တောမီးကြောင့် ဆာလောင်မွတ်သိပ်နေတဲ့ တောရိုင်းတိရစ္ဆာန်တွေအတွက် သြစတြေးလျအာဏာပိုင်တွေက အစားအစာတွေ ထောက်ပံ့ပေးနေ

yyl-010-6.jpg

သြစတြေးလျ အာဏာပိုင်တွေဟာ တောမီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် အစာရေဆာပြတ်လပ်မှု တွေရှိနေတဲ့ ဝါလဘီတိရစ္ဆာန်(သားပိုက်ကောင်အသေးစား) တွေအတွက် အစားအစာတွေရရှိအောင် ဆောင်ရွက်လို့နေပါတယ်။ လေယာဉ်နဲ့ နယူး ဆောက်သ် ဝေးလ်ကို ဖြတ်သန်းကာ မုန်လာဥနီနဲ့ ကန်စွန်းဥပေါင်ချိန် ထောင်ပေါင်းများစွာကို ကောင်းကင်ပေါ်ကနေ ပစ်ချပေးခဲ့ပါတယ်။ ဒီနည်းနဲ့ ဆာလောင်မွတ်သိပ်နေတဲ့ ဝါလဘီတိရစ္ဆာန်တွေကို National Parks and Wildlife Serviceက ကယ်တင်နေတာဖြစ်ပါတယ်။

“စားနပ်ရိက္ခာတွေ ထောက်ပံ့ပေးနေတာက ဝါလဘီလို မျိုးစိတ်တွေ ပြန်လည်ကောင်းမွန်လာအောင်၊ အသက်ရှင်နေထိုင်နိုင်ဖို့ ကျွန်တော်တို့လုပ်ဆောင်နေတဲ့ အဓိကဗျူဟာတွေထဲက တစ်ခုပါ” လို့ နယူး ဆောက်သ် ဝေးလ်ပြည်နယ် သဘာဝပတ်ဝန်းကျင်ဝန်ကြီး မတ်တ် ကိန်း (Matt Kean) က ပြောပါတယ်။ ဝါလဘီတိရစ္ဆာန်တွေကို နယူး ဆောက်သ် ဝေးလ်မြို့က ဘေးသင့်နေတဲ့မျိုးစိတ်တွေ၊ ဝိတိုရိယ ပြည်နယ်ရဲ့အိမ်နီးချင်းပြည်နယ်တွေမှာ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရတဲ့ မျိုးစိတ်တွေအဖြစ် သတ်မှတ်ထားပါတယ်။

သြစတြေးလျနိုင်ငံက ဝါလဘီမျိုးစိတ် (၁၅) ခုဟာ နဂိုရှိတဲ့မျိုးစိတ်တွေကနေ ပျောက်ကွယ်ခဲ့ပြီး အခုဆိုရင် အသက်အန္တရာယ် ခြိမ်းခြိမ်မှုခံနေရတယ် ယူဆထားကြပါတယ်။ လေယာဉ်ပေါ်ကနေ အစားအစာပစ်ချတဲ့နည်းက တိရစ္ဆာန်မျိုးစိတ် တော်တော်များများဆီ အစားအစာတွေ နှံ့နှံ့စပ်စပ်ရောက်နိုင်ပါတယ်။ ဒါက တောမီးကြောင့် တိရစ္ဆာန်တွေ အသက်ရှင်ဖို့လိုအပ်တဲ့ သဘာဝအစားအစာတွေ ဆုံးရှုံးခဲ့ရတဲ့အတွက် ဆာလောင်တဲ့ဒဏ်ကနေ တိရစ္ဆာန်တွေကို ကယ်တင်ပေးတဲ့ အားစိုက်မှုတစ်ခုပါပဲ။

တိရစ္ဆာန်မျိုးစိတ်တွေက လုံလောက်တဲ့ သဘာဝ အစားအစာအရင်းအမြစ်တွေနဲ့ ရေတွေ ပြန်ရလာတဲ့အထိ အစိုးရအဖွဲ့အစည်းတွေက အစားအစာတွေကို ထောက်ပံ့ပေးသွားဖို့ အစီအစဉ်ရှိပါတယ်။
စက်တင်ဘာလကတည်းက သြစတြေးလျနိုင်ငံမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် သေဆုံးခဲ့တဲ့ တောရိုင်းတိရစ္ဆာန် (၁) ဘီလျံရှိတယ်လို့ ခန့်မှန်းရပါတယ်။ ဆစ်ဒနီတက္ကသိုလ်ပါမောက္ခ ခရစ် ဒစ်ခ်မန်း (Chris Dickman) ကတော့ နယူး ဆောက်သ် ဝေးလ်ပြည်နယ်မှာတင် သေဆုံးခဲ့တဲ့တိရစ္ဆာန် စုစုပေါင်း သန်း (၈၀၀) ကျော်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Australia drops thousands of pounds of food from the sky to feed starving wildlife amid fires

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top