တိုက်ခန်းထဲမှာ နှစ် ၂၀ ကျော်ဝှက်ထားတဲ့ သရဖူကို အီသီယိုးပီးယားနိုင်ငံထံ ပြန်အပ်

yyl-029-11.jpg

ဟော်လန်နိုင်ငံရဲ့ တိုက်ခန်းတစ်ခုထဲမှာ နှစ် ၂၀ ကျော် ဝှက်ထားခဲ့ရတဲ့ ၁၈ ရာစုသရဖူကတော့ အီသီယိုးပီးယားနိုင်ငံကို ပြန်ရောက်သွားခဲ့ပါပြီ။ ၁၉၇၀ ပြည့်နှစ်နှောင်းပိုင်းက နိုင်ငံရေးဖိနှိပ်မှုတွေကြောင့် ဟော်လန်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့ အီသီယိုးပီးယားနိုင်ငံသား အက်စ်ဖောဟာ ၁၉၉၈ ခုနှစ်မှာ သူ့အိမ်ကိုအလည်လာတဲ့ အီသီယိုးပီးယားဧည့်သည်တစ်ယောက်ရဲ့ ခရီးဆောင်အိတ်ထဲကနေ အဲဒီသရဖူကို တွေ့ခဲ့တာပါ။ ဒီသရဖူကို တွေ့တွေ့ချင်း အီသီယိုးပီးယားနိုင်ငံကနေ ခိုးထုတ်လာတာဖြစ်မယ်လို့ ကောက်ချက်ချခဲ့တဲ့ အက်စ်ဖောက အဲဒီဧည့်သည်ကို တိုက်ခိုက်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံကို ပြန်မအပ်ရင် ဒီသရဖူကို ပေးမှာမဟုတ်ဘူးလို့ အပြတ်ပြောခဲ့ပါတယ်။

တခြားသူတွေ လက်ထဲ သရဖူပါမသွားအောင်လို့ သူ့အိမ်မှာ သရဖူကို ဝှက်ထားခဲ့ပါတယ်။ ပြီးခဲ့သည့်နှစ်မှာတော့ အနုပညာလောကရဲ့ အင်ဒီယာနာဂျုံးစ်လို့ နာမည်ကျော်ကြားတဲ့ ဟော်လန်နိုင်ငံသား အနုပညာပစ္စည်းရှာဖွေသူကို ဆက်သွယ်ခဲ့ပြီး အီသီယိုးပီးယားနိုင်ငံကို သရဖူပြန်ပို့ဖို့ စီစဉ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာတော့ အီသီယိုးပီးယားဝန်ကြီးချုပ် အဘီအာမတ်က သရဖူကို လက်ခံရယူခဲ့ပါတယ်။ ယေရှုခရစ်၊ ဘုရားသခင်၊ သန့်ရှင်းသောဝိဉာဉ်တော်၊ ယေရှုခရစ်ရဲ့ ပညတ်တော်တွေကို ပုံဖော်ထားတဲ့ အဲဒီသရဖူကို လွန်ခဲ့တဲ့နှစ်ပေါင်းရာချီမှာ အင်အားကြီးစစ်ဘုရင် ဝယ်ဒီဆယ်လက်က ဘုရားကျောင်းကို ပေးအပ်ခဲ့ဖွယ်ရှိတယ်လို့ ယူဆထားပါတယ်။ အဖိုးတန်သရဖူကို ပြန်အပ်ခဲ့လို့ အက်စ်ဖောနဲ့ ဟော်လန်အစိုးရကို ကျေးဇူးတင်တယ်လို့ အဘီအာမတ်က ပြောပါတယ်။ အဲဒီသရဖူဟာ ကမ္ဘာပေါ်တွင် ဖန်တီးခဲ့တဲ့ မျိုးတူသရဖူ ၂၀ ထဲက တစ်ခုဖြစ်မယ်လို့ ယူဆထားပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top