မြောက်ကိုရီးယားကနေ ထွက်ပြေးပြီး YouTube star ဖြစ်လာခဲ့သူ

5-9-2022-yyl20.png

မြောက်ကိုရီးယားမှာ ကြီးပြင်းလာခဲ့တဲ့ ကန်နာရာအတွက် အင်တာနက်ဆိုတာ ဘာမှန်းတောင် မသိ။ သူနဲ့ သက်တူရွယ်တူတွေထဲမှာလည်း ကြေးရတက်မိသားစုဝင်တွေလောက်ပဲ ထိန်းချုပ်မှုများလွန်းတဲ့ ဒေသတွင်းသုံး ကွန်ရက်(intranet) သုံးနိုင်ကြတယ်။ သူတို့တွေအတွက် YouTube၊ Instagram၊ နဲ့ Google ဆိုတာ တခြားဂြိုဟ်မှာရှိတာလားလို့ မေးရမယ့်အထိပဲ။

ဒါပေမဲ့ အခုချိန်မှာတော့ ကန်နာရာက YouTube star တစ်ယောက် ဖြစ်နေပြီ။ သူ့ချန်နယ်က subscriber ၃၅၀,၀၀၀ ကျော် ရှိတယ်။ သူ့တချို့ဗီဒီယိုတွေဆိုရင် ကြည့်ရှုမှုအကြိမ်ရေ သန်းချီရှိတယ်။ အင်စတာဂရမ်အကောင့်ဆိုရင်လည်း follower ၁၃၀,၀၀၀ ကျော် ရှိပြီး Chanel ၊ Puma တို့လို ကမ္ဘာကျော် အမှတ်တံဆိပ်တွေရဲ့ ကြော်ငြာတွေပဲ ရနေပြီ။

သူက မြောက်ကိုရီးယားကနေ ထွက်ပြေးပြီး တောင်ကိုရီးယားကို ရောက်လာခဲ့လို့သာ YouTuber၊ influencer တစ်ယောက် ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေက မြောက်ကိုရီးယားနိုင်ငံအကြောင်း၊ မြောက်ကိုရီးယားနိုင်ငံသားတွေရဲ့ နေ့စဉ်ဘဝ၊ အစားအသောက်နဲ့ ဘန်းစကားတွေအကြောင်း ဗီဒီယိုတွေ တင်ကြတယ်။

ကန်နာရာကတော့ ၂၀၁၄ ခုနှစ်တုန်းက ဆယ်ကျော်သက်ဘဝမှာ တောင်ကိုရီးယားကို ထွက်ပြေးလာခဲ့တာပါ။ သူ့အမေရှိရာပေါ့။ သူ့အမေက သူ့အရင် ထွက်ပြေးခဲ့သူ။ စစချင်းတော့ အထီးကျန်ဆန်မှု၊ ယဉ်ကျေးမှုကွာဟချက်၊ ငွေကြေးအခက်အခဲတွေကြောင့် ကန်နာရာအတွက် ခက်ခဲခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ အလုပ်အကိုင်ရဖို့ဆိုတာ ပြိုင်ဆိုင်မှု ပြင်းထန်လွန်းတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေဟာ အရင်းရှင်ဆန်တဲ့ လူ့အဖွဲ့အစည်း၊ ဒေသခံတွေရဲ့ မုန်းတီးမှုတွေနဲ့လည်း အသားကျဖို့ ကြိုးစားယူရပါတယ်။ တောင်ကိုရီးယားမှာ ပုံမှန်အားဖြင့် အလုပ်လက်မဲ့နှုန်း ၄ ရာခိုင်နှုန်းပဲရှိပေမဲ့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူ ၉.၅ ရာခိုင်နှုန်းကတော့ တောင်ကိုရီးယားမှာ အလုပ်လက်မဲ့ ဖြစ်နေကြပါတယ်။

မြောက်ကိုရီးယားကနေ ထွက်ပြေးလာတဲ့ တခြားသူတွေနဲ့အတူ ကျောင်းတက်ခွင့်၊ နှစ်သိမ့်ဆွေးနွေးမှု ရရှိခဲ့တာက ကန်နာရာအတွက် အပြောင်းအလဲလို့ ဆိုရမယ်။ ဒါပေမဲ့ အဓိကအလှည့်အပြောင်းကတော့ မြောက်ကိုရီးယားပြည်ပြေးတွေရဲ့ ဘဝအကြောင်း ထုတ်လွှင့်တဲ့ တောင်ကိုရီးယားရုပ်သံလိုင်းမှာ ပါဝင်ခွင့် ရခဲ့တာပါပဲ။

မြောက်ကိုရီးယားပြည်ပြေးတွေနဲ့ပတ်သက်ပြီး အထင်ရှားဆုံး ရုပ်သံရှိုး ၂ ခုဖြစ်တဲ့ Now On My Way To Meet You နဲ့ Moranbong Club ရှိုး ၂ ခုလုံးမှာ ကန်နာရာ ပါဝင်ခွင့် ရခဲ့တယ်။ အဲဒီအချိန်ကစပြီး သူက YouTube ဗီဒီယိုတွေကို မျက်စိကျခဲ့တယ်။ အထူးသဖြင့် မိတ်ကပ်၊ အလှအပနဲ့ ဖက်ရှင်အကြောင်းပေါ့။ ၂၀၁၇ မှာတော့ ကန်နာရာက တစ်စစ လူသိများလာတာကို အရှိန်ယူပြီး ” သူ့ရဲ့နေ့စဉ်ဘဝအကြောင်း ” ကိုယ်ပိုင်ချန်နယ် လွှင့်တင်ခဲ့တာပါ။

သူ့ရဲ့ YouTube ဗီဒီယိုတော်တော်များများမှာတော့ တောင်နဲ့ မြောက် ကိုရီးယား(၂)နိုင်ငံကြားက ကွဲပြားခြားနားမှုတွေကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမော နှိုင်းယှဉ်ပြထားတာပါ။ ဗီဒီယိုတစ်ခုထဲမှာဆိုရင် ကန်နာရာက ” မြောက်ကိုရီးယားမှာဆိုရင် ရင်သားကြီးတာကို ကောင်းတဲ့ကိစ္စလို့ မထင်ကြဘူး။ တောင်ကိုရီးယားမှာ ရင်သားတုပါတဲ့ ဘရာစီယာတွေ၊ ရင်သားပြင်ဆင်ခွဲစိတ်မှုတွေ လုပ်ကြတာတွေ့တော့ ကျွန်မ အရမ်းအံ့သြသွားတယ်”လို့ ပြောခဲ့ဖူးပါတယ်။

တခြားဗီဒီယိုတွေထဲမှာတော့ မြောက်ကိုရီးယားကနေ ထွက်ပြေးလာသူတွေ အများဆုံးယူဆောင်လာလေ့ရှိတဲ့ပစ္စည်းတွေအကြောင်း ပြောထားပါသေးတယ်။ (ကံကောင်းခြင်းအဆောင်အဖြစ် ဆား၊ အလွမ်းပြေကြည့်လို့ရအောင် မိသားစုဓာတ်ပုံ၊ ဖမ်းမိတာနဲ့ သောက်ဖို့ ကြွက်သတ်ဆေးတွေ ယူလာလေ့ရှိတယ်လို့ ဆိုပါတယ်)

သူ့ရဲ့ YouTube ချန်နယ်ရော၊ အင်စတာဂရမ်ရော အောင်မြင်မှုတွေ ရရှိခဲ့လို့ ကန်နာရာက စီမံခန့်ခွဲမှုအေဂျင်စီ ၃ ခုကို အပ်ထားရပြီး ဗီဒီယိုထုတ်လုပ်သူတွေကိုပါ ငှားထားရပါတယ်။ ကန်နာရာက အသက် ၂၅ နှစ်အရွယ် ရှိနေပြီး ပုံမှန်ဝင်ငွေလည်း ရှိနေပါပြီ။ သူ့အနေနဲ့ တချိန်ချိန်မှာတော့ မြောက်ကိုရီးယားကို ပြန်သွားချင်တယ်။ သူ့ကို အားပေးသူတွေထဲမှာ မြောက်ကိုရီးယားလူငယ်တွေ ပိုများလာစေချင်ပြီး လူငယ်တွေရဲ့အားနဲ့ ကိုရီးယားနှစ်နိုင်ငံကို ပြန်လည်ပေါင်းစည်းစေချင်တယ်လို့ ကန်နာရာက ဆိုပါတယ်။

Instagram

YouTube

Ref: The North Korean defector who became YouTube star

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top