SHINee အဖွဲ့ဝင် Jonghyun သေဆုံးမှုအပေါ် SM Entertainment တရားဝင် သတင်းထုတ်ပြန်

SHINee-Jonghyun.jpg

SM Entertainment က ၂၀၁၇ ဒီဇင်ဘာလ  ၁၈ ရက်နေ့မှာ SHINee အဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ Jonghyun ကွယ်လွန်ပြီဖြစ်ကြောင်း တရားဝင် အတည်ပြုပေးခဲ့ပါတယ်။

SM Entertainment မှ  “စိတ်ထိခိုက် ကြေကွဲ ဝမ်းနည်းရတဲ့ ဒီသတင်းကို ထုတ်ပြန်ပေးရတဲ့အတွက်လည်း ထပ်တူ စိတ်မကောင်း ဖြစ်ရပါတယ်။ ဒီဇင်ဘာ ၁၈  ရက်နေ့မှာ Jonghyun ကကျွန်တော်တို့နဲ့ ရုတ်တရက် နှုတ်မဆက်ဘဲ ခွဲခွာသွားပါပြီ။ သူ့ကို ဆိုးလ်မြို့ ဂန်းနမ်ခရိုင် Chungdam -Dong အိမ်ရာမှာ လဲကျနေတာတွေ့ရလို့ အနီးအနားဆေးရုံကို ကမန်းကတန်း ခေါ်ဆောင်သွားပေမယ့် အသက်ကယ်ချိန် မမီလိုက်ပါဘူး။

ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရတာထက်ပိုပြီး သားတစ်ယောက် မောင်တစ်ယောက် ဆုံးရှုံးလိုက်ရတဲ့ Jonghyun မိသားစုဝင်တွေက ခံစားနေရမှာပါ။ ကျွန်တော်တို့ Jonghyun နဲ့ လက်တွဲလုပ်ခဲ့တာ ကြာပြီဖြစ်သလို SHINee အဖွဲ့ဝင်တွေအားလုံးနဲ့ SM Entertainment က ဝန်ထမ်းတွေအားလုံးလည်း ဒီသတင်းကြားပြီး အရမ်းဝမ်းနည်းခဲ့ရပါတယ်။

Jonghyun က တခြားလူတွေထက် ဂီတကို ပိုချစ်မြတ်နိုးပြီး စင်ပေါ်မှာ အကောင်းဆုံး ဖျော်ဖြေနိုင်ဖို့ အရာရာ အကောင်းဆုံး လုပ်တဲ့ အနုပညာရှင်ပါ။ Jonghyun ကို အရမ်းချစ်တဲ့ ပရိသတ်တွေကို ဒီသတင်းပြောပြပေးရတာ ကျွန်တော်တို့ နှလုံးသားတွေ ကြေမွမတတ် ခံစားရပါတယ်။

Jonghyun သေဆုံးမှုအပေါ် ကောလဟာလနဲ့ မှန်းပြီးထင်မြင်ချက်တွေ မပေးဖို့ မေတ္တာရပ်ခံပါတယ်။ ဒါမှ ကျန်ရစ်သူ မိသားစုဝင်တွေက ကောင်းကင်ဘုံက Jonghyun အတွက်စိတ်ချရမှာပါ။ မိသားစုဝင်တွေရဲ့ ဆန္ဒအရ ဈာပနကို ဆွေမျိုးတွေ၊ ကုမ္ပဏီ လုပ်ဖော်ကိုင်ဖက်တွေနဲ့ပဲ တိတ်တဆိတ် ပြုလုပ်သွားမှာပါ။

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Jonghyun ရဲ့ နောက်ဆုံးခရီးမှာ ကျွန်တော်တို့လည်း မိသားစုဝင်တွေနဲ့ ထပ်တူခံစားရကြောင်းပါ။” လို့ ထုတ်ပြန်ပေးခဲ့တာ ဖြစ်ပါတယ်။

ကိုရီးယားလူမျိုးတွေကလည်း Jonghyun သေဆုံးမှုအပေါ် ဝမ်းနည်းရမှုကို ဖော်ပြဖို့ မက်ဆေ့ခ်ျလေးတွေ ရေးတင်ခဲ့ပါတယ်။ Jonghyun ရဲ့ အမဖြစ်သူကတော့ ဒါက suicide လို့ အတည်ပြုပေးခဲ့ပါတယ်။ သေဆုံးရတဲ့ အကြောင်းရင်းမှန်က ကာဗွန်မိုနောက်ဆိုက် အဆိပ်သင့်တာပါ။ Jonghyun က သူ သေကြောင်းကြံစည်သွားပြီဖြစ်ကြောင်း သူ့အမကို စာလေး ပို့ထားခဲ့ပါတယ်။ “အခုချိန်ထိ ကျွန်တော့အတွက် အရမ်းပင်ပန်း ခက်ခဲခဲ့တယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ကို မင်းတာဝန်ကျေပါတယ် လို့ပြောပေးပြီး အဝေးကို ထွက်သွားခွင့်ပြုပါ။ နောက်ဆုံးအနေနဲ့ နှုတ်ဆက်ခဲ့ပါတယ်” လို့နောက်ဆုံး စာပို့ခဲ့တာ ဖြစ်ပါတယ်။

Ref : Koreaboo : SM Entertainment Releases Official Statement

May Moe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top