ဧပြီလ တစ်လတာအကောင်းဆုံးဆုတွေကို ဂွာဒီယိုလာ၊ ဗာဒီနဲ့ ဟာဇက် ဆွတ်ခူး

59849876_2365395370158036_2002072582391595008_n.jpg

မန်စီးတီးနည်းပြ ဂွာဒီယိုလာဟာ ဧပြီလအတွက် တစ်လတာအကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာဟာ ဧပြီလအတွင်း ကစားခဲ့တဲ့ပွဲစဉ်တွေမှာ စပါးနဲ့ မန်ယူအပါအဝင် ပွဲစဉ် (၅) ပွဲလုံး အနိုင်ရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂွာဒီယိုလာအတွက် ဒီရာသီမှာ တစ်လတာအကောင်းဆုံးနည်းပြဆု (၂) ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပြီး မန်စီးတီးနည်းပြဘဝမှာ တစ်လတာအကောင်းဆုံး နည်းပြဆုကို (၇) နှစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့တာပါ။ ဂွာဒီယိုလာကတော့ ဒီဆုဟာ နည်းပြအဖွဲ့ဝင်အားလုံးနဲ့ဆိုင်လို့ နည်းပြအဖွဲ့ဝင်တွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။

မန်စီးတီးဟာ ၂၀၀၉ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်ချန်ပီယံဆုကိုကာကွယ်နိုင်တဲ့ ပထမဆုံးအသင်းဖြစ်လာဖို့ နီးစပ်နေပြီး ရာသီသိမ်းပွဲစဉ်မှာ ဘရိုက်တန်ကိုအနိုင်ရခဲ့ရင် ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်နိုင်မှာပါ။ ” မီဒီယာတွေက လီဗာပူးကို ဖလားရစေချင်နေကြတယ်။ ဒါပေမဲ့ ကံကြမ္မာဖန်တီးခွင့်က ကျွန်တော်တို့လက်ထဲမှာရှိနေလို့ သူတို့အတွက် စိတ်မကောင်းပါဘူး။ လီဗာပူးက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်မရှိလို့ ဖိအားမရှိဘဲ ကစားနေပါတယ်။ ကျွန်တော်တို့ကတော့ ဖိအားရှိပါတယ်။ တစ်ပွဲပဲကျန်ပါတော့တယ်။ နောက်တစ်ပွဲပဲ အနိုင်ရဖို့လိုပါတယ်။ ဘရိုက်တန်နဲ့ပွဲကို ကြိုးစားသွားမှာပါ။ ကစားသမားတွေက ရင့်ကျက်နေကြပါပြီ။ သူတို့ကို ကျွန်တော် ပြောစရာစကားမရှိပါဘူး”လို့ ဂွာဒီယိုလာက ပြောပါတယ်။

ဧပြီလအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို လက်စတာတိုက်စစ်မှူး ဗာဒီက ဆွတ်ခူးခဲ့ပါတယ်။ ဗာဒီဟာ ဧပြီလထဲမှာ လက်စတာအတွက် (၄) ပွဲကစားရာမှာ (၅) ဂိုးသွင်းယူပေးခဲ့သူပါ။ ဧပြီလအတွက် ပရီးမီးယားလိဂ်ရဲ့ တစ်လတာအကောင်းဆုံးသွင်းဂိုးဆုကိုတော့ ချဲလ်ဆီးကွင်းလယ်ဖန်တီးရှင် ဟာဇက်က ဆွတ်ခူးခဲ့ပါတယ်။ ဟာဇက်ဟာ ဝက်စ်ဟမ်းကို (၂) ဂိုးပြတ် အနိုင်ရခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာ ပြိုင်ဘက်ကစားသမား (၅) ယောက်ကို ကျော်ဖြတ်ပြီး တစ်ကိုယ်တော်စွမ်းရည်နဲ့ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top