသမည်ဖြစ်သည်။

Ref: ONE Championship
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top