မင်္ဂလာပွဲရွှေ့ဆိုင်းပြီး လူနာတွေကို ကုသပေးနေတဲ့ ဆရာဝန် ကိုရိုနာဗိုင်းရပ်သစ်ကြောင့် သေဆုံး

yyl-025-11.jpg

တရုတ်နိုင်ငံက အသက် (၂၉) နှစ်အရွယ်ဆရာဝန်တစ်ယောက်ဟာ သူ့ရဲ့မင်္ဂလာပွဲကိုတောင် ရွှေ့ဆိုင်းထားခဲ့ပြီး ကိုရိုနာဗိုင်းရပ်သစ်ကူးစက်ခံနေရတဲ့သူတွေအတွက် အလုပ်လုပ်ပေးခဲ့ပါတယ်။ အခုတော့ သူဟာ မင်္ဂလာပွဲကို ဘယ်တော့မှ ကျင်းပနိုင်တော့မှာမဟုတ်ပါဘူး။ ဖန် ရင်ဟွာ ဆိုတဲ့ အဲဒီဆရာဝန်ဟာ ကိုရိုနာဗိုင်းရပ်သစ်ကူးစက်ခံရပြီးနောက် မနေ့က သေဆုံးသွားခဲ့ပါပြီ။ ဒီသတင်းကို ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ People’s Daily တရုတ်သတင်းဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ထုတ်ပြန်ခဲ့တဲ့သတင်းအရ ဖန် ရင်ဟွာဟာ ဝူဟန်မြို့ရဲ့ Jiangxia ခရိုင်က First People’s Hospital မှာ အဆုတ်ရောဂါကုဆရာဝန်တစ်ယောက်ပါ။ ဖန်က ဇန်နဝါရီ ၂၅ ရက်နေ့မှာ ဆေးရုံတင်ခဲ့ရပြီး ဇန်နဝါရီ ၃၀ ရက်နေ့မှာ အခြေအနေပိုဆိုးလာခဲ့ပါတယ်။ အဲဒီနောက်မှာ ဝူဟန်မြို့က Jinyintan Hospital ကို ပြောင်းရွှေ့ခဲ့ရပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ ဖန်ဟာ ပြန်လည်မသက်သာခဲ့ဘဲ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ည ၉နာရီ ၅၀ မိနစ်မှာ သေဆုံးသွားခဲ့ပါတယ်။

ဖန်ဟာ အစက သူ့ရဲ့မင်္ဂလာပွဲကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ သူ ဖိတ်ကြားဖို့ ရည်ရွယ်ခဲ့တဲ့ ဖိတ်စာတွေကလည်း သူ့ရဲ့အံဆွဲထဲမှာ ရှိနေတုန်းလို့ သိရပါတယ်။ သူနဲ့သူ့ဇနီးလောင်းတို့က ဗိုင်းရပ်စ်သစ်ကို ထိန်းချုပ်နိုင်သွားတဲ့အထိ သူတို့ရဲ့မင်္ဂလာပွဲကို ရွှေ့ဆိုင်းဖို့ သဘောတူထားခဲ့ကြတာဖြစ်ပါတယ်။

ဖန် ရင်ဟွာကို ဂရုစိုက်ပေးခဲ့ရတဲ့ သူနာပြုက ဖန်ဟာ ဆေးရုံမှာ လဲလျောင်းနေရတဲ့အခါမှာတောင် အမြဲတမ်းစိတ်ထားကောင်းပြီး ပြုံးနေတာလို့ ပြောပါတယ်။ ဖန့်ကို သိတဲ့ဆေးရုံက လူနာတစ်ယောက်ကလည်း သူက သန်မာပြီး အကောင်းမြင်စိတ်ရှိတယ်လို့ ပြောပါတယ်။ ဖန်ရင်ဟွာရဲ့သတင်းကို ကြားပြီး အင်တာနက်အသုံးပြုသူတွေက ဝမ်းနည်းပူဆွေးခဲ့ကြပြီး နောက်ထပ် ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ အခုလိုမျိုးမဖြစ်ကြဖို့ မျှော်လင့်နေကြပါတယ်။ “သူဟာ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်သင့်တယ်။ ငါ တကယ်ကို နောက်ထပ်ဆရာဝန်တွေ သေဆုံးတာကို မမြင်ချင်ဘူး” လို့ ပြောပါတယ်။

Ref: Doctor in China who postponed wedding to work on front line dies from Covid-19 infection

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top