နိုင်ငံခြားသို့ အခြေချနေထိုင်နိုင်သည့်နည်းလမ်း (၅) သွယ်

young-students-on-a-student-campus-standing-with-a-ETWVEPT.jpg

ခေတ်သစ်ကာလမှာတော့ လူငယ် လူရွယ်များအနေနဲ့ မိမိတို့ရဲ့ မိခင်နိုင်ငံကို စွန့်ခွာပြီးရေကြည်ရာမြက်နုရာ ဖြစ်တဲ့ နိုင်ငံရပ်ခြားသို့ သွားရောက်မှု ပိုမိုမြင့်တက်နေပါတယ်။ ထိုသွားရောက်တဲ့ လူများတွင် ရည်ရွယ်ချက်မျိုးစုံ၊ အိမ်မက်မျိုးစုံများဖြင့် ကိုယ်စီရှိကြပါတယ်။ များသောအားဖြင့် ပညာရေး၊ အလုပ်အကိုင်၊ စေတနာ့ဝန်ထမ်း ဖြစ်ပြီး အလည်အပတ် ခရီးစဉ်များလည်း ရှိပါတယ်။ မည်သိုဆိုစေ နိုင်ငံခြားမှာ နေထိုင်ရတဲ့အတွေ့အကြုံကိုရရှိဖို့ လူတိုင်း စိတ်ဝင်စား ကြမယ်လို့ ထင်ပါတယ်။ အသိအမြင်ကျယ်ပြီး မျက်စိပွင့်နားပွင့် ဖြစ်စေတဲ့အပြင် ဘဝတဆစ် ချိုးပြောင်းလဲ စေနိုင်ပါ သေးတယ်။ တစ်ဖက်တွင်လည်း မမျှော်လင့်ထားတဲ့ ပြဿနာ၊ ဒုက္ခတွေကို လည်း ရင်ဆိုင်ကြုံတွေ့နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယုံကြည်ချက်၊ ခံယူချက်ပြင်းပြင်းထားပြီး ရှေ့ဆက်ရင် အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်မယ်လို့ထင်မြင်မိပါတယ်။ ဒါဆို ပြောပြမယ့် နည်းလမ်း (၅)သွယ်ကို ဆက်လက် ကြည့်ရအောင်…။

၁။ ကျောင်းတက်ရင်း အလုပ်လုပ်ကြမယ်။

ဒီအချက်က အားလုံးနဲ့ မစိမ်းကြပါဘူး။ နိုင်ငံတော်တော်များများမှာလည်း ဒီအချက်ကိုလုပ်ကိုင်ခွင့်ပေး ထားပါတယ်။ ကျောင်းကိစ္စလို့ပြောရင် တက္ကသိုလ်များနဲ့ နည်းပညာကျောင်းတွေကိုပြောရပါမယ်။ မိမိတို့အနေနဲ့ ကြိုက်နှစ်သက်တဲ့ ပညာရပ်အပြင် အိမ်ရှင်နိုင်ငံရဲ့ဘာသာစကား တွေကိုလည်း သင်ကြား နိုင်ပါတယ်။ အခြေအနေအများစုမှာတော့ကျောင်းသားများအတွက် အချိန်ပိုင်းသာအလုပ်လုပ်ခွင့်ရှိပြီး တစ်ပတ်ကို နာရီ (၂၀)ခန့်သာလုပ်ကိုင်ရပါတယ်။ သာဓကအားဖြင့် သြစတြေးလျ နိုင်ငံမှာဆိုရင် တော့ ဒီလောက်ပမာဏ ဟာ မိမိလိုအပ်တဲ့ အသုံးစရိတ် နဲ့ လိုအပ်တဲ့ ကျောင်းစရိတ်အတွက်လုံလောက်နေပါပြီ။ မိမိအနေနဲ့ ပိုသုံးချင်ရင် တော့ ပိုမိုအလုပ်လုပ်ဖို့သာလိုပါတယ်။ သင့်အနေနဲ့အသက်ကြီးပြီး ကျောင်းပြီးထားလည်း ကျောင်းဆက်တက်ဖို့ တွန့်ဆုတ်နေဖို့ အကြောင်းမရှိပါဘူး။ နိုင်ငံခြားမှာ ပညာရေးနဲ့ အသက်က မသက်ဆိုင်ပါဘူး။ အသက်အရွယ်စုံ က ပညာရှာနေကြ တာဖြစ်တယ်။

အောက်ပါ နိုင်ငံများကတော့ တရားဝင် ကျောင်းတက်ရင်းအလုပ်လုပ် ခွင့်ရှိတဲ့ နိုင်ငံတွေဖြစ်ပါတယ်။ အဲ့ဒါတွေကတော့ သြစတြေးလျ ၊ နယူးဇီလန်၊ကနေဒါ၊ အိုင်ယာလန်၊ အမေရိကန်ပြည်ထောင်စု၊ ဂျာမနီ၊ ပြင်သစ်၊စပိန် နဲ့ အခြားသောနိုင်ငံများစွာ ရှိပါသေးတယ်။ သက်ဆိုင်ရာနိုင်ငံသားများအလိုက် အလုပ်အကိုင်အတွက်မတူတဲ့လိုအပ်ချက်တွေရှိပါတယ်။ မိမိအနေနဲ့ လုပ်နိုင်တဲ့ အလုပ်တွေကတော့ လူအများသတ်မှတ်ထားတဲ့ “အခြေခံအလုပ်” တွေဖြစ်ပေမယ့်လည်း မြင့်မားတဲ့အရည်အချင်းတွေ သိပ်မလိုအပ် လို့လုပ်လို့ အဆင်ပြေပါတယ်။ ဥပမာ စားပွဲထိုး၊ ကလေးထိန်း၊ ဟိုတယ်သန့်ရှင်းရေး၊ မီးဖိုချောင်၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ အချိန်ပိုင်း အင်္ဂလိပ်စာ (သို့) ကျောင်းတွင်း အလုပ်အကိုင်များလည်းရှိပါတယ်။

အားသာချက်များ

  • ကျောင်းသားဗီဇာ ရရှိမှုလွယ်ကူနိုင်မယ်
  • တရားဝင်အချိန်ပိုင်း အလုပ်လုပ်ကိုင်နိုင်မယ် (အချို့နေရာများ)
  • တခြားသော ဘာသာစကားများကိုလည်း သင်ယူနိုင်မယ်
  • ဝင်ငွေကောင်းနိုင်မယ်
  • တစ်ခြားနိုင်ငံရဲ့ကျောင်းပညာရေးစနစ်များကိုလေ့လာနိုင်မယ့်အပြင်
  • အသက်အရွယ်ကန့်သတ်မှုလည်းမရှိပါ။

အားနည်းချက်များ

  • ကျောင်းစရိတ်ကုန်ကျနိုင်ခြင်း
  • မိမိသင်ယူချင်တဲ့ ဘာသာရပ်မရှိ (သို့) ရှာဖွေမရ ဖြစ်နေနိုင်ခြင်း
  • မိမိမလုပ်ချင်တဲ့အလုပ်မှာ လုပ်ကိုင်ရခြင်း တို့ရှိနိုင်ပါတယ်။

၂။ မိမိအတွက် ဗီဇာပံ့ပိုးပေးနိုင်မယ့် အလုပ်ကိုရှာပါ။

များသောအားဖြင့် နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်ဖို့လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါ။ မလွယ်ကူပေမယ့် မဖြစ်နိုင်တာတော့မဟုတ်ပါ။ ပုံမှန်အားဖြင့် တော့နည်းလမ်းနှစ်မျိုးနဲ့ လုပ်နိုင်ပါတယ်။

က။ ကုမ္ပဏီမှလွဲပြောင်းပေးခြင်း

ပြည်တွင်း ကုမ္ပဏီခွဲက ယင်းတို့ နိုင်ငံခြား မှာရှိတဲ့ မူလကုမ္ပဏီသို့ ပို့ဆောင်ခြင်းဖြင့် အလုပ် လုပ်နိုင်ပါတယ်။ ဒီလိုနည်းက အလွယ်ဆုံးလို့ပြောလို့ရပါတယ်။ မိမိရဲ့ မိခင်ကုမ္ပဏီက အစစရာရာလုပ်ဆောင်ပေးမယ့်အတွက်ကြောင့် စာရွက်စာတမ်း ကိစ္စများကို ခေါင်းခဲနေစရာမလိုပါဘူး။
ဒါ့အပြင် မိမိအနေနဲ့ လည်း အလုပ်နေရာပြောင်းလုပ်တာကလွဲလို့ အသစ်ရှာစရာ မလိုတော့ပါဘူး။

ခ။ ကိုယ်တိုင်အလုပ်ရှာခြင်း

ပထမအချက်ထက် ပိုခက်ပါတယ်။ မိမိကိုယ်တိုင်အလုပ်ရှာရလို့ အလုပ်ရဖို့ မလွယ်ကူပါဘူး။ အရေးကြီးတာက တော့ မိမိအတွက် အလုပ်လဲရပြီး ဗီဇာအတွက်ပါ ကူညီပေးမယ့် ကုမ္ပဏီကို အမိအရ ရှာနိုင်ဖို့လိုပါတယ်။ ဒီလိုရဖို့အတွက်မလွယ်ကူလှပေမယ့် ဖြစ်နိုင်ချေရှိပါတယ်။ အထူးသဖြင့်တော့ နိုင်ငံခြားသားများလိုအပ်နေတဲ့ အလုပ်ခွင်ဆိုရင်တော့ အဆင်ပြေပါတယ်။

အောက်ပါအလုပ် အကိုင်တွေကတော့ အလုပ်ဗီဇာရရှိဖို့အခွင့်အရေးများတဲ့ အလုပ်တွေပဲဖြစ်ပါတယ်။

အင်္ဂလိပ်စာ ဆရာ အဖြစ်အလုပ်

များသောအားဖြင့် အင်္ဂလိပ်လူမျိုးအစစ်များကိုသာ လိုလားကြပေမယ့်လည်း မိမိတို့အနေနဲ့
အင်္ဂလိပ်စာအရည်အချင်းကောင်းရှိထားပါက အလုပ်ရှာလုပ်နိုင်ပါတယ်။ နိုင်ငံအလိုက်
အလုပ် အတွက် လိုအပ်ချက်များမတူညီကြပါဘူး။ အင်္ဂလိပ်စာဆရာ အများအပြား ခေါ်ယူ
တဲ့နိုင်ငံတွေ ကတော့ တရုတ်၊ ဂျပန်၊ တောင်ကိုးရီးယား၊ ထိုင်ဝမ်၊ စပိန်၊ ချက်သမ္မတ၊ အရှေ့အလယ်ပိုင်းအပြင် အခြား သောနိုင်ငံများလည်းရှိပါတယ်။ အောက်ပါ ဝက်ဘ်ဆိုဒ်တွင် ထိုအလုပ် အကိုင်များ သွား ရောက်ရှာဖွေနိုင်ပါတယ်။
(https://www.eslcafe.com/)

နေထိုင်ရေးအတွက် အပြန်အလှန်သဘောဖြင့် အိမ်အကူအလုပ် လုပ်ခြင်း

အလွယ်ဆုံးကတော့ အိမ်အကူအလုပ်ပါပဲ။ အရည်အချင်းသိပ်မလိုအပ်ပဲ နိုင်ငံခြားမှာနေထိုင်ပြီး အလုပ်လုပ်နိုင်မယ့် အခွင့်အရေးဖြစ်တယ်။ တစ်ချို့အခြေအနေတွေမှာတော့ အလုပ်ရဖို့ကြိုတင် စရန်ငွေတွေပေးသွင်းထားရပါတယ်။ အွန်လိုင်းကနေ ထိုအလုပ်တွေကိုရှာဖွေနိုင်ပါတယ်။ အောက်ပါဝက်ဘ်ဆိုဒ်များတွင် အလုပ်ရှာဖွေနိုင်ပါတယ်။

https://www.greataupair.com/
https://www.aupair.com/

https://www.aupairworld.com/en

ကျန်းမာရေးသူနာပြုအလုပ်

ကမ္ဘာနဲ့တစ်ဝှမ်း အလွန် လိုအပ်လျက်ရှိနေတာကတော့ ကျန်းမာရေး စောင့်ရှောက်သူ
(သို့) သူနာပြုအလုပ်ဖြစ်ပါတယ်။ သင့်အနေနဲ့ ရှိသင့်တဲ့အရည်အချင်းများ ရှိဖို့လိုပါတယ်။ အွန်လိုင်း (သို့) ထိုအလုပ်များကို ကူညီပေးနေတဲ့ ကုမ္ပဏီများနဲ့ ဆက်သွယ်ပါ။

နည်းပညာဆိုင်ရာအလုပ်

သင့်အနေနဲ့ နည်းပညာဆိုင်ရာ နဲ့ ကျောင်းပြီးထားသူ (သို့) အလုပ်အတွေ့ကြုံရှိပြီး သက်ဆိုင်ရာ နယ်ပယ်အတွက် သင်တန်း တက်ထားသူ ဆိုရင်တော့ နိုင်ငံခြားမှာ ဒီအလုပ်ကိုရှာဖို့မခက်ပါဘူး။ များသော အား ဖြင့် ဒီအလုပ်တွေဟာ ကမ္ဘာနဲ့အဝှမ်း လိုအပ်နေပါတယ်။ အလုပ်များကို အောက် ပါ ဝက်ဘ်ဆိုဒ်များ တွင်ရှာဖွေနိုင်ပါတယ်။

https://www.computerjobs.com/th/en/IT-Jobs/

အားသာချက်များ

  • တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရတဲ့အတွက် စိုးရိမ်စရာမလို
  • မိမိလုပ်ချင်တဲ့ အလုပ်အကိုင်နဲ့ တစ်ထပ်တည်းကျမယ့်အလုပ်ကိုလုပ်ကိုင်ခွင့်ရမယ်
  • အလုပ်ရှင်က မိမိအတွက် စာရွက်စာတမ်းကိစ္စများကို ဆောင်ရွက်ပေးနိုင်မယ်။
  • နိုင်ငံရပ်ခြားသို့ အလုပ်နဲ့ ဗီဇာ နဲ့ သေချာစွာ သွားရောက်နိုင်မယ်။

အားနည်းချက်များ

  • ထိုအလုပ်မျိုးကိုရရှိဖို့မလွယ်ကူနိုင်
  • မိမိအလုပ်အတွေ့ကြုံများနဲ့ ကန့်သတ်ချက်များရှိနိုင်

၃။ နိုင်ငံသားအဖြစ်လျှောက်ထားခြင်း

နောက်ထပ်မဟာအခွင့်အရေးတစ်ခုက မိမိသွားလိုသည့် နိုင်ငံသို့ နိုင်ငံသားအဖြစ် လျှောက်ထားနိုင်ခြင်း ပဲဖြစ်ပါတယ်။ တစ်ချို့နိုင်ငံများတွင် နှစ်နိုင်ငံသား အဖြစ် ခံယူခွင့်ရှိပါတယ်။ (ဥပမာ အင်္ဂလန်နိုင်ငံသား တစ်ယောက်အနေနဲ့ အမေရိကန်နိုင်ငံအဖြစ် ထပ်လျှောက်ထားခွင့်ရှိပါတယ်။)နိုင်ငံတော်တော်များများမှာတော့ များသောအားဖြင့် နိုင်ငံတစ်ခုရဲ့ နိုင်ငံသားအဖြစ် သာလျှောက် ခွင့်ရှိပါတယ်။ ပုံမှန်အားဖြင့် နည်းလမ်း (၃) ခုဖြင့်နိုင်ငံသားအဖြစ်လျှောက်နိုင်ပါတယ်။

က။ မိမိရဲ့ မိသားစုမှတစ်ဆင့်

ဒီအခြေအနေမှာတော့ သင့်အနေနဲ့ မိသားစုဝင် တစ်ဦးဦး ဥပမာ အဖေ၊ အမေ၊ အဖိုးအဖွား
များက ထိုနိုင်ငံမှာ နိုင်ငံသားဖြစ်ထားဖို့လိုပါမယ်။ သာဓကအားဖြင့် ဘရာဇီးနိုင်ငံသားများ အနေဖြင့် ပေါ်တူဂီ၊ အီတလီ၊ ဂျာမနီ နိုင်ငံသားများလျှောက်ထားဖို့ လွယ်ကူပါတယ်။ နိုင်ငံအသီးသီးမှာတော့ ၎င်းတို့ရဲ့ နိုင်ငံ သားဖြစ်ခွင့် ဥပဒေများ ချမှတ်ထားကြပါတယ်။ မိမိအနေနဲ့ သွားလိုတဲ့နိုင်ငံရဲ့ မူဝါဒ များကိုကောင်းစွာ သိရှိနားလည်ထားပြီး လုပ်ဆောင်ရမယ့်လမ်းစဉ်များကို သိထားဖို့လိုပါတယ်။ သေချာတာကတော့ မလွယ်ကူပါ၊ အချိန်ကြာမြင့်နိုင်တယ်၊ ကုန်ကျမှုများလည်းရှိမယ်။

ခ။နေထိုင်ခွင့် ကနေတစ်ဆင့်မူတည်ပြီး နိုင်ငံသားအဖြစ်လျှောက်ထားနိုင်

မိမိတို့အနေနဲ့ သက်ဆိုင်ရာနိုင်ငံများတွင် တရားဝင်နေထိုင်မှု ကြာမြင့်လာပါက နေထိုင်ခွင့် သို့
နိုင်ငံသား လျှောက်ထားခွင့် အထိတောင်ရှိလာပါတယ်။ မိမိစိတ်ပါဝင်စားတဲ့နိုင်ငံများရဲ့
နိုင်ငံသားဖြစ်ခွင့်မူဝါဒ များကို လေ့လာပါ။ သေချာတာကတော့ နိုင်ငံသားလျှောက်ခွင့်မရခင်
ထိုနိုင်ငံမှာ ကြိုတင် တရားဝင် နေထား ဖို့တော့ လိုအပ်ပါတယ်။

ဂ။ လက်ထပ်ထိမ်းမြားခြင်းများတစ်ဆင့်

သင့်အနေနဲ့ တစ်ခြားနိုင်ငံသားတစ်ဦး နဲ့ လက်ထပ်ထိမ်းမြား ပြီး ထိုနိုင်ငံ၌ နိုင်ငံသားမရသေးခင်တောင် အနည်းဆုံး နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်တော့ ရရှိမှာဖြစ်ပါတယ်။

အားသာချက်များ

  • သင့်အနေနဲ့ တရားဝင်အလုပ်လုပ်ကိုင်ခွင့်နဲ့ နေထိုင်ခွင့်ရရှိမယ်
  • နေထိုင်ရာနိုင်ငံရဲ့ နိုင်ငံသားများနဲ့ တစ်တန်းထဲ အခွင့်အရေးရနိုင်မယ်
  • နိုင်ငံများသို့ ဗီဇာမဲ့ ဝင်ရောက်ခွင့်ရနိုင်မယ် (အထူးသဖြင့် နိုင်ငံငယ်များမှ)

အားနည်းချက်များ

  • လူအများအတွက် အခြေအနေအရ ရပ်တည်ဖို့ခက်ခဲခြင်း
  • ကုန်ကျငွေများနိုင်ခြင်း
  • စာရွက်စာတမ်းကိစ္စများပြားခြင်း နဲ့ ခက်ခဲမှုရှိခြင်း
  • အချိန်ကြာမြင့်နိုင်ခြင်း တို့ ဖြစ်တယ်။

၄။ အတတ်ပညာကျွမ်းကျင်မှုနဲ့ အရည်အချင်းအရ ရွေ့ပြောင်းလုပ်ကိုင်ခြင်း

နိုင်ငံအချို့များမှာတော့ ယင်းတို့ရဲ့ လုပ်ငန်းနယ်ပယ်အချို့မှာ ကျွမ်းကျင်လုပ်သား ရှားပါးမှုကြောင့် ပြည်ပမှ ကျွမ်းကျင်လုပ်သား ခေါ်ယူမှုအစီစဉ်များချမှတ်ထားပါတယ်။ သင့်အ နေနဲ့ဒီလိုအစီ အစဉ် တွေမှာပါဝင်ခွင့်ရလျင် နေထိုင်ခွင့်နဲ့ တရားဝင်အလုပ် လုပ် ကိုင်ခွင့် ရမှာ ဖြစ် ပါတယ်။ ဆိုလိုချင်တာက မိမိသွားရောက်လုပ်ကိုင်ခွင့်ရတဲ့ နိုင်ငံမှာ ကြာရှည်စွာနေထိုင်ပြီးထိုနိုင်ငံအတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်ဖြည့်ဆည်းပေးခြင်းပါပဲ။ ဒီလိုအခွင့်အရေးကို ရဖို့ဆိုရင်တော့ မိမိမှာ ရှိသင့် တဲ့အရည်အချင်းတွေ့ ရှိရပါမယ်။

  • ဘွဲ့ရထားရမယ်
  • ကိုက်ညီတဲ့ အလုပ်အတွေ့အကြုံ ရှိရမယ်
  • လိုအပ်တဲ့ နယ်ပယ်အတွက် အလုပ်အတွေ့အကြုံရှိထားရမယ်
  • ဘာသာစကားတတ်ကျွမ်းမှုရှိထားရမယ် (ဥပမာ သြစတြေးလျ အတွက် အင်္ဂလိပ်စာ)
  • အသက်အရွယ်ကောင်းရမယ့် အပြင် အခြားသော ရှိထားသင့်တဲ့ အရည်အချင်းများရှိထား ရ မယ်။

အထက်ပါအချက်များအားလုံး ရှိထားရမယ်လို့မဆိုလိုပါ။ နိုင်ငံအလိုက်လိုအပ် ချက်ကွဲပြားမှုတွေရှိနိုင် မယ်။ မိမိသွားလိုသည့် နိုင်ငံများရဲ့ သံရုံး၊ ကောင်စစ်ဝန် ဝက်ဘ်ဆိုဒ်များကိုဝင်ရောက်လေ့လာပါ။ အတတ်ပညာပိုင်းကျွမ်းကျင်မှုအရ ရွေ့ပြောင်းလုပ်ကိုင်ကောင်းတဲ့နိုင်ငံတွေကတော့ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါ နဲ့ အမေရိကန်ပြည်ထောင်စုတို့ဖြစ်ပါတယ်။အောက်ပါ

ဝက်ဘ်ဆိုဒ်မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

https://immi.homeaffairs.gov.au/visas/working-in-australia/skill-occupation-list

အားသာချက်များ

  • လစာကောင်းနိုင်မယ်၊ လုပ်ငန်းခွင်ကောင်းမယ်
  • တရားဝင်လုပ်ကိုင်နိုင်မယ်
  • နိုင်ငံသားလျှောက်ထားခွင့်ရှိမယ် (နေထိုင်မှုကြာမြင့်ပါက)

အားနည်းချက်များ

  • သင့်အနေနဲ့ သက်ဆိုင်ရာနယ်ပယ်အတွက် အရည်အချင်းရှိထားရမယ်။
  • ကြာမြင့်နိုင်ပြီး ခက်ခဲနိုင်မယ်
  • လူငယ်များအတွက်သာ လမ်းဖွင့်ထားနိုင်

၅။ ကံစမ်းမဲထိုး ခြင်းမှတစ်ဆင့်

နိုင်ငံတကာမှာရေပန်းစားတဲ့ အခြေချနေထိုင်ခွင့်အစီအစဉ်ကိုပြောရရင် အမေရိကန်ပြည်ထောင်စု ကို အခြေချနေထိုင်ခွင့် ဖြစ်တဲ့ Diversity Visa Lottery ပဲဖြစ်ပါတယ်။ နှစ်စဉ် ကမ္ဘာ့နိုင်ငံတစ်ဝှမ်းမှ နိုင်ငံခြားသားများအားလုံး လူဦးရေ (၅)သောင်းကို ကံစမ်းမဲပေါက်သူများထဲမှ ရွေးချယ်ပေး လေ့ရှိပါတယ်။ နှစ်တိုင်း အောက်တိုဘာ လကနေ နိုဝင်ဘာလအထိ မဲထိုးတဲ့ကာလအဖြစ် သတ်မှတ်ထားပါတယ်။ အွန်လိုင်းကနေတစ်ဆင့် လိုအပ်တဲ့အချက် အလက်များကို အဆင်သင့်စု ဆောင်းပြီး ဖြည့်ထည့်ရုံပါပဲ။

ကံစမ်းမဲက ကျပန်းနည်းဖြင့် ရွေးချယ်တာဖြစ်လို့ ကံအပေါ်မှာပဲမူ တည်ပါတယ်။ အဖြေတွေကိုတော့ နောက်တစ်နှစ်ရဲ့ (၅) လပိုင်း (သို့) (၆) လပိုင်းမှာ ပြန်လည်စစ်ဆေးမှု ပြုလုပ်နိုင်ပါတယ်။ နိုင်ငံအချို့ကိုတော့ ထို ကံစမ်းခွင့်အစီစဉ်မှာပါဝင်ဖို့ ပိတ်ပင်ထားပြီဖြစ်ပါ တယ်။ အကြောင်းမှာ ထိုနိုင်ငံသား များ အမေရိကန်ပြည်ထောင်စုတွင် လူဦးရေအရ သတ်မှတ်ထက် ကျော်လွန်သွားတဲ့ အတွက် ဖြစ်ပါ တယ်။ မြန်မာပြည်သူတွေအနေနဲ့ Diversity Visa Lottery ကိုကံစမ်းခွင့်ရှိနေ ပါသေးတယ်။ ဒါကြောင့် နှစ်စဉ် ကံစမ်းဖို့ တိုက်တွန်းချင်ပါတယ်။ လိုအပ်ချက်တွေ ကတော့ အနည်းဆုံး အထက်တန်းပြီးထား (သို့) အလုပ်အတွေ့အကြုံ (၂) နှစ်အထက်ရှိထားရပါမယ်။ အပြည့်စုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက် ဖတ်ရှု့နိုင်ပါတယ်။

https://dvprogram.state.gov/

အားသာချက်များ

  • အခကြေးငွေမကုန်ပဲ လူတိုင်းလျှောက်ထားနိုင် (သတ်မှတ်ထားတဲ့နိုင်ငံသားဖြစ်ရမယ်)
  • လိုအပ်ချက် ကန့်သတ်မှု သိပ်မရှိ (အထက်တန်းအောင် (သို့) အလုပ် အတွေ့ကြုံ (၂)ခန့်ရှိရမယ်)
  • နိုင်ငံသားအဖြစ် လျှောက်ခွင့်ရနိုင် (နေထိုင်မှုကြာမြင့်လာပါက)

အားနည်းချက်များ

  • ကံစမ်းမဲပေါက်ဖို့ မလွယ်ကူနိုင်ခြင်း
  • ကံစမ်းမဲပေါက်တိုင်း ဗီဇာ ရရှိမှု ရာနှုန်းပြည့်မသေချာခြင်း
  • မိမိကိုယ်ပိုင်စရိတ်ဖြင့်သာ သွားရောက်နိုင်ခြင်း
  • စာရွက်စာတမ်းကိစ္စမလွယ်ကူနိုင်
  • လုပ်ချင်တဲ့ အလုပ်နဲ့ တစ်ထပ်တည်းမကျနိုင်ခြင်း တို့ဖြစ်ပါတယ်။

နိဂုံးချုပ်မှာတော့ အထက်ပါ ပြောထားတဲ့ နည်းလမ်း (၅)သွယ်တင် မကပဲအခြားသောနည်းများ စွာရှိ နေပါသေးတယ်။ အဓိကတော့ မိမိအနေနဲ့ မိမိသွားလိုရာနိုင်ငံ နဲ့နေရာများကို အချိန်ယူပြီး လေ့လာပါ၊ စုံစမ်းပါ၊မေးမြန်းပါ။ ခင်မင်ရင်းနှီးရတဲ့ မိတ်ဆွေ၊ အသိုင်းအဝိုင်းရှိပါက ပိုကောင်းပါတယ်။ ဆက်လက်ပြီး နိုင်ငံရပ်ခြားသွားမှ မိမိဘဝတိုးတက်နိုင်မယ်လို့မဆိုလိုပါ။ မိမိရဲ့ နိုင်ငံမှာလည်း လုပ်ကိုင်စား သောက်ပြီး ကြီးပွားနေကြတဲ့လူတွေလည်း ဒုနဲ့ဒေးပါပဲ။ အဓိကတော့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ရွေးချယ်မှုနဲ့ပဲဆိုင်ပါတယ်။ အရေးကြီးတာက မိမိတို့အနေနဲ့ မည်သည့်နိုင်ငံမှာပဲရောက်ရှိနေပါစေ မိမိတို့ရဲ့ မိခင်နိုင်ငံကိုတော့ တစ်ဖက်တစ်လမ်းကနေကူညီဖြည့်ဆည်းကြဖို့မမေ့ကြပါနဲ့။ အားလုံးကောင်းမွန် သောအနာဂတ်များကို ပိုင်ဆိုင်နိုင်ကြပါစေ။

Ref: how to live abroad, DV program

TharHtoo ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top