ကျားမရေးရာ ကိစ္စနဲ့ မြန်မာ့လူ့ဘောင်

yyl-006-8.jpg

လူသားတို့ရဲ့ ဇီဝဖြစ်စဉ်များကြောင့်ဖြစ်တည်လာတဲ့ အရေးကြီးလှတဲ့ အရာတစ်ခုကိုပြော ပါဆိုရင် ဖိုမ ရေးရာ ကိစ္စလို့ ပြောချင်ပါတယ်။ အသေးစိပ်ပြောရလျှင် လိင်မှုကိစ္စ နဲ့ ၎င်းရဲ့ အရေးပါပုံ၊ နောက်ပြီး မည်သို့မည်ပုံ လူမှုပတ်ဝန်းကျင်တွင် ပညာပေးရေး ကိစ္စများကို ထိခိုက်လွယ်ပြီး အယူသီးလှတဲ့ လူ့ဘောင် တစ်ခုမှာ ဘယ်လို မျိုး နေရာပေးသင့်နေပြီးလဲ ဆိုတာ စဉ်းစားချိန်တန်နေပါပြီ။ယဉ်ကျေးတဲ့လူ့ဘောင် အဖွဲ့အစည်းတစ်ခုလို့ပြောရင် အရေးကြီးလှတဲ့ ရေးရာကိစ္စများကို ထိုလူ့ဘောင်အဖွဲ့အစည်းတစ်ခုက ချန်လှပ် မေ့လျှော့နေဖို့မသင့်တော့ပါဘူး။ ဒါကြောင့် မိမိတို့ မြန်မာ့လူ့ဘောင်အနေနဲ့ ကျားမရေးရာနဲ့ ဆိုင်တဲ့ ပညာပေးမှုများ ကို လုပ်ဆောင်သင့်ပြီး မိမိတို့ သိသင့်သိထိုက်၊ ဆောင်ရန် ရှောင်ရန်များအကြောင်းကို အရွယ်ရောက်ပြီးသူတိုင်း သိထားသင့်နေပြီးမဟုတ်ပါလား…။

၁။ ကျားမရေးရာဆိုင်ရာ အယူအဆနဲ့ မြန်မာ့လူ့ဘောင်

မြန်မာနိုင်ငံရှိ လူမှုပတ်ဝန်းကျင်က ယုံကြည်ထားတဲ့ အလေ့အထမှာ မိမိတို့အနေနဲ့ သိသင့်သိထိုက်တဲ့ လိင်ပိုင်း ဆိုင်ရာ အရေးကိစ္စတွေကို လုံးဝပြောဆိုလေ့မရှိပါဘူး။ မိသားစုမှာတောင် ထိုကိစ္စတွေကို ပေါ်တင်ပြီး ဆွေးနွေးလေ့မရှိပါဘူး။ ပြောမိရင်လည်း ထိုလူတစ်ဦးက တဏာရာဂ စိတ်နိုးကြားနေတာလား၊ သူ့ဘေးဝေးဝေးရှောင်မှ ပဲဆိုပြီး လူတွေက စိုးရိမ်စိတ်တွေနဲ့ ဆက်ဆံတတ်ကြတယ်မဟုတ်လား။ ဆေးရုံ၊ ဆေးခန်း၊ နဲ့ ကျောင်းတွေမှာလည်း ထိရောက်တဲ့ ဆယ်ကျော်သက် လိင်မှုရေးရာ အကြောင်း အရာများကိုလည်း အခုထိ ကျယ်ပြန့်စွာလုပ်ဆောင်မှု မရှိသေးပါဘူး။ ဒါ့အပြင် ကျန်းမာရေးနယ်ပယ်၌ တာဝန်ရှိတဲ့ လူအများအနေနဲ့လည်း သင်တန်းများ၊ ဆွေးနွေးဖလှယ်မှုများကိုလည်း တွင်ကျယ်စွာ မလုပ်ဆောင်ကြသေးပါဘူး။ ဒါဟာလည်း အလွန် စဉ်းစားလုပ်ဆောင်ရမယ့် အချက်ဖြစ်ပါတယ်။

အရေးကြီးသည်မှာ အရွယ်ရောက်လာတဲ့ သားယောက်ျားလေးများ၊ နဲ့ သမီးမိန်းကလေး များဟာ ယင်းတို့နဲ့ သက်ဆိုင်တဲ့ ဆယ်ကျော်သက် ကျားမရေးရာ ဆောင်ရန်၊ ရှောင်ရန်ဗဟုသုတများကို သိသင့်သိထိုက်တယ်လို့ယူဆမိပါသည်။ သို့မှာသာ မဖြစ်သင့်တဲ့ အရာတွေ မဖြစ်ဖို့၊ ထိန်းကျောင်း နေထိုင်တတ်ကြမှာဖြစ်ပါတယ်။ ထိုသို့ သော သိသင့်သိထိုက်တဲ့ ဗဟုသုတများ ချို့တဲ့ခြင်းသည် မလိုလားအပ်တဲ့ လိင်ပိုင်းဆိုင်ရာ ကူးစက်ရောဂါများ၊ အယူအဆ အလွဲများကို ဖြစ်လာနိုင်စေပါတယ်။ ဒါကြောင့် မြန်မာ့လူဘောင်အသိုက်အဝန်းအနေနဲ့ ကျားမရေးရာ သိသင့်သိထိုက်တဲ့ဗဟုသုတများကို ပို့ချပေးရာတွင် ပူးပေါင်းပါဝင်လာဖို့နဲ့ လက်ခံလာဖို့ အလွန်လိုအပ်နေပါသည်။ သို့သော်လည်း ယဉ်းကျေးမှု စံနှုန်းတံခါးက ပိတ်ကာထားပြန်နေသည်။ ဒီအချက်ကိုပြန်လည်သုံးသပ်ဖို့လိုပါသည်။

၂။ ဆက်ကျော်သက် ကျား၊မ ရေးရာ ဆိုင်ရာ ဗဟုသုတနဲ့ မြန်မာ့လူ့ပတ်ဝန်းကျင်

အထက်ပါပြောခဲ့သလိုပဲ မိမိတို့၏ လူမှုအသိုက်အဝန်းမှာ လိင်ပိုင်းဆိုင်ရာ ကိစ္စများကို ပေါ်တင် ဆွေးနွေးလေ့မရှိသလို ဗဟုသုတများမျှဝေရာတွင်လည်း ကျယ်ပြန့်စွာ လက်ခံထားမှုမရှိပါ။ များသောအားဖြင့် အရွယ်ရောက်ပြီးသား အမျိုးသား၊ အမျိုးသမီးများနဲ့ သာ ဆိုင်တဲ့ ကိစ္စလို့ ထင်နေကြသည်။ အမှန်မှာ အသက် ၁၀ နှစ်နဲ့ အထက်ရှိသူ ယောင်္ကျား၊ မိန်းမ မရွေး အသက်အရွက်အလိုက် ကျားမရေးရာ ဆောင်ရန်၊ ရှောင်ရန်၊ ဗဟုသုတများ သိထားဖို့လိုသည်။ ထို့အတွက်ကြောင့် အသိပညာဗဟုသုတ ရှိဖို့လိုအပ်သည်။ နိုင်ငံတကာမှာတော့ CSE လို့ခေါ်တဲ့ comprehensive sexuality education (ပြီးပြည့်စုံသော ကျားမရေးရာ ဆိုင်ရာ ပညာရေး) လို့ခေါ်ဝေါ်ပါသည်။ ထိုပညာရေးသည် ပြည်ပနိုင်ငံ များ ၌ ကျောင်းပညာရေး အလယ်တန်းကနေ စပြီး အထက်တန်းအထိ သင်တန်းတက်ထားတဲ့ ကျွမ်းကျင် ဆရာ၊ဆရာများနဲ့သာ ကျန်းမာရေး ဘာသပ်ရပ်ခွဲအဖြစ်နဲ့ သင်ကြားပို့ချလျက်ရှိကြပါသည်။ သို့သော်လည်း ဘာသာရေး၊ နဲ့ ယဉ်ကျေးမှု ယုံကြည်မှု ထက်သန်တဲ့ နိုင်ငံများတွင်တော့ ပိတ်ပင်ထားလေ့ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် ထို ကျားမရေးရာဆိုင်ရာ ဗဟုသုတများသည် ဆက်ကျော်သက်များ အတွက် အတုအပ ခိုးလေ့ရှိမည်ဟု ယူဆထားကြသည်။ ထိုယူဆချက်မှာ မှန်ကန်မှု မရှိပါ။

အသေးစိပ် သိစေချင်တာက comprehensive sexuality education သည် ဆေးပညာရှင်များ၊ ကျန်းမာရေးအတတ်ပညာရှင်များ၏ တိကျပြီး လိုက်လျောညီထွေစွာ သိပ္ပံနည်းကျ လေ့လာတွေ့ရှိချက်များအရ ရေးဆွဲထားတဲ့ သင်ရိုးညွှန်းတမ်း များမှအခြေခံ၍ ကျောင်းများတွင် ဘာသာရပ် တစ်ခုလိုသင်ကြား စေခြင်းဖြစ်သည်။ ၎င်းပညာရေးတွင် လိင်ပိုင်းဆိုင်ရာ ကောင်းကျိုး၊ ဆိုးကျိုး ဗဟုသတများ၊ ကျွမ်းကျင်မှု၊ အကျိုးသက်ရောက်စေမှု၊ လူ့တို့၏ စံတန်ဖိုးများ နဲ့ မိမိတို့၏ လိင်မှုကိစ္စများတွင် မည်သို့မည်ပုံ ဘေးကင်းစွာ ရွေးချယ်နိုင်စေရေးကို ရှေ့ရှု့ပြီး ရေးဆွဲထားတဲ့ ကျားမ ရေးရာ ပညာပေး ဘာသာရပ်ဖြစ်သည်။ ဒါကြောင့် လူ့အသိုက်အဝန်းများ စိုးရိမ်ထားသလို ထိုပညာပေးသင်တန်းများ ပို့ချခြင်းဖြင့် လူငယ်များ၏စိတ်များ ကိုပြောင်းလဲတွန်းပို့နေခြင်း မဟုတ်ပဲ၊ ကောင်းမွန်တဲ့ ဆောင်ရန် ရှောင်ရန် ဗဟုသုတများ ရရှိစေခြင်းဖြစ်သည်။

UNESCO ၏ အဆိုအရ CSE ပညာပေးသင်တန်းများပို့ချမှု ရဲ့ ရလဒ်များသည် ထင်ထားသလိုမဟုတ်ပဲ၊ ၎င်းအနေနဲ့ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင် မှုနှုန်းလျှော့နည်းလာခြင်း၊ စောစီးစွာ လိင်ဆက်ဆံမှု ကို မဖြစ်စေပဲ လိင်ဆက်ဆံမှုနှောက်နှေးကြန့်ကြာစေခြင်း၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါ ဖြစ်နှုန်း လျှော့ကျလာခြင်း၊ ဘေးကင်းလုံခြုံစွာ ဖြင့် လိင်မှုကိစ္စများကို ဆောင်ရွက်တတ်လာခြင်း၊ မိမိနဲ့ ဖြစ်တည်မှု မတူတဲ့ လိင်စိတ်ခံယူမှု ကွဲပြား နေသူများအပေါ် နားလည် လေးစားတတ်လာခြင်း၊ မိမိတို့၏ကျား၊မရေးရာ ရသင့် ရပိုင်ခွင့် များကို နား လည်သဘောပေါက်လာခြင်း၊ မျိုးဆက်ပြန့်ပွားရေးဆိုင်ရာများတွင် ပိုမို ဗဟုသုတ ရှိလာခြင်းဖြင့် ထိရောက် သောကာကွယ် နိုင်မှုပြုလုပ်လာနိုင်ခြင်း စတဲ့ အကျိုးသက်ရောက်သော ရလဒ်များကို CSE သင်ကြားသော နေရာများမှ သုတေသနများပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အသိအမှတ်ပြုရမည်မှာ မှန်ကန်သော CSE အသိပညာဗဟုသုတများ ပို့ချခြင်းသည် ပူပင်စိုးရိမ်စရာမလိုပါ။ ထို CSE သင်ရိုးညွှန်းတမ်းများသည် ဆယ်ကျော်သက်များ၏ အသက်အရွက်အလိုက်၊ သိသင့်သိအပ်တဲ့ အတိုင်း အတာတစ်ခုအထိသာ သင်ကြားပေးပါသည်။ ဥပမာ အလယ်တန်း ကျောင်းသား များအရွယ် ၌ဖြစ်လေ့ဖြစ်တတ်ရှိတဲ့ အကြောင်းအရာများ၊ မည်သိုမည်ပုံ လိုက်နာရမည်ဆိုတဲ့ အချက်အလက်များသာဖြစ်သည်။ အခြားတစ်ဖက်မှာမူ လိင်မှုကိစ္စ အကြောင်းအရာများကို ထဲထဲဝင်ဝင် မသိခြင်းဖြင့်သာ မှားယွင်းတဲ့ အယူအဆများက အန္တရာယ်ကျ ရောက်နိုင်စေသည်။ ဒီအတွက်ကြောင့် မှန်ကန်စွာ သိထား တတ်ထား ခြင်းဖြင့် မှန်ကန်စွာ အန္တရာယ်ကင်းစွာ ကျင့်ကြံ အသုံးချတတ်ခြင်းသာဖြစ်ပါတယ်။ လူအများစိုးရိမ်နေသလို ထိုသို့သော အသိပညာပေးခြင်းများသည် လိင်မှုကိစ္စကို အားပေးအားမြောက်ပြုလုပ်နေခြင်း မဟုတ်ဘူးဆိုတာ နားလည်သဘော ပေါက်စေချင်ပါသည်။

ဒါကြောင့် မြန်မာ့လူဘောင်အသိုင်းအဝိုင်းမှာလည်း မိမိတို့ စံနှုန်းထားများနဲ့ ကိုက်ညီတဲ့ comprehensive sexuality education (ပြီးပြည့်စုံသော ကျားမရေးရာ ဆိုင်ရာ ပညာရေး) မူဝါဒများကို တာဝန်ရှိသူများအနေနဲ့ ပူးပေါင်းအကောင်အထည်ဖော်သင့်နေပြီဖြစ်သည်။ သို့မှသာ ကောင်းမွန်ပြီး ကျန်းမာတဲ့ လူမှုအသိုက်အဝန်း ကိုဖော်ဆောင် ပေးနိုင်မည်ဖြစ်သည်။

၃။လိင်စိတ်ခံယူမှု ကွဲပြားမှုနဲ့ မြန်မာ့လူ့ဘောင်

ဘာသာရေးအယူအဆနဲ့ ယဉ်ကျေးမှု တို့က မြန်မာ့လူဘောင်တွင်စိုးမိုးနေသည်။ မွေးဖွားလာတဲ့ သားသမီး များကို ကျား၊ မ အင်္ဂါရပ်နှစ်ခုကိုသာ လက်ခံထားကြသည်။ ဤနေရာတွင် သဘောထားမတူသူများရှိနိုင်မယ်။ သဘာဝတရားကဖန်းဆင်းထားတဲ့ ဖို နဲ့ မ နှစ်ခုသာရှိတယ်ဆိုတဲ့အသိဟာ မိမိတို့ လူ့အသိုင်းအဝိုင်းမှာ စွဲနေပါတယ်။ ဒီနေရာမှာ အဓိပ္ပာယ်ဖွင့်ပါရစေ။ အင်္ဂလိပ်လို sex ဆိုသည်မှာ လိင် ဟု ခေါ်ပါသည်။ လိင်တွင် မွေးဖွားရာအလိုက် ကျား နဲ့ မ (အဖိုအမ) နှစ်ရပ်သာရှိသည်။ သို့သော် gender ဆိုတဲ့ ဝေါဟာရ ကိုအဓိပ္ပာယ်ဖွင့်ဆိုရာတွင် ရှုပ်ထွေးသည်။ အဘယ်ကြောင့်ဆိုသော် gender ၏ အဓိပ္ပာယ်မှာ လူမှုအသိုင်းအဝိုင်းရှိ လူတစ်ဦး၏ ယင်းရဲ့ ယောင်္ကျားဖြစ်မှု၊ မိန်းမဖြစ်မှု စိတ်ခံစားမှုများအပေါ်၌ မူတည်နေသည်။

အချို့အခြေနေများတွင် မည်သို့ပဲ လူတစ်ဦးရဲ့ လိင်မှာ ကျား (သို့) မ ဖြစ်နေလင့်ကစား ထိုလူတစ်ဦး၏ စိတ်ခံစားမှုများသည် ၎င်းဖြစ်တည်မှု လိင်၏ နဲ့ တစ်ထပ် တည်းမကျနိုင်ပါ။ ဆိုလိုသည်မှာ လိင်ဝိသေသအရ ယောင်္ကျားဖြစ်နေ သော်ငြားလည်း ယင်း၏ စိတ်ခံစားမှုမှာ ယောင်္ကျားကဲ့သို မပြုမူဘဲ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြုမူနေ တတ်သည်။ ထို့အတူ လိင်ဝိသေသအရ မိန်းမ ဖြစ်နေသော်လည်း ယင်း၏စိတ်ခံ စားမှုသည် မိန်းမ၏ စိတ်အပြုအမူကဲ့သိုမရှိပဲ ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြုမူနေတတ်သည်။

ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အစဉ်တစိုက် စိတ်ရောဂါလို့သတ်မှတ်ခဲ့တဲ့ လိင်တူခြင်း ချစ်ခင်စုံမက်ခြင်းကို မေလ ၁၇ ရက် ၁၉၉၀ ခုနှစ်မှာ စိတ်ရောဂါလို့ သတ်မှတ်ခြင်းမှ ပယ်ဖျက်ပေးခဲ့ပါတယ်။ ဆိုလိုသည်မှာ ယင်းစိတ်ခံစားမှု သည် ရောဂါဘယ ဖြစ်တည်မှုကြောင့်မဟုတ်၊ ဝမ်းတွင်းပါ စိတ်ခံစားမှု အရ ဖြစ်လာခြင်း ကြောင့် ယူဆကြသည်။ ဒါ့အပြင်မိမိပတ်ဝန်းကျင်ရှိ LGBT အသိုက်အဝန်းကို အမြင်ပြောင်းလဲဖို့လိုပါတယ်။ အဓိပ္ပာယ်မှာ Lesbian သည် မိန်းမခြင်းချစ်ခင်စုံမက်သူ, Gay သည် ယောင်္ကျားခြင်းချစ်ခင်စုံမက်သူ, Bisexual သည် ကျား၊မ နှစ်မျိုးလုံးကို ချစ်ခင်စုံမက်သူ, Trangender သည် လိင်ပြောင်းလဲခွဲစိတ်ထားသူ (သို့) အဝတ်စား ပြောင်းလဲဝတ် ဆင်ထားသူ ဟု၍ရှိသည်။ သို့သော် မိမိတို့ လူမှုအသိုက်အဝန်းတွင် ကျား၊မ ဝိသေသ နဲ့ နေထိုင်မှု ထပ်တူမရှိသူများကို ခွဲခြားဆက်ဆံနေကြသည်။ ဒါတွေကို ကျွန်တော်တို့ ပြောင်းလဲဖို့လိုသည်။ အဓိကမှာ မိမိနဲ့ ယုံကြည်ချက် မတူသည့်တိုင်အောင် ဘေးက လူရဲ့ ဖြစ်တည်မှုကို လေးစားဖို့လိုသည်။

ထို့အတွက်ကြောင့် မိမိတို့၏ သားသမီးများအပေါ် မိဘများ ၏သဘောထားများ ပျော့ပြောင်းပေးဖို့လိုသည်။ အတင်းအကျပ် စိတ်ခံစားမှုကို ပြောင်းလဲခြင်းဖြင့် မလိုလားအပ်တဲ့ ပြဿနာများဖြစ်နိုင်သည်။ ဥပမာ ဖြစ်တည်မှု လိင်နဲ့ ဆန့်ကျင်ဖက် ဖြစ်တဲ့ မိန်းမစိတ်၊ ယောင်္ကျားစိတ်၊ ပေါက်နေတဲ့ သားသမီးများကို အတင်း ပြုပြင်နေခိုင်းတာ၊ မိဘအနေနဲ့ အမြင်အရတော့ ကောင်းနေပေမယ့် စိတ်ပညာအရ၊ စိတ်ခံစားမှုအရတော့ အတင်းအကျပ်ပြုမူနေထိုင်းခြင်းဟာ စိတ်ကိုမွန်းကျပ်စေခြင်း၊ စိတ်ဒဏ်ရာရရှိစေခြင်း မပျော်ပိုက်စေခြင်း၊ မိမိကိုယ်ကို အဆုံးစီရင်ခြင်း၊ စတဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးများဖြစ်လာနိုင်စေသည်။

အရေးကြီးသည်မှာ မိဘများအနေနဲ့၊ ရော လူမှုအသိုက်အဝန်းအနေနဲ့ပါ မိမိတို့၏ သားသမီးများရဲ့ ဖြစ်တည်မှုကိုသာ လက်ခံပေးဖို့လိုပါသည်။ ဒါ့အပြင် သူတို့ရဲ့ စိတ်နေသဘောထားများကိုသာ လိုက်လျှော ပေးသင့်သည်။ အထက်ပါပြောထားတဲ့ comprehensive sexuality education (ပြီးပြည့်စုံသော ကျားမရေးရာ ဆိုင်ရာ ပညာရေး) တွင်လည်း လိင်စိတ်ခံယူမှုမတူတဲ့ လူများအပေါ်မည်သိုမည်ပုံ ပြုမူဆက်ဆံ နားလည်းပေးရမည့်အကြောင်းအရာများလည်းပါဝင်ပါသည်။ ဒါကြောင့် လူထုအနေနဲ့ ကျား၊မ ရေးရာဆိုင်ရာ ကိစ္စများတွင် မှန်ကန်စွာ နားလည်သိထားဖို့ အရေးကြီးသည်။

၄။ ကျားမရေးရာ ဆိုင်ရာ အလေးထားမှု နဲ့ မြန်မာ့လူ့အသိုက်အဝန်း

ပြီးပြည့်စုံတဲ့ ကျား၊မ ရေးရာ ဆိုင်ရာ ပညာရေးကိုသင်ကြားပေးခြင်းဖြင့် လိင်ပိုင်းဆိုင်ရာ တန်းတူညီမျှမှုများ ပိုမိုလက်ခံလာစေခြင်း၊ လိင်တူ လိင်ကွဲ နဲ့ လိင်စိတ်ခံယူမှုကွဲပြား သူများအပေါ်လေးစား တတ်လာခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အလွဲသုံးစားပြုမှု နဲ့ အမြတ်ထုတ်မှု များ လျှော့နည်းပပျောက်လာစေခြင်း စတဲ့အကျိုးကျေး ဇူးများရရှိလာစေမည်။ ဒါ့အပြင် ထိုဗဟုသုတများရှိထားပါက၊ မိမိကိုယ်ကို ပိုမို အလေးထား နားလည်ပြီး ဂရုစိုက်တတ်လာခြင်၊ စီမံခန့်ခွဲတတ်လာခြင်း၊ လူမှုအသိုင်း အဝိုင်းနဲ့ လိုက်လျောညီထွေစွာ နေထိုင်တတ်လာခြင်း တို့ကို ခံစားရရှိစေမည်။

လူတို့ ရဲ့ ယုံကြည်လက်ခံမှု၊ ယဉ်ကျေးမှု ဓလေ့ထုံးစံများသည် ယင်းတို့ကို တစ်နည်းတစ်ဖုံ ဖြင့် ဘောင်ခတ်ထားလေ့ရှိသည်။ ထို့အတွက်ကြောင့် လုပ်ရိုးလုပ်စဉ်ပြောင်းလဲဖိုအလွန် ခက်ခဲသည်။ နားလည်လက်ခံလာဖို့ အချိန်ယူရမည်။ တစ်ဦးတစ်ယောက်ပြောင်းလဲမှုဖြင့် မရနိုင်၊ လူမှုအသိုက်အဝန်းတစ်ခုလုံးပြောင်းလဲမှ စစ်မှန်တဲ့ပြောင်းလဲမှုမျိုးကိုရရှိစေမည်။ စစ်မှန်တဲ့ ယဉ်ကျေးတဲ့လူမှုအသိုက်အဝန်းဟုဆိုလျှင် မှန်ကန်တဲ့ လိုက်နာကျင့်သုံး ရမယ့် အရာများကို လိုက်နာဆောင်ရွက်သင့်သည်။ အရေးကြီးသည်မှာ အယူအဆ အလွဲ အမှားများကို ကောင်းမွန်တဲ့ အယူအဆများဖြင့်သာ အစားထိုးသင့်သည်။အားလုံးဟာ လူသားများဖြစ်လို့ မိမိတို့ ရသင့် ရထိုက်တဲ့ အခွင့်အရေးများရရှိပြီး လူမှုပတ်ဝန်းကျင်ကိုကောင်းမွန်အောင် ပြောင်းလဲ လုပ်ဆောင်ရမည်သာ။

Ref: WHO, UNESCO

Thar Htoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top