တကယ်မရှိတဲ့ ခရီးစဉ်အတွက် ၁၇၉ ဒေါ်လာပေးခဲ့ရပြီး လေဆိပ်မှာ သောင်တင်နေခဲ့ရရှာတဲ့ ခရီးသည်

42300968_2225930427625451_2156719627277697024_n.jpg

လေဆိပ်၊ သဘောၤဆိပ်၊ ကားအဝေးပြေးကွင်းရောက်ပြီးမှ ကိုယ်သွားမယ့် ခရီးစဉ် မရှိဘူးလို့ သိလိုက်ရတာက ခရီးသွားတိုင်းအတွက် အိမ်မက်ဆိုးပါ။ ဒါပေမယ့် ဒါဟာ ခရီးသွား ဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ အဲရင်လီဗိုင်း (Erin Levi) အတွက်တော့ တကယ်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပါတယ်။

အဲရင်ဟာ ပဲရစ် (Paris) မှာ ကျင်းပမယ့် သူငယ်ချင်းရဲ့ လက်ထပ်ပွဲကို တက်ရောက်ဖို့အတွက် လေယာဉ်လက်မှတ်ကို စက်တင်ဘာလ ၉ရက်နေ့မှာ ထွက်ခွာမယ့် ၁၇၉ ဒေါ်လာတန် အသွားတစ်ကြောင်းတည်း ခရီးစဉ်ကို “လယ်ဗယ်” လေကြောင်းလိုင်း (Level Airlines) ကနေ ဝယ်ယူခဲ့ပါတယ်။

သွားရမယ့်နေ့ လေဆိပ်မဆင်းခင် နာရီပိုင်းအလိုအထိ အဲရင်က သေချာအောင် လယ်ဗယ် လေကြောင်းလိုင်းရဲ့ ကုမ္ပဏီ ဝက်ဆိုဒ်အပေါ်မှာ သူ့ခရီးစဉ်အကြောင်း စစ်ဆေးခဲ့ပေမယ့် တကယ်တမ်း နယူးဝက်ခ် လေဘာတီ အပြည်ပြည်ဆိုင်ရာလေဆိပ် (Newark Liberty International Airport) ကို ရောက်တဲ့ အချိန်မှာတော့ သူ မ လေယာဉ်ရဲ့ဂိတ်ကိုတောင် ရှာမတွေ့ခဲ့ပါဘူး။

ဗြိတိန်အဲဝေးက အေးဂျင့်ကို ဆက်သွယ် မေးမြန်းစုံစမ်းတော့မှ သူ့ခရီးစဉ်ဖြစ်တဲ့ နယူးဝက်ခ် (Newark) ကနေ ပဲရစ် (Paris) ခရီးစဉ်ဟာ စက်တင်ဘာလ ၁၈ရက်နေ့ကို ရွှေ့ဆိုင်း ပြောင်းလဲသွားခဲ့တယ်လို့ သိရှိရတာပါ။ ဒီလို ခရီးစဉ် ရွှေ့ဆိုင်းသွားတဲ့အကြောင်းကို ကြိုတင်အသိမပေးခဲ့သလို ကုမ္ပဏီ ဝက်ဆိုဒ်ပေါ်မှာလည်း မဖော်ပြထားခဲ့ပါဘူး။

“ကျွန်မ နိုင်ငံပေါင်း ၄၀ ကျော်ကို ခရီးသွားခဲ့ဖူးပါတယ်။ အဲဒီအထဲမှာ အူဇဘက်ကာစတန် (Uzbekistan) ကို သွားဖို အတွက် လက်ရေးနဲ့ရေးထားတဲ့ လေယာဉ်လက်မှတ်နဲ့ တောင် သွားဖူးပါတယ်။ ဒါပေမယ့် ဒီလိုအဖြစ်မျိုးတော့ တစ်ခါမှ မကြုံဖူးပါဘူး။ ကျွန်မ သူငယ်ချင်းဆီကိုသွားဖို့အတွက် နောက်ဆုံး အချိန်ကျမှ တခြား လေကြောင်းလိုင်းဆီ ကနေ ကမန်းကတန်း လက်မှတ်ဝယ်လိုက်ရတဲ့အတွက် ဒေါ်လာ ၃၁၉.၉၈ တောင် ပေးလိုက်ရပါတယ်” လို့ အဲရင်က ပြောပါတယ်။

လယ်ဗယ်လေကြောင်းလိုင်းရဲ့တခြား ခရီးသည်တွေကလည်း ဒီလေကြောင်းလိုင်းဟာ ခရီးစဉ်ဖျက်သိမ်းကြောင်းကို ဘယ်တော့မှ အီးမေးလ်မပို့သလို တစ်ခါတလေ လေဆိပ် ရောက်မှ ခရီးစဉ် ဖျက်သိမ်းကြောင်း စာရွက်လေးလာပေးတာမျိုးပဲ ရှိတယ်လို့လည်း ပြောကြားခဲ့ပါတယ်။

လယ်ဗယ် လေကြောင်းလိုင်းကတော့ ယခုဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ တစ်စုံတစ်ရာ မှတ်ချက်ပေးခြင်း မရှိသေးပါဘူး။

Ref: “Passenger stranded after realizing at Level airways”

Elsa (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top