လုံခြုံရေးအခြေအနေကြောင့် ဟိုတယ်တစ်ခုတည်းမှာ နေရမယ့် ဘာစီလိုနာနဲ့ ရီးရဲလ်

yyl-004-12.jpg

ကြာသပတေးနေ့နံနက် မြန်မာစံတော်ချိန် ၁ နာရီခွဲအချိန်မှာ ကစားမယ့် အယ်ကလက်စီကိုပွဲစဉ်မတိုင်ခင် ဘာစီလိုနာနဲ့ ရီးရဲလ်အသင်း (၂)သင်းလုံး ဟိုတယ်တစ်ခုတည်းမှာ နေရမှာဖြစ်ပါတယ်။ အခါးသီးဆုံးပြိုင်ဘက်အသင်း (၂)သင်းကို ပရင့်ဆာဆိုဖီယာ(Princesa Sofia)ဟိုတယ်မှာ တည်းခိုခိုင်းတဲ့ အကြောင်းရင်းကတော့ ဆန္ဒပြပွဲတွေကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရလို့ပါပဲ။ ကာတာလန်ဒေသ ကိုယ်ပိုင်လွတ်လပ်ခွင့်ရဖို့အတွက် ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပနိုင်ရေး လှုပ်ရှားနေတဲ့ ကာတာလန်အဖွဲ့(Tsunami Democratic)က ဆန္ဒပြပွဲတွေ စီစဉ်နေပါတယ်။

ပုံမှန်အတိုင်းဆိုရင် ဘာစီလိုနာအသင်းသားတွေ၊ နည်းပြအဖွဲ့ဝင်တွေက အိမ်ကွင်းပွဲစဉ်တွေမှာ တစ်ယောက်တစ်ကွဲစီလာပြီး နျူးကမ့်ကွင်းရောက်မှ ဆုံကြလေ့ရှိပါတယ်။ ဒါပေမဲ့ အခုပွဲမှာတော့ နေ့လယ်ပိုင်းကတည်းက ဟိုတယ်မှာ လူစုပြီး နျူးကမ့်ကွင်းကို သွားမှာပါ။ ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းသားတွေဟာ အသင်းအမှတ်တံဆိပ်မပါတဲ့ ဘတ်စ်ကားတွေနဲ့ စီးနင်းလိုက်ပါကြမှာဖြစ်ပါတယ်။ ပရင့်ဆာဆိုဖီယာဟိုတယ်နဲ့ နျူးကမ့်ကွင်းက မီတာ ၆၀၀ ပဲ ဝေးပေမဲ့ ရဲလုံခြုံရေးတွေလည်း လိုက်ပါစောင့်ကြပ်မှာပါ။ ရီးရဲလ်အသင်းက ဘာစီလိုနာမြို့ကို လေယာဉ်နဲ့လာမှာဖြစ်ပြီး သူတို့ကစားသမားတွေရဲ့ လုံခြုံရေးကို အပြည့်အဝ အာမခံချက်မပေးနိုင်ရင် လေယာဉ်ပေါ်ကနေ ဆင်းမှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။

ဘာစီလိုနာနဲ့ ရီးရဲလ်ရဲ့ အယ်ကလက်စီကိုပွဲစဉ်ကို အောက်တိုဘာလ ၂၆ ရက်မှာ စီစဉ်ထားပေမဲ့ ကာတာလန်ဒေသရဲ့ ခွဲထွက်ရေးလိုလားတဲ့ ခေါင်းဆောင် ၉ ဦးကို ထောင်ဒဏ်ချမှတ်ခဲ့တာနဲ့ပတ်သက်ပြီး ဘာစီလိုနာမြို့မှာ ကိုယ်ပိုင်လွတ်လပ်ရေးဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့လို့ ပွဲကစားမယ့်ရက် ရွှေ့ဆိုင်းခဲ့တာပါ။ ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းသားတွေကို ဟိုတယ်တစ်ခုတည်းမှာ နေခိုင်းပေမဲ့ ထောင့်တစ်ထောင့်စီမှာ ခွဲထားမယ်လို့ ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top