ဆရာမကြီးကြည်အေးရဲ့ မီနဲ့ ဒါရိုက်တာဏကြီးပုံဖော်တဲ့ မီကို သက်ဝင်ခံစားကြည့်ခြင်း

45852361_190966221793494_8028399555424813056_n.jpg

စာပေ၊ ရုပ်ရှင်နဲ့ အနုပညာအသိုင်းအဝိုင်းအပြင် စာရေး ဆရာမကြီး ကြည်အေးရဲ့ စာဖတ်ပရိသတ်တွေအနေနဲ့ပါ စိတ်ဝင်တစား စောင့်ကြည့်ရင်ခုန်နေရတဲ့ ‘မီ’ရုပ်ရှင်ဇာတ်ကားကြီးကို ၂ဝ၁၈ ခု၊ နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ရုံတင် ပြသနေပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇ဝ လောက်က ရှုမဝမဂ္ဂဇင်း (၁၉၄၈ ခု၊ ဇွန်လ) မှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ ‘မီ’ဟာ ဆရာမကြီး ကြည်အေးရဲ့ လက်ရာတွေထဲက ထင်ရှားတဲ့ဝတ္ထုတစ်ပုဒ်ဖြစ်ပြီး ဒါရိုက်တာ ဏကြီးက မီကို ရုပ်ရှင်အဖြစ်နဲ့ အသက်သွင်း ပုံဖော်ရိုက်ကူးခဲ့တာပဲဖြစ်ပါတယ်။

‘မီ’ဟာ ကြည်အေးရဲ့ လက်ရာတစ်ခုဖြစ်တာနဲ့တင် စိတ်ဝင်စားဖို့ကောင်းနေသလို ဒီလို လူသိများထင်ရှားတဲ့ ဆရာမကြီး(ကြည်အေး)ရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်ဖန်တီးပြနိုင်ခဲ့တဲ့ ဒါရိုက်တာ ဏကြီးရဲ့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ်ပြု ချီးကျူးဖို့ကောင်းတာအမှန်ပါပဲ။

လူငယ် ဒါရိုက်တာ ထူးပိုင်ဇော်ဦး၊ အာကာတို့အပါအဝင် အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်၊ အတတ်ပညာရှင် တော်တော်များများအနေနဲ့လည်း ကြည်အေးရဲ့ မီကို ရုပ်ရှင်အဖြစ် ပုံဖော်ထားတဲ့ ဏကြီးရဲ့မီ၊ ပိုင်ဖြိုးသုရဲ့ မီကို တော်တော်လေး ညွှန်းထားတာ တွေ့ရပါတယ်။ ဒီတော့ ပရိသတ်တွေရဲ့ ရှေ့တော်မှောက် ရောက်ရှိ ရုံတင်လာပြီဖြစ်တဲ့ ‘မီ’ကို ခံစားနားလည် စီးမျောမိသမျှ တင်ပြပေးလိုက်ချင်ပါတယ်။ အတိတ်တစ်ချိန်တုန်းက စာဖတ်သူတွေရဲ့ရင်ထဲကို ထူး ထူးခြားခြားနဲ့ ရှူးရှူးရှားရှားဖြစ်အောင် အသက်သွင်းနိုင်ခဲ့တဲ့ ကြည်အေးရဲ့ မီကို ပုံဖော်ခံစားကြည့်မယ်ဆိုရင်ပေါ့။

မီဟာလှတယ်။ ဒါပေမဲ့ မီ့မှာ အဲဒီ လှတာထက်ပို တာတစ်ခုလည်း ရှိသေးတယ်တဲ့။ မီဟာ ကျော်ဇောတယ်။ ပွဲလမ်းသဘင်တွေမှာ ထင်ရှားတယ်။ ဒီထက်ပိုပြီး ကြောက်ဖို့ကောင်းတာက မီဟာ ယောက်ျားတစ်ယောက်ကို ပေါ့ပေါ့းလေးနဲ့ သေစေနိုင်သူ ဖြစ်နေတာပါ။ ကြည်အေးရဲ့ ဝတ္ထုထဲမှာ ရူးရူးမိုက်မိုက်နဲ့ မီကြောင့် အသဲကွဲနေတဲ့ လူငယ်တစ်ယောက် စစ်ထဲဝင်လာရင်း တပ်ထဲမှာ သူ့အထက်က စီနီယာဖြစ်တဲ့ ကိုသော်ဆွေနဲ့ဆုံခဲ့တယ်။ မီကို စွဲလမ်းစိတ်ကြောင့် အရူးတစ်ပိုင်းဖြစ်နေတဲ့ မောင်ကိုလေးက သူနဲ့ မီအကြောင်းတွေအားလုံး ကိုသော်ဆွေကို ရင်ဖွင့်ပြခဲ့ရာကနေ မီဟာ သော်ဆွေနဲ့ပါ မတွေ့မမြင်ဖူးဘဲ ရင်းနှီးလာတယ်။ နောက် တိုက်ပွဲတစ်ခုမှာ မောင်ကိုလေး ကျဆုံးသွားတယ်။ သော်ဆွေကလည်း စစ်ကြီးပြီးသွားတာနဲ့ တပ်ကနေ ထွက်လိုက်တယ်။ အဲဒီနောက် ရန်ကုန်ကိုရောက်တဲ့ အချိန်မှာ သော်ဆွေနဲ့ မီတို့ရဲ့ ပတ်သက်ဆက်နွယ်မှု ဇာတ်ရှိန်တွေ မြင့်လာတော့တာပါပဲ။

ဝတ္ထု(စာအုပ်)ထဲမှာ သော်ဆွေနဲ့ မောင်ကိုလေးတို့ တပ်ထဲမှာ ဆုံဖြစ်ခဲ့ကြပေမဲ့ ဒါရိုက်တာ ဏကြီးရဲ့ ရုပ်ရှင်ထဲမှာတော့ သစ်ထုတ်လုပ်ရေးစခန်းတစ်ခုမှာ သူတို့နှစ်ဦးကို ပေးတွေ့ထားပြီး မီရဲ့ပယောဂကြောင့် မောင်ကိုလေးက ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့တာပါ။ မောင်ကိုလေးဖြစ်ပျက်ခဲ့တဲ့ Accident ကြောင့် အလုပ်ပြုတ်ခဲ့ရတဲ့ သော်ဆွေရဲ့ ပါးစပ်ဖျားက စကားတစ်ခွန်းထွက်လာပါတယ်။ ‘ကျွန်တော် မီ့ကို အပြင်မှာ တောင် မမြင်ဖူးသေးဘူး။ ကျွန်တော့်ကို ဒုက္ခကောင်းကောင်းပေးနေပြီ’။

မီဆိုတာ သူနဲ့ပတ်သက်တဲ့ ပုရိသတိုင်းကို အဲဒိလို ကောင်းကောင်းဒုက္ခပေးတတ်မှန်း သိကြပေမဲ့ ပတ်သက်ခဲ့သမျှ ပုရိသတိုင်းလိုလိုဟာလည်း မီရဲ့ စက်ကွင်းကို လွတ်အောင် မရှောင်နိုင်ပြန်ပါဘူး။ မီရဲ့ ဖျော့တော့တဲ့အလှက ယောက်ျားတွေကို မချိတရိ ဖြစ်စေနိုင်တယ်တဲ့။ နောက်ပြီး ညစ်ညမ်းတဲ့ အဓိပ္ပာယ်နဲ့ မျက်စပစ်တတ်သူ ယောက်ျားတွေရဲ့ ပါးစပ်ဖျားထဲမှာ အလှဘုရင် မာယာရှင်မလေး မီကို ရှာဖွေတွေ့နိုင်ပါတယ်တဲ့။ ဒီလို သတင်းစကားတွေအတိုင်းပဲ အင်္ဂလိပ်ကပွဲတွေ ပေးတဲ့ ဟိုတယ်တစ်ခုထဲက ပရိသတ်ထဲမှာ ခပ်ချေချေလေး မီကို သော်ဆွေတစ်ယောက် ဆိုက်ဆိုက်မြိုက်မြိုက်ကြီး တွေ့ပါတော့တယ်။

အထက်တန်းလွှာ လူ့အသိုင်းအဝိုင်းရဲ့ ပါးစပ်ဖျားတွေကြား ရေပန်းစားနေဆဲ့ မီဟာ မောင်ကိုလေးနဲ့တွေ့တုန်းက လောကကို ရွဲ့နေတဲ့ သနားစရာမီဖြစ်ခဲ့ပြီး သော်ဆွေနဲ့ဆုံ ပြန်တော့လည်း အသက်သုံးဆယ်အရွယ် လူတစ်ယောက် ရဲ့ ရင်ဘတ်ပေါ် ပျော့ကွေးကျလာတဲ့ တွယ်ရာမဲ့နေသော မီ ဖြစ်နေပြန်ပါရောလား။ မီ့ကို အပြင်မှာ တစ်ခါမှမတွေ့ဖူးခင်ကတည်းက ဘိန်းစွဲသလို စွဲနေခဲ့တဲ့ သော်ဆွေဟာ ပထမတုန်းကတော့ သူ့ သူငယ်ချင်း၊ သူ့ညီကိုသတ်တဲ့ မိန်းမရိုင်းတစ်ယောက်အနေနဲ့ မီ့ကို အမုန်းစိတ်၊ နာကျည်းစိတ်၊ သံသယစိတ်တွေနဲ့ ချဉ်းကပ်ခဲ့တာ မှန်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ မီရဲ့ အညု၊ မီရဲ့အလှ၊ မီရဲ့အပြောတွေမှာ သော်ဆွေ မျောပြီး လောကကြီးအပေါ် မထူးစိတ်ပိုက် အရွဲ့တိုက်နေတဲ့ မီကို သူကျင်လည်နေကျ အသိုင်းအဝိုင်းထဲကနေ ဆွဲထုတ် ကယ်တင်ဖို့အထိ ကြိုးစားလာပါတော့တယ်။

ငယ်ရွယ်စဉ်ကတည်းက အင်္ဂလိပ်သီလရှင်ကျောင်းကို ပို့ထားခြင်းခံရတဲ့ မီဟာ ကျောင်းကနေ ထွက်လာတော့လည်း မိဘအသိုင်းအဝိုင်းနဲ့ နေခွင့်မရပြန်ပါဘူး။ ကျောင်းကထွက်လာပြီး မိခင်ဖြစ်သူနဲ့ နေရမယ့်အချိန်မှာ ပထွေး ရန်ကြောင့် မိန်းကလေးတန်မဲ့ တစ်ကိုယ်တော်ဘဝကို ကြမ်းတမ်းနွမ်းလျစွာ လျှောက်လှမ်းရပြန်ပါတယ်။
သူ့အသက် ၁၅ နှစ်၊ ဆယ်တန်းအောင်လို့ ကျောင်း ကနေထွက်လာတဲ့အချိန် မီ့လက်ထဲမှာ ငွေအစိတ်ပဲရှိပြီး ဒီလိုနဲ့ ဘဝကို ကြုံသလိုဖြတ်သန်းရင်း အလုပ်တွေ တစ်ခုပြီးတစ်ခုပြောင်းလိုက်၊ ဈေးပေါပေါနဲ့ ခြေတော်တင် စော်ကားချင်တဲ့ ကျားတွေရဲ့ ရန်ကြောင့် ထွက်ပြေးလိုက်နဲ့ အခက်ထန်ဆုံးဘဝကို မီဖြတ်သန်းခဲ့ရတာပါ။ ယောက်ျားတွေတစ်ယောက်ပြီးတစ်ယောက် သူ့ကြောင့် ဒုက္ခရောက်နေရင်ကို မီဟာ ပျော်နေတတ်သူလို့ ဝိုင်းပြောကြပေမဲ့ တကယ်တမ်း အရွယ်ငယ်ငယ်လေးနဲ့ ယောက်ျားတစ်ယောက်ရဲ့ ဖျက်ဆီးခြင်းကို ခံခဲ့ရသူက မီရယ်ပါ။

ဒီလိုဆိုတော့လည်း လောကကြီးကို အရွဲ့တိုက်လိုမှု၊ ယောက်ျားတွေအပေါ် နာကျည်းမှု၊ ကလဲ့စားချေလိုမှုတွေ နဲ့ ဘာကိုမှ ဂရုမစိုက်၊ အလေးမထားတတ်တဲ့ မီဖြစ်လာတော့တာပဲပေါ့။ မီဟာ ဆေးလိပ်တွေ မနားတမ်းသောက်၊ သွေးတွေ မကြာခဏအန်ပြီး သူ့ကိုယ်သူလည်း သေလူတစ်ယောက်လို အမြဲတမ်း တွေးထားသူပါ။ သော်ဆွေကတော့ မြို့အုပ် ဦးဘချစ်တို့၊ သူဌေးဦးတင်မောင်တို့လို လူတွေခေါ်ရာ နောက် ကောက်ကောက်ပါအောင် မီလိုက်သွားတဲ့အခါတိုင်း ဒေါသစိတ်ရိုင်းတွေ ဝင်ပြီး မီ့ကြောင့် ဒေါသမီး၊ အချစ်မီး တွေ ပူလောင်ခဲ့ရသူပေါ့။

ဆရာမကြီး ကြည်အေးရဲ့ မီကို ရုပ်ရှင်အဖြစ် ဖန်တီး ပုံဖော်တဲ့နေရာမှာ ဒါရိုက်တာ ဏကြီးရဲ့ ဆက်တင်အပြင်အဆင်၊ နောက်ခံအခင်းအကျင်းတွေက တကယ့်ကို လွန်ခဲ့တဲ့ နှစ် ၇ဝ လောက်က အခြေအနေ၊ အခင်းအကျင်းတစ်ခုဆီ ဆွဲခေါ်သွားနိုင်သလို ဆေးလိပ်ဗူး၊ ဆေးတံ၊ သတင်းစာ၊ တာရာမဂ္ဂဇင်း၊ ကား၊ အဝတ်အစားစတဲ့ ဇာတ်ဝတ်ခန်းအသုံးအဆောင်ပိုင်းနဲ့ပတ်သက်ပြီးလည်း ခြောက်လလောက် အချိန်ယူပြင်ဆင်ထားတာကြောင့်ပြောစရာမလိုအောင် သက်ဝင် ထောင့်စေ့နေပါတယ်။

ကြည်အေးရဲ့ မီဇာတ်ရုပ်ကို ရွေးချယ်ပြီးချိန်ကတည်းက တစ်နှစ်လောက် ပြင်ဆင်ခဲ့ပြီး သူ့ကိုယ်သူလည်း မီအဖြစ်နဲ့ နေထိုင်ပစ်လိုက်တယ်လို့ဆိုထားတဲ့ ပိုင်ဖြိုးသုရဲ့ သရုပ်ဆောင်ချက်တွေကလည်း တကယ့်ကို သွေးအေးတဲ့ မီ၊ ခေါင်းမာတဲ့ မီ၊ ဆေးလိပ်မီးခိုးတွေကြား လူးလွန့်နေတဲ့ မီ၊ သေခြင်းတရားကိုတောင် ဟားတိုက်စိန်ခေါ်ပြနေတဲ့ မီရဲ့ မျက်နှာပေး၊ အမူအကျင့်တွေနဲ့ ဏကြီးရဲ့ မီစစ်စစ် ဖြစ်ခဲ့ပါတယ်။ (တချို့ အပြောအဆိုနဲ့ စကားလုံးအသုံးအနှုန်း အနည်းအကျဉ်းလေးမှာတော့ စကားလုံးတိုင်းကို အကျစ်လျစ်ဆုံးနဲ့ စိတ္တဇဆန်ဆန် ပုံဖော်ထားတဲ့ ကြည်အေး ရဲ့မီက ဒါရိုက်တာဏကြီးရဲ့ မီထက် ပိုပြီး အေးစက်၊ မာကျော၊ ခေါင်းမာနေသလား အတွေးဝင်မိတာလေးတော့ ရှိပါတယ်)။

မိန်းမကိစ္စမှာ နာမည်ကြီးတဲ့ သူဌေးဦးတင်မောင်ဟာ မီကို သူ့ရဲ့စက္ကရီတေရီခန့်ထားသလို သူ့အိမ်မှာပဲ မီ့အတွက် နေစရာပေးထားပါတယ်။ ဦးတင်မောင်နဲ့ အမြဲတမ်းပြိုင်နေတဲ့ မြို့အုပ် ဦးဘချစ်ဟာလည်း မီ့ကို အပိုင်ချိုင်ဖို့ ကြိုးစားနေသူပါ။ ဒါပေမဲ့ ကွယ်ရာမှာတော့ သူတို့နှစ်ဦးစလုံးကို မီက နွားကြီးနှစ်ကောင်လို့ ပြောပြီး ဟားတိုက်နေတတ်ပါတယ်။ နောက်ဆုံးကျတော့ မီကို စော်ကားဖို့ကြံခဲ့တဲ့ ဦးတင်မောင်လည်း အသေဆိုးနဲ့သေ၊ မြို့အုပ်ဦးဘချစ်လည်း အလုပ်ပြုတ်၊ ဒုက္ခရောက်နဲ့ မီနဲ့ပတ်သက်သူတွေအားလုံးအတွက် အဆုံးသတ်ဟာ ဘယ်လိုမှ မကောင်းခဲ့ပါဘူး။

‘မီ့ကို ဘယ်သူမှ ထိန်းချုပ်လို့မရဘူးဗျ။ ထိန်းချုပ်ဖို့ ကြိုးစားလေလေ ပိုပြီးတော့ …။ ခင်ဗျား သူ့အနားမှာ ကြာကြာနေရင် သူ့ကို ချုပ်ဖို့ မကြိုးစားပါနဲ့’လို့ ဦးတင်မောင် သတိပေးခဲ့ပေမဲ့ မီ့အပေါ်ကို ကြောက်စိတ်၊ ချစ်စိတ်၊ တပ်မက်စိတ်၊ ရွံရှာစိတ်တွေနဲ့ အမျိုးမျိုး မရုန်းနိုင်အောင် တွယ်ငြိသွားတဲ့ သော်ဆွေကတော့ မီရဲ့နောက်ဆုံးအချိန်တွေအထိ အကောင်းဆုံးအဖော်မွန်အဖြစ်နဲ့ ရှင်သန် ရည်တည်ပေးသွားခဲ့တာပါ။ ဒီနေရာမှာလည်း မီဆိုတဲ့ မိန်းမ တစ်ယောက်ကြောင့် အရူးမီးဝိုင်းဖြစ်ပြီး မွှန်ထူနေတဲ့ သော်ဆွေနေရာမှာ နေတိုးက သူ့ဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်ရင်း မီကို အကောင်းဆုံးပံ့ပိုးပေးသွားနိုင်တာ တွေ့ရပါတယ်။
လောကကြီးက သူ့ကိုဒဏ်ခတ်လိုက်၊ သူကိုယ်တိုင်က သူ့ကိုယ်သူ ဒဏ်ခတ်လိုက်နဲ့ ဘဝခရီးလမ်းတစ်လျှောက်လုံး မောရ၊ မျောရရှာတဲ့ မီရဲ့နောက်ဆုံးအချိန်ထိ သော်ဆွေတစ်ယောက် အကောင်းဆုံးပေးဆပ်ဖြည့်ဆည်းပေးခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်သူ့အတွက်မှ မီဖြစ်နေတာမဟုတ်ဘဲ သူ့အတွက်သူပဲ မီဖြစ်နေတဲ့ မီကတော့ သေခြင်းတရားရဲ့ ပွေ့ဖက်နမ်းရှိုက်ခြင်းကို ခံယူသွားရတဲ့နောက်ဆုံးအချိန်ထိ သော်ဆွေအတွက် တွေးစရာတွေ၊ ပဟေဠိတွေ၊ နားမ လည်ခြင်းတွေကို ချန်ထားသွားခဲ့ပါတယ်။ ဟိုး လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ဆရာမကြီးကြည်အေးရဲ့ မီဟာ ကျွန်တော်တို့အတွက် ခုချိန်ထိ မရိုးနိုင်တဲ့ မီဖြစ်ခဲ့ရသလို ဒါရိုက်တာ ဏကြီးရဲ့ မီဟာလည်း ရုပ်ရှင်ဖန်သားပြင်ပေါ်က တကယ့်မီစစ်စစ် ဖြစ်ခဲ့တယ်လို့သာ ရှုမြင်ခံစားရပါကြောင်း။

ဒီနေသစ် (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top